မင်းအောင်လှိုင်၏ ဦးမော့အောင် လုပ်မည့် Gold, Dollar, Petro GDP

မင်းအောင်လှိုင်၏ ဦးမော့အောင် လုပ်မည့် Gold, Dollar, Petro GDP

ရွှေဈေးသည် ၁၉ သိန်း၊ ဒေါ်လာကို ၂၁၀၀ ကျပ်နှင့် ဝယ်ယူနေကြရကာ ဓါတ်ဆီ တလီတာ ကို ၁၃၀၀ ကျပ် ဖြစ်လာ နေသည်။ စက်ရုံ အလုပ်ရုံများကလည်း တဖြေးဖြေး နှင့် ပိတ်သိမ်းလာကြရပြီး ကျန်နေသည်များမှာလည်း ဖုတ်လှိုက် ဖုတ်လှိုက် နှင့် အသက်ဆက်နေကြရပြီ ဖြစ်သည်။

ဗဟိုဘဏ်ကဒေါ်လာ သန်းပေါင်းများစွာထုတ်ရောင်းနေသော်လည်းရောင်းသည့် အခိုက်အတန့်သာငြိမ် သွားပြီး နောက်ပိုင်းတအိအိနှင့် တက်လာမြဲပင် ဖြစ်သည်။

ဤသည်ကိုကြည့်လျှင် ချရောင်းသောဒေါ်လာငွေများသည် ဈေးကွက်ထဲသို့ ရောက်မလာဘဲ နီးစပ်ရာ စစ်ဗိုလ် ချုပ်များက လက်သိပ်ထိုး ဝယ်ယူနေကြသည်မှာ သိသာနေပေသည်။

အောက်ခြေ စစ်ဗိုလ်ချုပ်များ အကြားတွင် “ဒီလိုပဲအမြဲလိုဆက်သွားရတော့မှာလား”ဆိုသည့် မေးခွန်းကိုပါးစပ်မှ ထုတ်မပြောရဲကြသော်လည်း သူတို့ အချင်းချင်းအကြား မေးခွန်း ထုတ်လာနေကြပြီဖြစ်သည်။

ဘူးလက်လှဆွေ၏ စာ က အမှန်ဟုယူဆနိုင်မည် ဆိုလျှင် အခြေအနေများက ထိန်းမနိုင် သိမ်းမရ ဖြစ်လာနေ သည်မှာ ပေါ်လွင် ထင်ရှားနေပေသည်။

ထို့အတွက် မင်းအောင်လှိုင် သည် စိတ်ဓါတ်မြှင့်တင် နိုင်ရန် ဘေးလူကြားလျှင် ရီစရာဖြစ်မည့် စကားများကို အရူးဖြစ်ခံပြီး နေ့စဉ်လို တတွတ်တွတ် ပြောနေရသည်။ အာဆီယံတွင် ထိတ်တန်းရောက်တော့မည်၊ တိုင်းပြည် စီးပွား ရေးပြန် လည် ဦးမော့ အောင် လုပ်မည် အစရှိသဖြင့် ပြောဆိုပေးနေရသည်။

တကယ်တမ်းတွေးကြည့်လျှင် တိုင်းပြည် စီးပွားရေးကဦးမော့နေပြီဖြစ်သည်ကို ကမ္ဘာဘဏ်၊ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့များ၏ အစီရင်ခံစာများတွင် အထင်အရှားတွေ့မြင်နေရပြီးဖြစ်သဖြင့် ၎င်းဖျက်၍ ပျက်သွားရရှာသောစီးပွားရေးကိုပြန်လည် ဦးမော့အောင် လုပ်ပေးမည် ဟု ဝန်ခံရာရောက်နေရသည်။

မနေ့ကပင် အာရှ စီးပွားရေး ဘဏ်၏ မြန်မာပြည် စီးပွားရေး စစ်တမ်း အား ဂျာမန် သတင်းဌာန DPA မှ ဖေါ်ပြရာတွင် အာဏာသိမ်းပြီးနောက် စီးပွားရေးသည် ၁၈.၆% အထိ ထိုးဆင်းသွားကြောင်း ပါရှိလာခဲ့သည်။

မင်းအောင်လှိုင်သည် တကယ်လည်း GDP ကိုဦးမော့အောင် ခြောက်လအတွင်းလုပ်ပေးနိုင်ခဲ့သည် ဆိုသည်က Gold, Dollar, Petro ခေါ်သည့် GDP သာလျှင် ဖြစ်သည်ဟု အရပ်ထဲတွင် ဟာသတခုဖြစ်လာရသည်။

