အိမ်စောင့်အစိုးရဖွဲ့ပြီး စစ်ပွဲကြီးတွေဖြစ်လာရင် မအလက ဘယ်သူ့ကိုချနင်းမလဲ

အိမ်စောင့်အစိုးရဖွဲ့ပြီး စစ်ပွဲကြီးတွေဖြစ်လာရင် မအလက ဘယ်သူ့ကိုချနင်းမလဲ …ရှေ့အပိုင်းကို မဖတ်ရသေးပါက ဖတ်ရှုရန် နှိပ်ပါ။

(၇)

ရှီကျိန်းဖျင်က ထိုင်ဝမ်ကို ဝင်တိုက်ရင် ဂျပန်က ချက်ခြင်းပြန်တိုက်မယ်လို့ ပြတ်ပြတ်သားသား ပြန်ပြောနေပြီ။ ဘင်္ဂလားဒေ့ရှ်ကလည်း ရှီကျိန်းဖျင် ‌လက်အောက်က ရုန်းထွက်ပြီး USA, India, Japan, Australia အုပ်စုနဲ့ နီးစပ်အောင်လုပ်နေပြီ၊ အိန္ဒိယကလည်း ရှီကျိန်းဖျင်ကို နယ်စပ်မှာ ရန်စရင် အပြတ်ပြန်တွယ်မယ်လို့ ပြောပြီးပြီ။ ကိုဗစ်ရောဂါပိုးနဲ့ ကမ္ဘာကို ဒုက္ခပတ်ပေးနေတဲ့ ရှီကျိန်းဖျင် တဖြေးဖြေး ‌သူ့အတတ်သူစူး ချောင်ပိတ်မိလာပြီ ဖြစ်တယ်။

ရှီကျိန်းဖျင်ဟာ ထိုင်ဝမ်၊ ဟောင်ကောင်၊ ပင်လယ်ထဲက ချဲ့ယူထားတဲ့ ကျွန်းစု၊ အိန္ဒိယနယ်စပ်၊ စတာတွေက သူ့နယ်မြေနဲ့ တိုက်ရိုက်ထိနေလေတော့ စစ်ရေးအာရုံကို သူ့နယ်မြေနဲ့ တိုက်ရိုက် မသက်ဆိုင်တဲ့ မြန်မာ့မြေထဲ လွှဲချထွက်ပေါက်ရှာပြီး မအလကို အာဏာသိမ်းခိုင်းလိုက်တာပဲဖြစ်တယ်။

အခုမြန်မာပြည်သူတွေက မအလအနိုင်ကျင့်တာကို လက်မခံပဲ အဆုံးထိတုန့်ပြန်နေကြတော့ ရှီကျိန်းဖျင်အကျပ်ရိုက်နေတယ်။ မြန်မာ့ဖက်ဒရယ် ဒီမိုကရေစီရေး နိုးကြားမှုက ယူနန်ပြည်နယ်ထဲအထိရောက်သွားရင် ချိုင်းနားကွန်မြူနစ်ပါတီ ကျဆုံးမှုက ယူန်နန်က စတဲ့ သမိုင်းဖြစ်သွားနိုင်တယ်လေ။ ယူနန်ထဲမှာ ကချင်နွယ်ဖွား၊ ရှမ်းနွယ်ဖွား၊ ပလောင် ပအို့ဝ် နွယ်ဖွား၊ ဝ နဲ့ ကိုးကန့်နွယ်ဖွားတွေက လူဦးရေ သန်းနဲ့ချီပြီး ပျံ့နှံ့နေထိုင်နေကြပါတယ်။

ကမ္ဘာ့ G7 အဖွဲ့ကလည်း ရှီကျိန်းဖျင်ရဲ့ ကမ္ဘာပတ်အကြွေးထောင်ချောက် BRI စီမံကိန်းကို တိုက်ရိုက်ရင်ဆိုင်တုန့်ပြန်ပြီး နိုင်ငံငယ်လေးတွေကို ပြန်ကယ်တင်ဖို့ Build Back Better World (B3W) စီမံကိန်းကို ဘာ့ဂျတ် 40 Trillion နဲ့ စဖို့ လုပ်နေပြီဖြစ်တယ်။ ရှီကျိန်းဖျင် ပတ်လည်ပြန်ဝိုင်းခံနေရတာကို တွေ့လာရတယ်။

