“ပန်ဆယ်လို ဘာလဲ? ဘယ်လဲ?..”

မနေ့က တစ်မနက်လုံး လိုင်းမသုံးဖြစ်တော့ ဖေ့ဘုတ်ပေါ်က သတင်းတွေ၊ ပွဲတွေကို လွတ်သွားခဲ့တယ်။

အဲဒီ့အထဲမှာ လူပြောများသွားတဲ့ပွဲတွေထဲ

“ပန်ဆယ်လို အမေရိကန်ရောက်သွားတဲ့ပွဲ” လည်း ပါပါတယ်။

ပန်ဆယ်လို အမေရိကန်ရောက်သွားတဲ့အပေါ်

မြောက်မြန်မာပြည်သား(စစ်ခွေးတွေ၊ ဘောမတွေ) က ဆွေ့ဆွေ့ခုန် ဒေါသထွက်ကြတယ်။

ကြိိတ်မနိုင်ခဲမရ ဖြစ်နေကြတယ်။ သူတို့လက်က လွတ်မြောက်သွားတာကို မခံမရပ်နိုင်ဖြစ်နေကြတယ်။

ဘာမှမတတ်နိုင်တော့တဲ့အခါ ထုံးစံအတိုင်း တော်လှန်ရေးသမား

(လက်နက်ကိုင်တိုက်ပွဲဝင်နေသူ၊ PDF လူငယ်တွေ၊ CDM ဝန်ထမ်းတွေ) နဲ့ ရန်တိုက်ကြတယ်။ သွေးခွဲကြတယ်။

“နင်တို့ကသာ ဘဝတွေနဲ့ရင်းပြီး တော်လှန်နေကြတာ၊

ဟိုကောင်မက အမေရိကန်ရောက်ပြီး ကြီးပွားနေပြီ။ ဒေါ်လာစားနေပြီ။

လေနဲ့လုပ်စားပြီး လွတ်ရာပြေးသွားပြီ။ နင်တို့ရင်းရတာ တန်ရဲ့လား”… ဘာညာ ပေါ့ ။

ပန်ဆယ်လို နဲ့ ပတ်သက်ပြီး မြောက်မြန်မာပြည်သားတွေ ဖြစ်ပျက်ပြောဆိုနေကြတာ အဆန်းမဟုတ်ပါဘူး။

အစကတည်းက ပန်ဆယ်လိုရဲ့ ရပ်တည်ချက်နဲ့ ရေးသားချက်တွေဟာ

သူတို့အရှိုက်ကိုထိုး၊ အမြှီးကိုနင်း၊ နှုတ်သီးဖြတ်ရိုက်သလိုမျိုး ဖြစ်နေတာမို့

အမုန်းကြီးမုန်းကြတာ မထူးဆန်းပါဘူး။ တိုက်ခိုက်တာလည်း မထူးဆန်းပါဘူး။

ထူးဆန်းတာက ပန်ဆယ်လို အမေရိကန်ရောက်သွားတဲ့အပေါ်

တော်လှန်ရေးသမားတွေကပါ အမြင်မကြည်ဖြစ်၊ အထင်လွဲ၊ ဝေဖန်တိုက်ခိုက်နေကြတော့ အံ့အားသင့်မိတယ်။

အဲဒါကြောင့်လည်း ဒီစာကိုရေးဖို့ဆုံးဖြတ်လိုက်တာပါ။

တချို့ဆိုရင် ” ပန်ဆယ်လို အမေရိကန်ရောက်သွားတာဟာ တော်လှန်ရေးကို အကြီးအကျယ်ထိခိုက်စေတယ်။

