
နွေဦးတော်လှန်ရေးမှာ တက်ကြွစွာပါဝင်ခဲ့လို့ စစ်ကောင်စီက ၅၀၅ က နဲ့ဖမ်းဝရမ်းထုတ်ခဲ့တဲ့ အတွက် တိမ်းရှောင်နေတဲ့ ရုပ်ရှင်သရုပ်ဆောင် မင်းမော်ကွန်းက တော်လှန်းရေးအတွင်း စိတ်ဓါတ်မကျရန်၊ သွေးမကွဲရန်နှင့် အရာရာကို ကြိုတင်ပြင်ဆင်ပြီး အဆုံးသတ်တိုက်ပွဲအတွက်အဆင်သင့်ရှိကြစေရန် ၎င်း၏လူမှုကွန်ရက် စာမျက်နှာမှာ အောက်ပါအတိုင်း ရေးသားခဲ့ပါတယ်။
” တော်လှန်ရေးကာလအချိန်ကြာလာတာနဲ့အမျှ ခက်ခဲပင်ပန်းလာတာတွေ အားငယ်စိတ်ဓါတ်ကျတာတွေ အားလျော့ချင်စိတ်တွေက အနည်းနဲ့အများဖြစ်လာကြမှာပါ ကျွန်တော်ကိုယ်တိုင်လည်း အကြိမ်ကြိမ်အားငယ်ဝမ်းနည်းတာတွေ လူရောစိတ်ရောပင်ပန်းနာကျင်ရတာတွေ ခဏခဏလဲကျပြီးပြန်မထချင်လောက်အောင် စိတ်ဓါတ်တွေပြိုကျခဲ့ရတာတွေ အမှန်တကယ်ရှိခဲ့ကြောင်းကို ဝန်ခံပါတယ်။
ဒါပေမယ့်ကျွန်တော်တို့အရှုံးပေးလို့မရပါဘူး ကျွန်တော်တို့သည် ဒီတော်လှန်ရေးကို ခဏတာခံစားချက်နဲ့လုပ်ခဲ့မိကြတာမဟုတ်ပါ မတရားဖိနှိပ်တာ အနိုင်ကျင့်တာမကြိုက်လို့ လွပ်လပ်ခြင်း တရားမျှတခြင်းနဲ့ လူ့အခွင့်အရေးတန်းတူညီမျှခြင်းကို အမှန်တကယ်ချစ်မြတ်နိုးလို့ တော်လှန်ခဲ့ကြခြင်းပါ လွပ်လပ်ခွင့်တွေဆုံးရှုံးရလို့ တရားမျှတခြင်းမရှိဘူးလို့ခံယူထားလို့
အမှန်တရားနဲ့လွဲချော်နေမှန်းသိလို့ လက်နက်ကိုင်ထားတိုင်းကြောက်မနေချင်လို့ လူပေါ်မူတည်ပြီးခွဲခြားအုပ်ချုပ်တာမခံချင်လို့ အသိတရားနဲ့ ခံယူချက်ကြောင့်သာ တော်လှန်ဆန့်ကျင်ခဲ့ကြခြင်းဖြစ်ပါတယ်။
ခံစားချက်ပေါ်မူတည်ပြီးဖြစ်လာရတဲ့ တော်လှန်လိုစိတ်ဟာ ခံစားချက်အပြောင်းအလဲအလိုက် မှေးမှိန်လာတတ်ပေမယ့် ခံယူချက်ကြောင့်တော်လှန်ခြင်းကတော့ ဘယ်အခြေအနေရောက်ရောက် မပြောင်းလဲမယိမ်းယိုင်နိုင်ပါဘူး ဒီအတွက်ဘာတွေကြုံလာကြုံလာ နောက်ဆုတ်ဖို့မရှိပါဘူး နောင်တမရပါဘူးအရှုံးမပေးပါဘူး ကမ္ဘာမကျေပါဘူး ကိုယ်ယုံကြည်ရာအမှန်တရားကို ရအောင်ယူဖို့ ဖြစ်အောင်လုပ်ဖို့က အားလုံးရဲ့တာဝန်ဖြစ်ပြီး ဒီတာဝန်အတွက်လူသားတိုင်းမှာ မွေးရာပါခွန်အားတွေရှိကြပါတယ်။
ဒီထက်အရေးကြီးတာက ကျွန်တော်တို့မျိုးဆက်သစ်တွေကို အာဏာတစ်ခုကြောင့်သာ မတရားသဖြင့်ချမ်းသာကြပြီး ဘာအရည်အချင်း အဆင့်အတန်းမှမရှိ လူမဆန်တဲ့သူတွေရဲ့ မတရားအနိုင်ကျင့်ခြင်းတွေ လူပါးဝ စော်ကားခြင်းတွေကို ခွင့်ပြုဖို့ နောက်ထပ်ဘယ်တော့မှ မဖြစ်နိုင်တော့ပါဘူး ဒါကြောင့် အားတင်းပါ အားမွေးထားကြပါ အရာရာအတွက်ကြိုတင်ပြင်ဆင် အသင့်ဖြစ်ပါစေ ကျန်းမာရေးကောင်းပါစေ သွေးမကွဲပါစေနဲ့ ကျွန်တော်တို့ပြည်သူအားလုံး တိုင်းရင်းသားအားလုံးက တညီတညွတ်ထဲတော်လှန်ရင် ဘယ်အာဏာရှင်မှ ကြာရှည်မခံနိုင်ပါဘူး အဆုံးသတ်တိုက်ပွဲအတွက် အဆင်သင့်ရှိကြပါစေ အရေးတော်ပုံ အောင်ရမည်”
source – Kyaw Kyaw Htay Lwin