ဒီရက်ပိုင်းထဲမှာ အာဖဂန်က လက်နက်နိုင်အုပ်စုကွဲတွေကို ချိုင်နားထဲဖိတ်ပြီး ဝမ်ယိက အာဖဂန်ငြိမ်းချမ်းရေးကို အားပေးကြောင်း စကားပြောတာတွေ့ရတယ်။ တောင်အာရှ နဲ့ အရှေ့တောင်အာရှ ဒေသတွင်းမှာ လက်နက်ကိုင် အုပ်စုကွဲတွေ အမြားအပြား ရှိနေတဲ့ နိုင်ငံကတော့ အာဖဂန် နဲ့ မြန်မာပဲဖြစ်တယ်။ အာဖဂန်က လက်နက်ကိုင်အုပ်စုတွေကို ဝမ်ယိကိုယ်တိုင်ထွက်တွေ့နေတဲ့အချိန်မှာ မြန်မာ့နယ်နိမိတ်ထဲက တိုင်းရင်းသားလက်နက်ကိုင်တွေကို ရှီကျိန်းဖျင်က ဆွန်ဂေါ်ရှန်း နဲ့ ပတ်ထိန်းထားတာကိုတွေ့ရတယ်။

UWSA, AA, TNLA, MNDAA, RCSS, SSPP, KNPP, KNU, KIA တို့အနေနဲ့လည်း ရှီကျိန်းဖျင်ရဲ့ ‌အကွက်တွေကို အစအဆုံးသုံးသပ်သင့်ပါပြီ။

နွေဦးတော်လှန်ရေးမှာ မပါဝင်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ပြည်သူနဲ့ ပြတ်ပြတ်သားသားလက်တွဲပြီး နွေဦးတော်လှန်ရေးမှာပါဝင်သင့်ပါပြီ။ ဖက်ဒရယ် ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ယူနန်ပြည်ထဲက မျိုးနွယ်ဖွားတွေရဲ့ အားကျမှုကို အရယူမလား၊ ချိုင်းနားကွန်မြူနစ်ပါတီရဲ့ လက်ဝေခံ နိုင်ငံကွဲလေးတွေအဖြစ် နှစ်ရာချီ ကျွန်ခံနေသွားမလား၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ မဟာဗျူဟာမြောက် စဉ်းစားရပါတော့မယ်။

၂၀၂၀ ရွေးကောက်ပွဲ မစခင်ကတည်းက မြန်မာယူနန်နယ်စပ်မှာ ရှီကျိန်းဖျင်က သံဆူးကြိုးကာခဲ့တာကိုကြည့်ရင် မြန်မာ့နယ်ထဲက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို လက်ဝေခံ နိုင်ငံကွဲလေးတွေအဆင့်နဲ့ ဆက်ထားဖို့ ကြံနေတဲ့ အကြံဆိုးအကြံယုတ်ကို ပြန်မြင်နိုင်ပါတယ်။ မြန်မာ ယူနန် နယ်စပ် ကီလိုမီတာ နှစ်ထောင်ကျော်ကို ခြံစည်းရိုးအကုန်ကာဖို့ ရှီကျိန်းဖျင်က ဆက်လုပ်နေပါတယ်။
တကယ်က ရှီကျိန်းဖျင်ဟာ ကမ္ဘာမှာ ချောင်ပိတ်မိနေပါပြီ။ ယဉ်ကျေးလာတဲ့ ကမ္ဘာကြီးဟာ ပြည်သူသည်သာ အဓိကလမ်းစဉ်နဲ့ ဆက်သွားမလား၊ လက်နက်အားကိုး အာဏာရှင်တွေနဲ့ ဆက်သွားမလား ကမ္ဘာ့ပြည်သူတွေ နိုးကြားစွာ ရွေးချယ်လာကြပါပြီ။