တကယ်လုပ်နေသူတွေကို စိတ်ဓာတ်ကျစေတယ်။

ဒီမိန်းမ လုပ်စားသွားတယ်” ဆိုတာမျိုးတွေ ရေးကြပါတယ်။

အကောင့်တွေကြည့်လိုက်တော့ အတုတွေမဟုတ်ဘူး အစစ်တွေ။

ပြီးတော့ ယောကျာ်းလေးတွေများတယ်။

အဲဒီ့လိုတင်ထားတဲ့စာတွေကို တချို့က screenshot (SS) ရိုက်ပြီးတော့ ပို့ကြသလို၊

တချို့က link တွေပါ ပို့ကြတယ်။ ကျွန်တော် တော်တော်လေး အံ့အားသင့်သွားတယ်။

တစ်ဖက်က တိုက်ခိုက်တာကို လျစ်လျူရှုနိုင်ပေမယ့်၊ အဖက်မလုပ်ပေမယ့်

ကိုယ့်အချင်းချင်း တိုက်ခိုက်နေတာမျိုးကြတော့ မနေနိုင်တော့ဘူး ။

ကျွန်တော့်အမြင်ပြောရရင် “ပန်ဆယ်လို အမေရိကန်ရောက်သွားတာဟာ ဝမ်းသာစရာပါ။

သူ လွတ်မြောက်သွားတာကို ဝမ်းသာပေးရမှာ။

ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ အရေးအသားတွေ၊ ပို့စ်တွေကြောင့် စစ်တပ်ဟာ သူ့ကို မြေလှန်ရှာနေတာကြာခဲ့ပြီ။

အလိုချင်ဆုံးစာရင်းထဲမှာ ပန်ဆယ်လို ပါတယ်။

တကယ်လို့ အဖမ်းခံခဲ့ရရင် အသက်ရှင်ဖို့မလွယ်ဘူး။

နှိပ်စက်ညှဉ်းပန်းပြီး သတ်ပစ်ကြမှာ။

မသတ်ခင် မတော်မတရားမလုပ်ရင် ကံကောင်းလို့ ပြောလို့ရတယ်။

အဲဒီ့တော့ သူ လွတ်မြောက်သွားတာ ဝမ်းသာစရာလို့ မှတ်ယူရမှာပါ။

တချို့ဝေဖန်ကြတဲ့ နောက်တစ်ချက်က

“သူ့အနေနဲ့ လွတ်မြောက်နယ်မြေကို မပြေးဘဲ ဘာလို့ အမေရိကန်အထိပြေးလဲ” ဆိုတဲ့ အချက်ကို သုံးသပ်ရရင်

သူယုံကြည်စိတ်ချရတဲ့သူတွေ၊ ကူညီပေးမယ့်သူတွေဟာ အမေရိကန်မှာရှိနေတာကတစ်ကြောင်း၊

သူ့အနေနဲ့ လွတ်မြောက်နယ်မြေမှာ လက်နက်မကိုင်ချင်တဲ့အတွက်

သူပိုပြီးစိတ်ချမိတဲ့နေရာ (အမေရိကန်)ကို တိမ်းရှောင်သွားတယ်လို့ သုံးသပ်မိပါတယ်။

ဒီနေရာမှာလည်း တစ်ခုရှင်းပြလိုပါသေးတယ်။

တချို့လူတွေပြောပြောနေတဲ့ “အဲကွန်းအခန်းထဲကနေ လေမကျယ်နဲ့။ မြှောက်မပေးနဲ့။

သတ္တိရှိရင် လက်နက်ကိုင်ပြီး တိုက်ပွဲဝင်” ဆိုတဲ့ စကားနဲ့ ပတ်သက်ပြီးတော့ပါ ။

လူတွေမှာ အားသန်တဲ့အပိုင်း၊ အားနည်းတဲ့အပိုင်းတွေ ကိုယ်စီရှိကြပါတယ်။

ဆန္ဒပြတဲ့အပိုင်းမှာ ကျွမ်းကျင်တဲ့သူ၊ လက်နက်ကိုင်တိုက်ပွဲဝင်တဲ့နေရာမှာ ထူးချွန်သူ၊

အွန်လိုင်းပေါ်ကနေ တော်လှန်ရေးစာပေရေးသားသူ/လှုံ့ဆော်သူ (keyboard fighter)၊

နောက်ကွယ်ကနေ ငွေကြေးကိစ္စ ထောက်ပံ့ပေးသူ စသဖြင့် ကွဲပြားကြပါတယ်။

သူ့နေရာနဲ့သူ အားလုံးဟာ အရေးပါကြပါတယ်။

ပန်ဆယ်လိုဟာ keyboard fighter တစ်ယောက်ပါ။

အစကတည်းက သူဟာ ဒီအပိုင်းမှာ ကျွမ်းကျင်တယ်။

တခြားအပိုင်းတွေမှာ သူမကျွမ်းကျင်ကြောင်း ရိုးရိုးသားသားဝန်ခံဖူးပါတယ်။ ပို့စ်တင်ဖူးပါတယ်။

