
အောက်စီဂျင်စက်ရုံများကို စစ်ကောင်စီက အပြည့်အ၀ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရားကို အသက်သွင်းရန်ကြိုးပမ်း၊ ရပ်ကွက်နှင့်မြို့နယ်အာဏာပိုင် ထောက်ခံချက်မပါလျှင် အောက်စီဂျင် မပေးသည့်စနစ်သို့ ကူးပြောင်း
ရန်ကုန်၊ ဇူလိုင် ၂၅
စစ်ကောင်စီက ပုဂ္ဂလိက အောက်စီဂျင်ထုတ်လုပ်ရေးစက်ရုံများအပါအဝင် အောက်စီဂျင် ဖြန့်ဝေမှုများကို အပြည့်အ၀ စတင်ထိန်းချုပ်နေပြီး ရပ်ကွက်၊ မြို့နယ်အာဏာပိုင်များ၏ ထောက်ခံချက်မပါလျှင် အောက်စီဂျင် ဖြည့်သွင်းဝယ်ယူခွင့်မရသည့်စနစ်ကို အသက်သွင်းလျက်ရှိကြောင်း ရန်ကုန်အခြေစိုက် ပရဟိတအဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
စစ်ကောင်စီက ပြည်နယ်/တိုင်းဒေသကြီး အသီးသီးတွင် တိုင်း၊ မြို့နယ် အောက်စီဂျင် ဖြန့်ဖြူးရေး အဖွဲ့များကို ဖွဲ့စည်းလိုက်ပြီး ယင်းအဖွဲ့များက အောက်စီဂျင်များကို ခွဲတမ်းဖြင့် လက်ခံရယူကာ လိုအပ်သော လူနာများအနေဖြင့် ယင်းမြို့နယ်နှင့် ရပ်ကွက်ထောက်ခံစာများဖြင့် အောက်စီဂျင် သွားရောက် ဖြည့်တင်းရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပုဂ္ဂလိက အောက်စီဂျင်စက်ရုံများကိုလည်း ဆေးရုံများနှင့်အာဏာပိုင်များမှလွဲ၍ ပြည်သူကို ဖြန့်ဝေခြင်းမပြုရန် ထပ်မံ ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။
“အခုက ဘာဖြစ်သွားလဲဆိုတော့ သူတို့က အောက်စီဂျင် ဖြန့်ဖြူးရေး အဖွဲ့တွေဆိုတာ ဖွဲ့တယ်။ အုပ်ကြီးတွေပါတယ်။ ရယကတွေ ရော။ သူတို့နဲ့အဆင်ပြေတဲ့ ပရဟိတအဖွဲ့တွေပါတယ်။ အဲဒီအဖွဲ့တွေကနေပြီးတော့ မြို့နယ်အလိုက် ရပ်ကွက်အလိုက် အောက်စီဂျင် ဖြန့်မယ်ပေါ့။ ထောက်ခံစာလိုမယ်။ အုပ်ကြီးတွေဆီက ထောက်ခံစာက အရေးပါဆုံးဖြစ်လာတယ်။ ကျနော့်အမြင်တော့ သူတို့ ရပ်နေတဲ့ အုပ်ချုပ်ရေးယန္တရားကို အောက်စီဂျင်အကြောင်းပြပြီးလည်ပတ်အောင် လူတွေ လက်ခံလာအောင် လုပ်တယ်လို့ပဲ နားလည်ပါတယ်” ဟု ရန်ကုန်အခြေစိုက်ပရဟိတအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဇူလိုင်လ ၂၃ ရက်နေ့နှင့် ဇူလိုင်လ ၂၄ ရက်နေ့တို့တွင် ပရဟိတအောက်စီဂျင်ဖြန့်ဖြူးရေးအဖွဲ့များ၊ အောက်စီဂျင် ထုတ်လုပ်ရောင်းချနေသော စက်ရုံတချို့ကို သက်ဆိုင်ရာမြို့နယ်အာဏာပိုင်များနှင့်ပူးပေါင်းဆောင်ရွက်ပြီး ဖြန့်ဖြူးရန်နှင့် အများပြည်သူသို့ တိုက်ရိုက် ရောင်းချခြင်းမပြုရန် စစ်ကောင်စီတပ်များ၊ ရဲများ၊ ထွေအုပ်များ ပါဝင်သော ပူးပေါင်းအဖွဲ့က လိုက်လံ နှိုးဆော်နေကြောင်း သိရှိရသည်။
တောင်ဥက္ကလာပရှိ ရွှေပြည်ညွှန့် အောက်စီဂျင်ထုတ်လုပ်ရေးစက်ရုံကလည်း ဇူလိုင်လ ၂၄ ရက်နေ့မှစတင်၍ အများပြည်သူသို့ အောက်စီဂျင် ရောင်းချမပြုနိုင်တော့ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။
ဇူလိုင်လ ၁၀ ရက်နေ့ ညနေပိုင်းမှစတင်၍ စစ်ကောင်စီသည် အောက်စီဂျင် ထုတ်လုပ်ရေး စက်ရုံများကို ကန့်သတ်မှုများ စတင်လုပ်ဆောင်လျက်ရှိပြီး ယခုနောက်ဆုံးတွင်မူ အုပ်ချုပ်ရေးယန္တရားကို အောက်စီဂျင် အကြောင်းပြ အသက်သွင်းရန် ကြိုးစားခြင်းမှာ နိုင်ငံရေး အမြတ်ထုတ်မှု ကျန်းမာရေး CDM ဆရာဝန်တစ်ဦးက ဆိုသည်။
“ဒီလောက် လူ့အသက်တွေ သေနေတာကို။ လိုအပ်တဲ့အောက်စီဂျင်ကို လွယ်လွယ်ကူကူရအောင် မလုပ်ပေးဘဲ ဟိုထောက်ခံစာယူ ဒီထောက်ခံစာယူ လုပ်ခိုင်းတာက နိုင်ငံရေးအမြတ်ထုတ်တာ။ လူသတ်တာပါပဲ။ ကိုဗစ်နဲ့ အောက်စီဂျင်ကို သူတို့ ယန္တရားလည်ပတ်ပြီး အသိအမှတ်ပြုမှု ရဖို့ လုပ်တယ်လို့ မြင်ပါတယ်။ မလုပ်သင့် မလုပ်အပ်ပါဘူး”ဟု အဆိုပါ CDM ဆရာဝန်က ဆိုသည်။
Crd – Khit Thit Media