ထိုင်ဝမ် နဲ့ ဟောင်ကောင်ကို ရှီကျိန်းဖျင်က ခြိမ်းခြောက်ဖိနှိပ်နေတာဟာ ချိုင်းနားပြည်သူတွေအကြား ဒီမိုကရေစီ နိုးကြားမှုတွေ ဖြစ်မလာစေချင်လို့ပါပဲ၊ ချိုင်းနားပတ်လည်မှာ ဒီမိုကရေစီနိုးထလာဖို့နေရာက မြန်မာပြည်ပဲရှိပါတယ်။ ရှီကျိန်းဖျင်အနေနဲ့ မြန်မာ့ဒီမိုကရေစီအရေးကို ဆက်နှောင့်ယှက်နေမယ်ဆိုရင် ဟောင်ကောင်းနဲ့ ထိုင်ဝမ်တို့ရဲ့ ဒီမိုကရေစီအရေးမှာ မြန်မာပြည်သူတွေက Milk Tea Alliance ပလက်ဖောင်းကနေ ဝင်ကူရမှာ အထင်အရှားဖြစ်သွားပါပြီ။

မြန်မာပြည်သူတွေကို လာထိခိုက်စေတဲ့ ရှီကျိန်းဖျင်ရဲ့ လုပ်ရပ်တိုင်းဟာ ချိုင်းနားကွန်မြူနစ်ပါတီကိုသာ ပြန်ထိခိုက်စေမယ်ဆိုတာ ပြတ်ပြတ်သားသားပြန်ပြောရမယ့် အချိန်ရောက်ပါပြီ။ UWSA, AA, TNLA, MNDAA, RCSS, SSPP, KNPP, KNU, KIA, CDF တိုင်းရင်းသားလက်နက်ကိုင်အားလုံး ပြည်သူနဲ့ ပြတ်ပြတ်သားသားလက်တွဲကာ ရှီကျိန်းဖျင်လက်ဝါးကြီးအုပ်မှုကို ပြတ်ပြတ်သားသား ရှုတ်ချဆန့်ကျင်ရမယ့်အချိန် ရောက်လို့နေပါပြီ။

(၈)
မအလဟာ ၂၀၀၈ ခြေဥအရလည်း သက်တမ်းလွန်နေတဲ့ ကာချုပ်တစ်ယောက်ဖြစ်နေပြပြီ။ ၂၀၁၆ ပြည်လုံးကျွတ်ရွေးကောက်ပွဲကနေ တက်လာခဲ့တဲ့ အမေစုအစိုးရကလည်း မအလကို ကာချုပ်အဖြစ် သက်တမ်းမတိုးပေးခဲ့ပါဘူး။

၂၀၁၆ ကနေ ၂၀၂၁ ဇန်နဝါရီ လကုန်အထိ ကာလုံအစည်းအဝေး တစ်ကြိမ်မှ မခေါ်ခဲ့တာကြည့်ရင် အမေစုအစိုးရဟာ မအလကို ကာချုပ်အဖြစ် ဆက်မခန့်ခဲ့ဘူး ဆိုတာ ပေါ်လွင်နေပါတယ်။ ၂၀၀၈ ခြေဥရဲ့ အားနည်းချက်တွေကြောင့်သာ မအလဟာ ကာချုပါရာထူးမှာ မျက်နှာပြောင်တိုက် ဆက်ရှိနေနိုင်တာဖြစ်ပါတယ်။

တကယ်က မအလဟာ တရားမဝင်နည်းလမ်းနဲ့ ကာချုပ်ရာထူးကို သက်တမ်းဆွဲဆန့်ယူထားတာ ထင်ရှားနေပါပြီ။ ဒီ ဥပဒေကြောင်းဆိုင်ရာ အချက်ကို တပ်ထဲက ဗိုလ်ကြီးဗိုလ်မှူးတွေ လုံးဝနားလည်ထားဖို့လိုပါတယ်။ ဒီအချက်ကို တပ်ထဲက အောက်ခြေစစ်သည်မိသားစုတိုင်း နားလည်သွားဖို့လည်း အလွန်အရေးကြီးပါတယ်။