အာဏာသိမ်းအဖွဲ့ကလည်း ဆရာစံသူပုန်ထမှုကိုဗြိတိသျှ တို့ နှိမ်နှင်းနိုင်ခဲ့ပုံမျိုးကိုအားကျ အတုယူကာ ပြည်သူများအပေါ် လက်နက်အားကိုးဖြင့် ကျူပင်ခုတ် ကျူငုတ်မကျန် ဆိုကာ ရက်ရက်စက်စက် ချေမှုန်း နေသည်။

ထို့အတွက် တော်လှန်ရေးတပ်ဖွဲ့များကိုလူထု က စိတ်ကုန်လာမည်၊ ပတ်သက်ရမှာ ကြောက်လာမည်ဟု တွေးဆနေမှု များ နှင့်အတူ ၎င်းတို့ဖက်က အဆုံးသတ်တွင် အနိုင်ရလိမ့်မည် ဟု အလိုတော်ရိများက စိတ်ကူးယဉ်နေကြသည်။

လက်တွေ့တွင် မင်းအောင်လှိုင်၏တပ်များကတိုက်ချင် ခိုက်ချင် စိတ်များကုန်ခမ်းကာ စိတ်ဓါတ်များ ကျဆင်း လာနေသည်နှင့်အမျှ လေကြောင်းပစ်ကူကိုသာ မျှော်လင့်နေကြသည်။ လေကြောင်းပစ်ကူသည် မည်မျှ အထိ အကုန်အကျ များကြောင်းသိထားပြီးဖြစ်သောမင်းအောင်လှိုင်သည် လုံးဝမဖြစ်ဟု ယူဆမှသာသုံး ချင်နေသည်။ ဤသည်ကလည်းတဖြေးဖြေးနှင့် လျော့နည်းလာနေသော နိုင်ငံခြားအရံငွေများကြောင့်ပင် ဖြစ်သည်။

ထိုသို့ စိတ်ကူးယဉ်နေမှုများက မျှော်လင့်၍ပင် မဖြစ်နိုင်တော့ဟု သိလာချိန်သည် အာဏာသိမ်းအဖွဲ့ ပြိုလဲ သွားတော့မည့် အချိန်လည်းဖြစ်ပေသည်။
နိုင်ငံတကာတွင် NUG က အဖက်ဖက်မှ ထိုးဖေါက်လာနိုင်သည်နှင့် အတူ ပြည်ပဖိအားများမှာ ဝက်အူနှင့် ကျပ်သည့်အလား တဖြေးဖြေးတင်းကျပ် လာနေလေပြီ။

PDF များ ဖက်မှ တရုတ် အစိုးရအား မလှုပ်နိုင်အောင် ချုပ်ကိုင်ထားနိုင်သည်က ကီလိုမီတာ ၈၀၀ ခန့် ရှည်လျား သည့် ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်းကြီးပင် ဖြစ်သည်။ မိုင်တဲ တာဝါတိုင်များ အား တော်လှန်ရေး တပ်ဖွဲ့ များက ထိထိရောက်ရောက် ဖြိုလှဲနိုင်ခဲ့မှုများကို တွေ့မြင်လာသည်နှင့်အမျှ တရုတ်တို့သည် သူတို့၏ ပိုက်လိုင်း များ အား အချိန်မရွေး ဒုက္ခပေးနိုင်စွမ်း ရှိသည်ကို သဘောပေါက်လာကြပြီ ဖြစ်သည်။ မင်းအောင်လှိုင်ကိုလည်း ပိုက်လိုင်း လုံခြုံရေး အတွက် တိုးမြှင့် ဆောင်ရွက်ပေးရန် စာရေးသား ပေးပို့ခဲ့သည်ဟု ဧရာဝတီ သတင်းက ဖေါ်ပြလာသည်။

ကီလိုမီတာ ရာပေါင်းများစွာ ရှည်လျားနေသည့် ပိုက်လိုင်း အတွက် လုံခြုံရေး တာဝန်ခံဖို့ ဆိုသည်က မည်သို့မျှ မဖြစ်နိုင်သည့် အရေးပင် ဖြစ်သည်။ တရုတ်အစိုးရ အဖို့ ပြည်သူများ အလွန်အကျွံ ဒေါသထွက်မည့် အမှုမျိုး မကျူးလွန်မိစေရန် အထူးသတိထားနေရသည့် အတွက် စစ်အာဏာသိမ်း အဖွဲ့ နှင့် ဗြောင်ကျကျ ပရောပယီ မလုပ်ရဲခြင်း ၏ အကြောင်းတခုလည်း ဖြစ်သည်။