အဲဒီတော့ keyboard fighter တစ်ယောက်ဆီက ဘာတွေများ ထပ်ပြီး မျှော်လင့်ကြဉီးမှာလဲ။

သူ ဘာတွေထပ်လုပ်ပေးမှ ကျေနပ်ကြမှာလဲ။

အမေရိကန်ကနေပြီးတော့ရော တော်လှန်ရေးစာပေတွေ ရေးနေလို့မရဘူးလား။

အခုလည်းရေးနေတာပဲမဟုတ်လား။

ပြီးတော့ သူ့ရဲ့လုပ်အားဟာ တခြား ဆယ်လီတွေအများကြီးရဲ့ လှုံ့ဆော်အားထက်

ပိုပြီးထိရောက်တယ်ဆိုတာကို မေ့မထားသင့်ပါဘူး။

ဘယ်လောက်အထိ ထိရောက်သလဲဆိုရင် သူပို့စ်တစ်ခုတင်တိုင်း စစ်ခွေးတွေ၊

ဘောမတွေ အုံနဲ့ကျင်းနဲ့ ဝိုင်းကိုက်နေကြတာကိုကြည့်ရင် သိနိုင်ပါတယ်။

မြဝတီတို့၊ မြန်မာ့အသံတို့မှာ ကြေညာနေတာကိုကြည့်ရင် သိနိုင်တယ်။

လက်ကမ်းစာစောင်တွေဖြန့်ပြီး ပန်ဆယ်လိုမကောင်းကြောင်းတွေဖြန့်နေတာကို ကြည့်ရင် သိနိုင်ပါတယ်။

အဲဒီ့တော့ သူ့ကို နားလည်ပေးဖို့နဲ့ အချင်းချင်း တိုက်ခိုက်နေတာ၊ လှောင်ပြောင်နေတာကို ရပ်ပေးကြပါလား။

ဒီအချိန်ဟာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု(Personal Attack – PA) လုပ်ရမယ့်အချိန် မဟုတ်ပါဘူး။

အရမ်း PA လုပ်ချင်ရင်လည်း အရေးတော်ပုံအောင်ပြီးမှသာ လုပ်ကြပါ။

“မင်းက ဘာဖြစ်လို့ ပန်ဆယ်လိုဘက်က ရှေ့နေလိုက်ပေးနေတာလဲ။

မင်းက သူနဲ့ ဘယ်လိုပတ်သက်လဲ။ မင်းက ဘာကောင်လဲ” ဆိုပြီး တချို့က မေးခွန်းထုတ်လာနိုင်ပါတယ်။

ကျွန်တော် ဒီစာကိုရေးတာ အချင်းချင်း သွေးမကွဲဖို့နဲ့၊ တော်လှန်ရေးအောင်မြင်စေချင်လို့သာ ဖြစ်ပါတယ်။

ပန်ဆယ်လိုနဲ့ ကျွန်တော်နဲ့ အပြင်မှာလည်း မသိပါဘူး။

အွန်လိုင်းပေါ်မှာလည်း မရင်းနှီးပါဘူး။

တော်လှန်ရေးကာလမှာ သူ့ရဲ့ ရပ်တည်ချက်နဲ့ အရေးအသားတွေကို သဘောကျမိသူတစ်ယောက်ပါပဲ။

စစ်အာဏာရှင်စနစ်ကို ရွံမုန်းကြတာချင်းလည်း တူပါတယ်။

ကျွန်တော် ဘာကောင်လဲဆိုရင် ဘာကောင်မှတော့ မဟုတ်ပါဘူး။

တော်လှန်ရေးကို ကလေးကစားစရာလိုမဟုတ်ဘဲ

စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ဆောင်နေသူတစ်ယောက်ဆိုတာတော့ အခိုင်အမာပြောနိုင်ပါတယ်။

ကျွန်တော်က ဌာနဆိုင်ရာဝန်ထမ်းတစ်ယောက်ပါ။

ရာထူးအားဖြင့် လက်ထောက်ညွှန်ကြားရေးမှူးပါ။

လုပ်သက် (၈)နှစ်အတွင်းမှာ ဒီရာထူးကိုရဖို့၊ ကျွန်တော့်အသက်အရွယ်နဲ့ ဒီရာထူးကိုရဖို့

ကျွန်တော် တအားကြိုးစားခဲ့ရပါတယ်။

အခု CDM လုပ်တဲ့အတွက် စစ်ကောင်စီရဲ့ အလုပ်ဖြုတ်ခံထားရတဲ့ဝန်ထမ်းတစ်ယောက်ပေါ့။

ဆိုလိုချင်တာက ကျွန်တော်တန်ဖိုးထားတဲ့ရာထူးကို စွန့်လွှတ်ထားရပါတယ်။

ပြီးတော့ နိုင်ငံခြားပညာတော်သင်ပြန်လာပြီး ပိုလျှံလာတဲ့ ဒေါ်လာတွေကို ကျစ်ကျစ်ပါအောင်စုထားခဲ့ပေမယ့်