ဖေဖဝါရီလ ၁ရက်နေ့ကတည်းက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပြည်သူတွေအပေါ် မအလ ကျူးလွန်ထားခဲ့တဲ့ အကြမ်းဖက်မှု သတ်ဖြတ်မှုတွေကိုလည်း ကမ္ဘာက မှတ်တမ်းမှတ်ရာများနဲ့ စိစစ်မှတ်တမ်းတင်ပြီးဖြစ်နေပါပြီ၊ အဆင်သင့်တဲ့အချိန်မှာ မအလကို ဒီအမှုတွေရဲ့ ကမ္ဘာ့တရားရုံးကို ပို့ကြပါတော့မယ်။ ဒီလိုအခြေအနေရောက်နေတဲ့ မအလကို အသက်ပေးကာကွယ်မယ်ဆိုတဲ့သူတွေက ပညာတတ်အတွေးအခေါ်ရှိတဲ့ ဗိုလ်ကြီးဗိုလ်မှုး အရာရှိစစ်သည် ပညာရှင်စစ်သည်တွေအကြားမှာ လုံးဝမရှိသင့်တော့ပါဘူး။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုတွေ ရှိနိုင်ခဲ့ပေမဲ့ အမေစုအနိုင်ရဖို့ မတော်မတရားလုပ်ခဲ့တဲ့ မဲစာရင်းတွေ ပြည်သူတွေအကြား လုံးဝမရှိတာက တကယ့်သမိုင်းမှန်ဆိုတာ တပ်အုတ်တံတိုင်းထဲက ဗိုလ်ကြီး ဗိုလ်မှူးအဆင့်တွေ အားလုံး သိခဲ့ကြပါတယ်။

၂၀၂၀ မတ်လ ကိုဗစ်ပထမလှိုင်းကစလို့ အမေဒေါ်အောင်ဆန်းစုကြည်ဟာ ကိုဗစ်ပိုးပြည်သူအကြားမပြန့်နှံ့ရလေအောင် ဂရုတစိုက်ဆောင်ရွက်ခဲ့တာ၊ အမေစုကိုယ်တိုင် လက်ဆေးပြခဲ့တာ၊ အဝတ်နှာခေါင်းစည်းကိုယ်တိုင်ချုပ် ဝတ်ပြခဲ့တာတွေဟာ ပြည်သူတွေကိုယ်တိုင် ရင်ထဲမေ့မရတဲ့ ဆောင်ရွက်မှုတွေ ဖြစ်ခဲ့ပါတယ်။

ကိုဗစ်ဒုတိယလှိုင်းမှာ လူမျိုးရေး သွေးခွဲမှုဆိုက်ဝါးအဖြစ် ရခိုင်ဒေသကနေ ရန်ကုန်ဘက်ကို လေယာဉ်ခရီးစဉ်နဲ့ လူထောင်ချီဝင်ရောက်ခဲ့တာတွေရှိခဲ့ပြီး အဲဒီလူတွေနဲ့ အဆက်အသွယ်မရ၊ ‌စာရင်းပေးထားတဲ့ လိပ်စာတွေက မမှန်၊ သတင်းစာထဲထည့်ခေါ်ရတဲ့အထိ ခရီးသွားပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်မှာလည်း လူမျိုးရေးမုန်းတီးမှုကြီး ဖြစ်မလာအောင် အမေစုက အမျှော်အမြင်ရှိရှိထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့တာကို ပြည်သူတွေရင်ထဲ မေ့မရတဲ့ ဆောင်ရွက်မှုတွေ ဖြစ်ခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲဟာ သတ်မှတ်ထားတဲ့ရက်အတိုင်း ကျင်းပခဲ့ပေမဲ့ ရွေးကောက်ပွဲအနိုင်ရဖို့ အမေစုအချိန် သိပ်သုံးခဲ့တာ မတွေ့ရပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တောင်ပြိုကမ်းပြိုကောင်းကင်ပြို အနိုင်ရခဲ့တာ ပြည်သူတွေကိုယ်တိုင် ထောက်ခံအားပေးခဲ့လို့သာဖြစ်ပါတယ်။ ၁၉၉၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေကို စပ်ဆက်ကြည့်ရင် ပိုထင်ရှားနေပါပြီ။ ဒီအချက်ကိုလည်း တပ်အုတ်တံတိုင်းထဲက ဗိုလ်ကြီး ဗိုလ်မှူးတွေ သဘာဝကျကျရှုမြင်ရင်ဆိုင် လက်ခံနိုင်ဖို့ အရေးကြီးပါတယ်။