တဖက်တွင် အမေရိကန် အစိုးရအရာရှိများပင် NUG နှင့် ဗြောင်ကျကျ ဆွေးနွေးလာနေပြီဖြစ်သည်။

ပြည်တွင်းတွင်လည်း စစ်ရေးဆိုင်ရာကွပ်ကဲထောက်ပံ့မှု (Operation & Logistics) ပိုင်းတို့တွင် နိုင်ငံအနှံ့ ဖြန့်ကျက် ချထားနေသည်ဟု NUG ၏ အပြောကလည်း ၎င်းတို့အဖို့ အိမ်မက်ဆိုးများပင် ဖြစ်သည်။

စစ်တပ်နှင့် လက်နက်အင်အား ကွာခြားနေမှုများမှာ တဖြေးဖြေးကျဉ်းမြောင်းလာတော့မည် ဖြစ်သည်။

ဝဏ္ဏမောင်လွင်သည် ပင် သံအမတ်ကြီးဦးကျော်မိုးထွန်းတက်ရောက်ခဲ့သော R2P ဆွေးနွေးပွဲကို လိုက်လံ ကန့်ကွက်နေရသည်။ ထိုအစည်းအဝေးသည် ၎င်းတို့အားမည်သို့မျှပင် ခြိမ်းခြောက်နိုင်စွမ်း မရှိမှန်းသိသော်လည်း R2P အသံကြားလျှင် သွေးပျက်မတတ် ဖြစ်‌နေသော အောက်ခြေအရာရှိ အရာခံအကြပ်တပ်သားများ အတွက် သူတို့ကိုယ် သူတို့ လုံခြုံမှု ရှိနေသည်ဟု အထင်မှား အမြင်မှားများ ပေါ်ပေါက်လာစေရန် လိမ်ညာ နှစ်သိမ့်ပေးနေ ရခြင်းဖြစ်သည်။ သို့သော် ကြာလာသည်နှင့် အမျှ ၎င်းတို့၏ အပြောများသည် false sense of security သာ ဖြစ်သည်ကို ရိပ်စားမိလာကြမည်သာ ဖြစ်သည်။

လက်ရှိတွင် PDF တပ်ဖွဲ့စုစုပေါင်း ၁၅၀ ခန့်အထိ ရှိလာကြောင်း အမေရိကန်ရှိ နိုင်ငံတကာ မဟာဗျူဟာ လေ့ လာရေး စင်တာ မှ ခန့်မှန်းထားသည်။ လက်ရှိတွင် ရှင်းလင်း ပြတ်သားသည့် စုပေါင်း မဟာဗျူဟာ ချမှတ် နိုင်ခြင်း မရှိသေးသည့်အတွက် စစ်ကောင်စီ တပ်များက သူတို့ ၏ အားနည်းချက်များကို အခွင့်ကောင်းယူ အသုံးချလာနိုင်သည်ဟု လည်း ထောက်ပြထားသည်။

နိုင်ငံတွင်း ရှေ့လျှောက် ပြည်တွင်းစစ် အရှိန်အဟုန် မြင့်လာနေမှုများသည် အမေရိကန် အစိုးရ၏ မူဝါဒ ရေးရာ ပိုင်းတွင် ထိရောက်မှု မရှိခြင်းကြောင့် ဖြစ်လာရသည်ဟု သုံးသပ်ထားသည်။ အမေရိကန်၏ ရည်မှန်းချက် ဖြစ်သော “ဒီမိုကရေစီ ပြန်လည် တည်ဆောက်နိုင်ရေး” နှင့် “နိုင်ငံတွင်း အကြမ်းဖက်မှု များ အဆုံးသတ်ရေး” ဆိုသည်များက မည်သို့သော တိုးတက်မှု မှ ထွက်ပေါ်လာခဲ့ခြင်း မရှိပေ။

ထိုမျှမကသေး NUG ၏ တိုက်ပွဲခေါ်သံ စက်တင်ဘာ ၇ ရက် ကြေညာချက်အား “ငြိမ်းချမ်းစွာ ဆက်လက် ဖြေရှင်းရန်၊ လက်ရှိ အကြပ်အတည်း အတွက် အကြမ်းဖက်သောနည်းဖြင့် ဖြေရှင်း၍မရ” ဆိုသော အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ အမျိုးသမီး၏ ထုတ်ပြန်ချက်သည် လက်ရှိ မြေပြင် အနေအထား နှင့် လုံးဝ ကင်းကွာနေသည်ကို တွေ့ရှိရသည် ဟု ထောက်ပြထားသည်။