တခြား ခက်ခဲနေတဲ့ CDM ဝန်ထမ်းတွေကို ကူညီနိုင်ဖို့အတွက် ဒီကာလမှာ ထုတ်ရောင်းခဲ့ပါတယ်။

အဲဒီ့တော့ ကျွန်တော့်ပိုင်ဆိုင်မှုဟာ Nothing ပါ ။

၂၀၂၀ ခုနှစ်၊ ဇွန်လကနေစပြီး ကျွန်တော့်ရဲ့ တစ်လဝင်ငွေဟာ (အစိုးရဝန်ထမ်းလစာမပါ)

တစ်လ ၁၀ သိန်းဝန်းကျင်ရှိပါတယ်။

ဌာနကနေ တစ်ပြားတစ်ချပ် ခိုးယူစရာမလိုဘဲ ကိုယ့်ပညာနဲ့ကိုယ် စာသင်လို့ရတဲ့ပိုက်ဆံတွေပါ။

အခု တော်လှန်ရေးလုပ်နေတဲ့အတွက် တစ်လ(၁၀)သိန်းဝန်းကျင်ရှိတဲ့ စာသင်ကြားမှုကို ကျွန်တော်ရပ်နားထားပါတယ်။

အဲဒီတော့ ကျွန်တော့်မှာ ဝင်ငွေ Zero ပါ။

ကျွန်တော် ရာထူးတိုးပြီး ရထားတဲ့ တိုက်ခန်းကိုလည်း CDM လုပ်လို့ အလုပ်ဖြုတ်ခံရတဲ့အတွက်

ဖယ်ပေးလိုက်ရပါတယ်။

အဲဒီ့တိုက်ခန်းဟာ အသစ်ချပ်ကျွတ်ဖြစ်ပြီး မြေညီထပ်ပါ။

ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ ကန်ထရိုက်တွေကို သေချာကြပ်မတ်တဲ့အတွက်

အရည်အသွေးမီတဲ့ တိုက်ခန်း ဖြစ်ပါတယ်။

အင်မတန်ကံကောင်းလွန်းလို့ ရထားတဲ့တိုက်ခန်းကို ဖယ်ပေးခဲ့ရပါတယ်။

ကျွန်တော် မိဘတွေကို တိုက်ခန်းအသစ်ဆီခေါ်ထားမယ့် အိပ်မက်တွေ ပျက်စီးခဲ့ရပါတယ်။

ကျွန်တော် အိမ်ကို မပြန်ရတာ ကြာခဲ့ပါပြီ။ ဒါလေးတွေတော့ ကျွန်တော်ရင်းထားရပါတယ်။

အခုပြောနေတာနဲ့ ပန်ဆယ်လို အမေရိကန်ရောက်တာ ဘာဆိုင်သလဲဆိုရင် သိပ်ကိုဆိုင်ပါတယ်။

သူ့မှာလည်း သူ့သမီး၊ ခင်ပွန်း၊ မိဘ၊ ဆွေမျိုး၊ ကိုယ်ပိုင်စီးပွားရေးတွေကို အကုန်စွန့်လွှတ်ခဲ့ရတာပါ။

သမ္မာအာဇီဝကျကျ လုပ်ကိုင်နေတဲ့ သူ့စီးပွားရေးတွေကို ရပ်ဆိုင်းပစ်ခဲ့ရတာပါ။

တန်ဖိုးအကျေအလည် မပေးသွင်းရ‌သေးတဲ့ တိုက်ခန်းကို ဒီအတိုင်းပစ်ထားခဲ့ရတာပါ။

ဆိုလိုချင်တာက ကျွန်တော် သူ့ကို ကိုယ်ချင်းစာတာပါပဲ။

ဘဝအခြေအနေချင်း အနည်းငယ်ဆင်တဲ့အတွက် ပိုပြီး ကိုယ်ချင်းစာမိတာ။ ကရုဏာသက်မိတာပါ။

ဒါပေမယ့် သူရော ကျွန်တော်ရောမှာ တူညီနေတဲ့အချက်က ဒါတွေကို စွန့်လွှတ်တယ်၊ အနစ်နာခံတယ်လို့ မတွေးတာပါဘဲ။