ဒီကနေ့ မအလက ကြားဖြတ်အစိုးရကြေညာပြီး သူ့ကိုယ်သူ ဝန်ကြီးချုပ် ပြန်ခန့်တဲ့ ကိစ္စဟာ ၂၀၀၈ ခြေဥနဲ့လည်းမညီ၊ လက်ရှိအနေအထားမှာလည်း အခြေအနေမဟန်တဲ့အတွက် သူ့ထွက်ပေါက်သူရှာဖို့ မျက်စိလှည့်တဲ့ လုပ်ရပ်ဖြစ်နေတာ ထင်ရှားလာပါတယ်။ ရှီကျိန်းဖျင်က မအလကို အခြေအနေဆက်မဟန်လို့ ထောက်ခံမှုရပ်လိုက်တာနဲ့ ရက်ပိုင်းအတွင်း မအလနေရာဖယ်ပေးရကိန်း ရှိနေတာကိုလည်း တပ်အုတ်တံတိုင်းထဲက ဗိုလ်ကြီး ဗိုလ်မှူးတွေ အမှန်အတိုင်း နားလည်ထားဖို့အရေးကြီးပါတယ်။

(၉)
အာဏာမသိမ်းခင်အထိ ကာကွယ်ဆေးတွေလည်းထိုးရတော့မယ်၊ လွှတ်တော်အသစ် အစိုးရအသစ်နဲ့ ပြည်သူတွေနဲ့ ပြည်သူရွေးချယ်တဲ့ကိုယ်စားလှယ်တွေ လက်တွဲကာ ကိုဗစ်ရောဂါဆိုးကြီးထဲက အတူရုန်းထွက်မယ်ဆိုတဲ့ မျှော်လင့်ချက်ရောင်ခြည်တွေဟာ ပြည်သူအားလုံးရဲ့ရင်ထဲမှာ အသီးသီးကိုယ်စီ ရှိနေကြပါတယ်။

အာဏာသိမ်းပြီး ၆လအကြာမှာ မြန်မာတစ်နိုင်ငံလုံးလက်တွေ့ဖြစ်သွားတာနဲ့ နှိုင်းယှဉ်ကြည့်ရင် မအလဟာ ဘာအရည်အချင်းမှ မယ်မယ်ရရမရှိတာ အလွန်ပေါ်လွင်လာပါတယ်။ နိုင်ငံရေးကစားကွက်သဖွယ်ကြည့်မယ်ဆိုရင် ရှီကျိန်းဖျင်က သန်းရွှေကိုထားခဲ့ပြီး၊ မအလကို ကောက်သုံးသွားနိုင်အောင် ရှီကျိန်းဖျင်ကို သန်းရွှေက ပိပိရိရိ ဂျင်းထည့်သွားနိုင် ခဲ့တယ်လို့ ပြောရတော့မှာပါပဲ။

ရှိပြီးသား မျဉ်းတကြောင်းကို တိုသွားစေချင်ရင် သူ့နံဘေးမှာ သူ့ထက်ရှည်တဲ့ မျဉ်းတစ်ကြောင်းကို ဆွဲလိုက်ပါဆိုတဲ့ နှိုင်းရသီအိုရီအရ မင်းအောင်လှိုင်ရဲ့ ၆လ ဆောင်ရွက်မှုဟာ ၁၉၈၈ – ၂၀၁၁ အကြား ၂၃နှစ်၊ ၂၀၁၁ – ၂၀၁၆ အကြား ၅နှစ်၊ သန်းရွှေ သိန်းစိန်အတွဲ ၂၈လနှစ်ကြာ မြန်မာပြည်ကို ခွာရောင်းခဲ့တာတွေကို ပြည်သူတွေ ရုတ်တရက် မေ့သွားစေတဲ့အထိ မအလ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့ပါတယ်။ မအလဟာ သူ့ကိုယ်သူ ဘယ်လောက်ရုပ်ပျက်ဆင်းပျက် ဖြစ်သွားသလဲ ခုချိန်ထိ သိပုံမရသေးပါဘူး။ သန်းရွှေ ဒီလောက်တောင် လူအရွေးပါးနပ် ခဲ့သလားဆိုပြီး မှတ်ချက်ချရတော့မယ့်ပုံပါပဲ။ ဒီအဖြစ်ကို တပ်အုတ်တံတိုင်းနောက်ထဲက ဗိုလ်ကြီး ဗိုလ်မှူးတွေ တည့်တည့်သုံးသပ်နိုင်ကြဖို့ အရေးကြီးပါတယ်။

