အနောက်အုပ်စုသည် မြန်မာနိုင်ငံ၏ အုပ်ချုပ်သူ လူပုဂ္ဂိုလ်များအပေါ် ထိန်းချုပ်လိုသည့် ဆန္ဒရှိကြောင်း အာဏာသိမ်းခေါင်းဆောင် ပြော

အနောက်အုပ်စုသည် မြန်မာနိုင်ငံ၏ အုပ်ချုပ်သူ လူပုဂ္ဂိုလ်များအပေါ် ထိန်းချုပ်လိုသည့် ဆန္ဒရှိကြောင်း မြန်မာအာဏာသိမ်းခေါင်းဆောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Sputnik သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ပြောသွားခဲ့သည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ကာလအတွင်း ဖြစ်ခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်သည့် မတင်မကျ အမြင် သဘောထားများမှာ “မိမိတို့ နိုင်ငံကို ဖျက်စီး” လိုသည့် အနောက်အုပ်စု၏ ရည်ရွယ်ချက်ကြောင့် ဖြစ်ခဲ့သည်ဟု ခန့်မှန်းကြည့်နိုင်ကြောင်း အာဏာသိမ်းခေါင်းဆောင်က ပြောသွားခဲ့သည်။

“ဒုတိယ အကြောင်းရင်းကတော့ သူတို့ဟာ သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိသူတွေကို အာဏာရစေချင်တာပါပဲ” လို့လည်း မင်းအောင်လှိုင်က ပြောသွားခဲ့သည်။

အမေရိကန်နှင့် ဗြိတိန်တို့သည် မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် အရေးယူဒဏ်ခတ်မှုများ ချထားသလို ကုလသမဂ္ဂ အထွေထွေညီလာခံကလည်း ကမ္ဘာ့နိုင်ငံအားလုံးမှ မြန်မာထံ လက်နက်ရောင်းချမှုကို တားဆီးရန် တောင်းဆိုသည့် မူကြမ်းဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုထားသည်။

အစပိုင်းမှာ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့တယ်၊ အဲဒါရဲ့ နောက်ကွယ်က အကြောင်းရင်းကို ခင်ဗျားလည်း သိမှာပါ၊ ရွေးကောက်ပွဲ မဲမသမာမှုဖြစ်ပါတယ်၊ နောက်ပိုင်းမှာ ဆန္ဒပြမှုတွေက အကြမ်းဖက်မှုအဆင့်ကို ရောက်သွားတယ်၊ အခြားအကြောင်းရင်းတွေကလည်း ဒီမှာ သက်ဆိုင်ပတ်သက်နေပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

“သူတို့ (ဆန္ဒပြသူတွေ)ရဲ့ အပြီးသတ် ရည်မှန်းချက်က ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်တွင်းရေးကို အခြားနိုင်ငံတွေ တရား၀င် ၀င်‌ရောက်စွက်ဖက်မှုဖြစ်စေဖို့ ဖြစ်ပါတယ်၊ အခြားနိုင်ငံတွေ ၀င်ရောက်စွက်ဖက်ဖို့အတွက် နိုင်ငံမှာ မတည်ငြိမ်တဲ့ အခြေအနေတစ်ခုဖြစ်ဖို့ကို သူတို့ လိုအပ်ပါတယ်” ဟု အာဏာသိမ်းခေါင်းဆောင်က ပြောသွားခဲ့သည်။

တပ်မတော်ဟု သိကြသည့် မြန်မာစစ်တပ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအစိုးရကို မဲမသမာမှုကျူးလွန်သည်ဟု စွပ်စွဲပြီး ဖေဖေါ်၀ါရီ ၁ ရက်တွင် အာဏာသိမ်းယူခဲ့သည်။ အာဏာသိမ်းစစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အစိုးရအဖွဲ့၀င်များကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ရွေးကောက်ပွဲ ပြန်ကျင်းပပြီး အာဏာလွှဲပေးမည်ဟု ဆိုထားသည်။

စစ်တပ်အနေဖြင့် နိုင်ငံတွင် ရွေးကောက်ပွဲသစ်ကို ရွှေ့ဆိုင်းရန် ရည်ရွယ်ချက် မရှိကြောင်း၊ သို့သော် ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း ချိုးဖောက်မှုများအပေါ် စုံစမ်းစစ်ဆေးမှုများ အပြီးသတ်ရန် လိုကြောင်း ဖေဖေါ်၀ါရီ အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး အာဏာသိမ်းခေါင်းဆောင်က ပြောသွားခဲ့သည်ဟုလည်း သိရသည်။

Credit – Mizzima – News in Burmese