ဒါ ကျွန်တော်တို့ ရွေးချယ်မှုပါ။

ဘယ်သူမှ ခြိမ်းခြောက်ခိုင်းစေတာမျိုးမဟုတ်ဘဲ ကိုယ့်ဖာသာမှန်တယ်ထင်တဲ့ဘက်က ရပ်တည်ခဲ့တာပဲဖြစ်ပါတယ်။။

ပြီးတော့ ကျွန်တော်တို့ လေးစားအားကျတဲ့ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်လေ။

သူမလို ပေးဆပ်အနစ်နာခံတဲ့သူတောင် အနစ်နာခံတယ်ဆိုတာမျိုး မခံယူဘဲ

ရွေးချယ်မှုလို့ ခံယူထားတာမဟုတ်လား ။

ဒီစာကလည်း ပန်ဆယ်လိုကို သနားဖို့ရေးသားနေတာမဟုတ်ပါဘူး။

အချင်းချင်း ဝေဖန်တိုက်ခိုက်နေတာ၊ ကဲ့ရဲ့လှောင်ပြောင်တာမျိုးတွေ မလုပ်ဘဲ

အရေးတော်ပုံအောင်မြင်ရေးကိုသာ ရှေ့ရှုကြဖို့ ရေးသားရခြင်းဖြစ်ပါတယ်။

တကယ်တမ်းတော့ ပန်ဆယ်လိုဟာ ကလောင်ကြောင့် နာမည်ကြီးနေတာဖြစ်ပြီး

အသက်အားဖြင့် ၃၀ မကျော်သေးတဲ့သူတစ်ယောက်ပါ။

ပြီးတော့ အမျိုးသမီးတစ်ယောက်လည်းဖြစ်ပါတယ်။

မိန်းကလေးတွေဟာ သဘာဝအားဖြင့် ယောကျ်ားလေးတွေထက် စိတ်သဘောထားပိုနူးညံ့ပါတယ်။

အထူးသဖြင့် လစဉ်ဓမ္မတာလာတဲ့အချိန်တွေမှာ စိတ်အားငယ်တတ်ကြပါတယ်။

ပုံမှန်အချိန်မှာ သူဟာ သူ့ခင်ပွန်း၊ သူ့မိသားစုနဲ့ အတူရှိနေတာဖြစ်လို့ ပြဿနာမရှိပေမယ့်

အခုအချိန်မှာ သူတစ်ယောက်ထဲ ဖြတ်သန်း‌ နေရတာဖြစ်ပါတယ်။

“ပန်ဆယ်လိုသာ ကိုယ့်ညီမတစ်ယောက်ဆိုရင် ” ဆိုတဲ့အတွေးသာ ခဏဝင်ကြည့်လိုက်ပါ။

သူ အမေရိကန်ရောက်နေလို့ လုံခြုံရေးအတွက် စိတ်မပူရတော့ပေမယ့် ကျန်းမာရေးကိုတော့ စိတ်ပူမိတယ်။

အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ပါ။

ကျွန်တော်ကတော့ အရေးတော်ပုံအောင်မြင်ပြီးသွားရင် အတွေ့ချင်ဆုံးသူတွေထဲမှာ ပန်ဆယ်လို ပါပါတယ်။

တွေ့တဲ့အခါကျရင်လည်း ကိုယ့်ထက်အသက်ငယ်ပေမယ့်

သတ္တိမငယ်တဲ့၊ အစွမ်းမငယ်တဲ့ သူ့ကို

“မပန်ရေ….. ကွန်ဂရက်ကျူလေးရှင်းပါ။

အရေးတော်ပုံအတွက် ကြိုးစားပေးခဲ့တာတွေကို ကျေးဇူးအများကြီးတင်ပါတယ်။ ဝမ်းသာဂုဏ်ယူပါတယ်”

ဆိုပြီးတော့ ပြောဖြစ်ဦးမှာ အသေအချာပါပဲ …..

မိုးခ

(22.6.2021)

8:50 PM