
ဒေါ်အောင်ဆန်းစုကြည်ကို သေနတ်ဖြင့်ချိန်ရွယ်ခဲ့သူ ဗိုလ်ကြီးမြင့်ဦး COVID-19 ရောဂါဖြစ်စစ် စစ်ဆေးရုံတက်ခွင့်မရဘဲ သေဆုံး
ဇူလိုင် ၂၅ ရက်
၁၉၈၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို သေနတ်ဖြင့်ပစ်မယ်ဆိုပြီးချိန်ရွယ်ခဲ့ဖူးသူ ဗိုလ်ကြီးဟောင်းတစ်ဦးသည် COVID-19 ရောဂါစွဲကပ်သောအခါ တပ်မတော်ဆေးရုံသို့တက်ရောက်ကုသခွင့်ရရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ဘဲ ကွယ်လွန်သွားခဲ့သည်။
၁၉၉၀ ခုနှစ်အထွေထွေရွေးကောက်ပွဲအတွက် အကြို မဲဆွယ်စည်းရုံးရေးကာလတွင် ယခုအခါ ဖမ်းဆီးခံနေရသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝတီတိုင်း မော်ကျွန်းမြို့ခရီးစဉ်တွင် ထိုစဉ်က ဓနုဖြူမြို့နယ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့အတွင်းရေးမှူးဖြစ်သူ ဗိုလ်ကြီးမြင့်ဦးက သေနတ်ဖြင့်ချိန်ရွယ်ခဲ့သည်။
သူ့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီဖျားနာလာရာက တပ်မတော် ကုတင် ၁၀၀၀ ဆေးရုံသို့ တက်ရောက်ကုသရန်ဆက်သွယ်ခဲ့သော်လည်း ဆေးကုသခွင့်မရရှိခဲ့ကြောင်းကို ဗိုလ်ကြီးဟောင်းမြင့်ဦးက သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သေးသည်။
တသက်လုံးစိမ်းလာပြီး ကြွေခါနီးမှတော့ မနီချင်ဘူးဟု အစပျိုးကာ ဗိုလ်ကြီးဟောင်းမြင့်ဦးက “ တပ်မတော်ဆေးရုံးကြီး ကုတင် ၁,၀၀၀ ကို ဇူလိုင်လ ၁၈ ရက်နေ့မှာ မိုးထဲလေထဲသွားဆက်သွယ်တယ်။
ဆက်သွယ်ရအတော်ခက်ခဲပြီး တာဝန်ထက်ပိုတဲ့ ရင့်သီးမှု တစ်ချို့ကြုံရတယ်။ ၁၉ ရက်နေ့မှာ နှာခေါင်းတို့ဖတ်ယူရတယ်။ အတော်အကြိမ်းအမောင်းခံရပြန်တယ်။ ၂၀ ရက်နေ့မှာ ကိုဗစ်ပိုးတွေ့လို့ ဘုရင့်နောင်စစ်ကြောရေးကွာရန်တင်းစင်တာသွားတာ လက်မခံဘူး။ ကားဝင်ခွင့်အခက်(အခဲ)ပါပြောရင် တောသုံးတောင် ပါပဲ။
ကိုဗစ်ကူးလို့ ကုသရေးစင်တာ ဝင်ဖို့လာတယ်ဆိုမှာ အောက်စီဂျင်ကျနေရင် လက်ခံဖို့ ခက်ခဲတယ်ဆိုလာမှတော့ Gen-Z ၊ဖိုးသော်တို့ကမှ ဟန်ကျသေးတယ် “ ဟု ဇူလိုင်လ ၂၁ ရက်နေ့က နောက်ဆုံးရေးသားခဲ့သည်။
ဗိုလ်ကြီးဟောင်း မြင့်ဦးသည် ဇူလိုင် ၂၄ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။ သူ၏ဇနီးဖြစ်သူလည်း ဇူလိုင် ၂၁ ရက်နေ့က ကိုဗစ်ရောဂါဖြင့်ပင် ကွယ်လွန်ခဲ့သည်။
သူနှင့်ရင်းနှီးသူတစ်ဦးက “ ဇူလိုင်လ ၂၀ရက်နေ့မှာ ကိုဗစ်ပိုးတွေ့တာဆိုတော့ ဒီရက်ပိုင်းပဲ ဖြစ်မယ်။သူအကောင့်ကလည်း lock လုပ်တယ်။ အရင်က မလုပ်ထားဘူး ။ သူမဆုံးခင်က သူအမျိုးသမီးလည်း ကိုဗစ်ပဲ။ “ ဟု ရေးသားထားသည်။
သူ့မိတ်ဆွေတစ်ဦးကလည်း ” ခမရ 9 fighter ကြီး၊ သူ့ မ9 အကြောင်း အမြဲပြော့လေ့ရှိတယ်။ ခြေထောက်မသန်ဘူး။ ဒဏ်ရာဒဏ်ချက်တွေအပြည့်နဲ့…ညီလေးနဲ့ညီမလေးတို့ဇနီးမောင်နှံနှစ်ဦးလုံး ကောင်းရာဘုံဘဝမှာပျော်ကြပါစေ” ဟု လူမှုကွန်ရက်စာမျက်နှာတွင် မျက်ချက်ပြုထားသည်။