အမေရိကန် နှင့် တရုတ်တို့၏ ဖိအား ပေးမှုကြောင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် တနင်္လာနေ့တွင် မိန့်ခွန်း ပြောကြားရန် ရှိနေသည်ကို ပယ်ဖျက်ပေးခဲ့ပြီ ဖြစ်သည်။

ထို့အတွက် ဘိုင်ဒင် အစိုးရနှင့် ကွန်ဂရက် မှ မြန်မာ၏ လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေများ နှင့် ကိုက်ညီ မည့် မဟာဗျူဟာ တရပ် ကို ရေးဆွဲချမှတ်ဖို့ လိုအပ်လာပြီဟု ဖေါ်ပြထားသည်။

ထိုသို့ ရေးဆွဲရာတွင် အချက် (၆) ချက် ကို ခြုံငုံမိသည့် မဟာဗျူဟာ ဖြစ်ရန်လည်း လိုသည်ဟု ဆိုသည်။

(၁) စစ်ပြေးရှောင် ဒုက္ခသည်များ အတွက် လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ကို အင်ဂျီအို အဖွဲ့များ ထံသို့ သာ တိုက်ရိုက် ပေးပို့ရန်။

(၂) စစ်ခေါင်းဆောင်များ နှင့် စစ်ကောင်စီ အဖွဲ့ဝင်များအား ယခုထက် ပိုမိုကျယ်ပြန့်သည့် ပိတ်ဆို့ဒဏ်ခတ်မှုများ ပြုလုပ်ရန်

(၃) နိုင်ငံခြားရေး ဝန်ကြီး မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် ဆက်ဆံရေး ပြန်လည် တည်ဆောက်ရန် ၊ PDF နှင့် CDM အဖွဲ့များနှင့် တိုက်ရိုက် ဆက်သွယ်နိုင်မည့် လမ်းကြောင်း ဖွင့်လှစ်ရန်။

(၄) စစ်တပ်အား စစ်ရေး အကူအညီများ နှင့် လေ့ကျင်မှုများ ပေးနေခြင်းကို ကမ္ဘာတဝှမ်း ပိတ်ပင်သွားရန် အမေရိကန်မှ မဆုပ်မနစ် ဆောင်ရွက်ရန်။

(၅) သမ္မတ ဘိုင်ဒင်မှ ၂၀၁၇ အတွင်း စစ်တပ်မှ ရိုဟင်ဂျာ များ အပေါ် တိုက်ခိုက်ခဲ့မှုသည် ဂျီနိုဆိုက် ကျူးလွန် ခြင်း ဖြစ်သည်ဟု သတ်မှတ် ကြေညာပေးရန်။ အလားတူ နှစ်ပေါင်း ၆၀ လုံးလုံး ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန် နှင့် ရှမ်း တိုင်းရင်းသား များ အပေါ် ကျူးလွန်ခဲ့မှုများသည်လည်း အလားတူ ပြစ်မှု မြောက်ကြောင်း ထည့်သွင်းရန်။ တဆက်တည်း ၎င်းတို့အပေါ် တရားစွဲဆို အရေးယူနိုင်ရန် စုဆောင်းရရှိထားသော အထောက်အထား များကို အိုင်စီဂျေ နှင့် အိုင်စီစီ တို့အား လွှဲပြောင်း ပေးရန်။

(၆) ကွန်ဂရက်မှ သမ္မတ ဘိုင်ဒင်အား ၂၀၀၈ ခုနှစ် အတွင်း ပြဋ္ဌာန်းခဲ့သော JADE ဥပဒေအရ မြန်မာပြည်ဆိုင်ရာ မူဝါဒရေးရာ ညှိနှိုင်းရေး အတိုင်ပင်ခံ ခန့်အပ်နိုင်ရေး ဖိအားပေးရန် တို့ ဖြစ်သည်။

RFA သတင်းအရ ပြီးခဲ့သည့် နှစ်ပတ်အတွင်း ရဲ နှင့် စစ်သား ၄၅၀ ခန့် တော်လှန်ရေး တပ်ဖွဲ့များ နှင့် ပူးပေါင်း လာပြီး တိုက်ပွဲများ ပြင်းထန်နေသည့် ချင်း ပြည်နယ် နှင့် မကွေးတိုင်း အတွင်းရှိ မြို့နယ်ပေါင်း နှစ်ဒါဇင် ခန့်အား တယ်လီဖုန်း နှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည်ဟု သိရသည်။
ရွှေဝါရောင် တော်လှန်ရေး ၁၄ နှစ်မြောက် အထိမ်းအမှတ် အဖြစ် မန္တလေး တွင် သံဃာတော်များ ဦးဆောင်၍ ချီတက် ဆန္ဒပြခဲ့ကြသည်။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!

Hla Soe Wai