ဗိုလ်ကြီးမြင့်ဦးသည် ၁၉၈၉ ခုနှစ်ဧပြီလက ခမရ (၁၀၈) တပ်ခွဲတစ်ခွဲကို ဦးစီးကာ ဓနုဖြူမြို့လုံခြုံရေးတာဝန်ယူထားသူဖြစ်သည်။ အဆိုပါကာလတွင်လည်း အာဏာသိမ်းခဲ့သည့် စစ်တပ်၏ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှတည်ဆောက်ရေးအဖွဲ့ (နဝတ) က လူငါးဦးထက်မပိုရအမိန့်ထုတ်ပြန်ထားချိန်လည်းဖြစ်သည်။
နဝတ က သတ်မှတ်နေရာများတွင်သာ မဲဆွယ်ခွင့်ပြုခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်သည် ဓနုဖြူမြို့မှ ရေလမ်းခရီးဖြင့် ကမ်းငူကြီး ဇကာကြီး ဘက်သို့သွားရောက်ပြီးနောက် ဓနုဖြူမြို့သတ်မှတ်နေရာသို့ မပြန်ဘဲ မြို့မဈေးအတွင်းသို့ ဝင်ရောက်ခဲ့ချိန်တွင် ဗိုလ်ကြီး မြင့်ဦးက ကျောင်းသားများလုံခြုံရေးရယူထားသော ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ကို သေနတ်ဖြင့်ချိန်ကာ ပစ်မည်ဟု ပြောဆိုခဲ့သည်။
သို့သော် သူ၏အထက်အရာရှိဖြစ်သော မဝတဥက္ကဌ ဗိုလ်မှုးတင်ဖေအေးနှင့် ခမရ (၁၀၈) မှ ဗိုလ်မှုးမောင်ထွန်းတို့ရောက်လာပြီး ဗိုလ်မှူးတင်ဖေအေးက ဗိုလ်ကြီးမြင့်ဦးကို အတင်းဆွဲဖက်ကာ ” ဟေ့ကောင် ဒါ စစ်တိုက်နေတာ မဟုတ်ဘူး နိုင်ငံရေး ကွ” ဟုပြောဆိုကာ ပစ်မိန့်ရုပ်သိမ်းခဲ့ရသည်။
ဗိုလ်ကြီးမြင့်ဦးက သူ၏ပုခုံးပေါ်ကဘားများကို ဆွဲဖြုတ်ပြီးမြေပေါ်လွှင့်ပစ်ခဲ့သည်။
နောင်တွင် ဗိုလ်ကြီးမြင့်ဦးနှင့် သူ၏စစ်သားများက ထိုအခင်းဖြစ်ပွားချိန်အထိ ဒေါ်အောင်ဆန်းစုကြည်အား မမြင်ဖူးခဲ့ဟု ပြောဆိုကြောင်း သူ၏မိတ်ဆွေတစ်ဦးက ပြန်ပြောပြသည်။
ထို့အပြင် ” ပုခုံးပေါ်က ဘားကို လွှင့်ပစ်တာ ဒေါ်စုကို မပစ်ရလို့ မဟုတ်ဖူး” ဟု ဗိုလ်ကြီးမြင့်ဦးကပြောကြောင်းနှင့် မည်သည့်အဆင့် မည်သည့်နေရာရောက်လျှင် ပစ်ခတ်ရမည်ကို စာနှင့်အမိန့်ထုတ်ထားပြီးမှ ” ပစ်ခတ်ရမယ့်အခြေအနေတွင် မပစ်နဲ့ဟုဟန့်တားသောကြောင့်” အထက်အရာရှိများ၏ ပြုလွယ်ပြောင်းလွယ်သောအမိန့်ကို ” အမိန့်ခံတတ်သူ ဗိုလ်ကြီးမြင့်ဦး စိတ်ဆိုးသွားပါတယ်။” ဟု စစ်ဘက်လိုလားသော အရှေ့တိုင်းဂျာနယ်၏အင်တာဗျူးတွင် သူ့ကို ကိုးကားဖော်ပြခဲ့သည်။
နာမည်ဆိုးဖြင့်ကျော်ကြားသော ဗိုလ်ကြီးမြင့်ဦး၏ ဒေါ်အောင်ဆန်းစုကြည်ကိုသေနတ်နှင့်ချိန်ရွယ် ပစ်မိန့်ပေးခဲ့မှုက Beyond Rangoon နှင့် The Lady ရုပ်ရှင်ကားများတွင် ဇာတ်ဝင်ခန်းအဖြစ်ပါရှိခဲ့သည်။
စစ်တပ်ကတကျော့ပြန်အာဏာသိမ်းချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်မှာ ထပ်အဖမ်းခံရပြန်ပြီး အမှု (၁၁) မှုဖြင့် တရားစွဲခံထားရသည်။
ဓာတ်ပုံ- ဗိုလ်ကြီးဟောင်းမြင့်ဦး
Crd – Mizzima