ခုချိန်မှာ မအလအနေအထားကို သန်းရွှေ၊ သိန်းစိန်၊ ဌေးဦး၊ ခင်အောင်မြင့်၊ တင်အေး ကအစ၊ သန်းဌေးအထိ ဘယ်သူမှ လက်လျှိုချင်ပုံမရတော့ပါဘူး၊ ခင်ညွှန့်တောင် ဒီအချိန်မှာ ပါးစပ်ပိတ်နေလောက်နေပါပြီ။ လက်ရှိသူတို့ လူဟောင်းအုပ်စု အခြေအနေက ၂၀၀၈ ခြေဥနောက်မှာ ရှာထားတာတွေကို အသာအယာခွနေနိုင်တုန်း အခြေအနေထဲ ရှိနေကြတုန်းပါ။ ဒီအချက်ကိုလည်း တပ်အုတ်တံတိုင်းနောက်ထဲက ဗိုလ်ကြီး ဗိုလ်မှူးတွေ ရဲရဲတင်းတင်း သုံးသပ်နိုင်ဖို့ အရေးကြီးပါတယ်။

မအလဟာ ရပ်တည်ဖို့ ခုထက်အခြေအနေဆိုးလာရင် ပတ်ရမ်းပါတော့မယ်။ ချေးပေသွားတဲ့ မအလက သူပေနေတဲ့ချေး ပြောင်အောင် ပြန်မဆေးနိုင်ရင် သူ့နားကလူတွေအားလုံး ချေးပေဘဝတူဖြစ် သွားအောင် ချေးနဲ့လိုက်တို့ လာပါလိမ့်မယ်။ အဲလို မအလ ချေးနဲ့လိုက်တို့ခံရမှာက သိန်းနဲ့ချီတဲ့ တပ်အောက်ခြေ မိသားစုတွေနဲ့ တပ်အုတ်တံတိုင်းနောက်က ဗိုလ်ကြီးဗိုလ်မှူးတွေပဲ ဖြစ်နေပြန်ပါတယ်။ ဒီအချက်ကို တပ်အုတ်တံတိုင်းအနောက်ထဲမှာ နေနေကြတဲ့သူတိုင်း အချိန်မီ သိထားသင့်ပါတယ်။

ဒါဆို တပ်အုတ်တံတိုင်းအနောက်က ဗိုလ်ကြီး ဗိုလ်မှူးတွေ ဘာဆက်လုပ်မလဲ၊ တကယ့်မေးခွန်းလာပါပြီ။

နည်းလမ်းတစ်ခုက လွတ်ရာကျွတ်ရာကို ရက်တစ်ရာလောက် ကိုယ်လွတ်ရုန်းထွက်သွားလိုက်ပါ။ အဲဒီရက်တစ်ရာအတွင်း ဘာဆက်လုပ်ရမယ်ဆိုတာကို သေသေချာချာနားလည်လာပါလိမ့်မယ်။

နောက်တနည်းက ကိုယ့်အုတ်တံတိုင်းထဲက တပ်ရင်းတပ်ဖွဲ့မိသားစုတွေနဲ့ အားလုံးတိုင်ပင်ပြီး ဒီအုတ်တံတိုင်းထဲကတပ်ဟာ မအလနဲ့ ဘာမှမဆိုင်တော့ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်တပ်စခန်းတစ်ခုလို သီးခြားအစီအစဉ် ဖြစ်သွားပြီဖြစ်ကြောင်း၊ နယ်မြေသတ်မှတ်ချက်တစ်ခု ကြေညာပြီး သီးခြားနေလိုက်တဲ့ တဲ့နည်းလမ်းပဲဖြစ်ပါတယ်။ ဒီနည်းလမ်းကလည်း ရက်တစ်ရာလောက် စနေကြည့်တာနဲ့ ဘာဆက်လုပ်ရမလဲ ရှင်းရှင်းလင်းလင်း ဆက်သိလာပါလိမ့်မယ်။

နောက်တစ်နည်းက NUG အစိုးရကို ဆက်သွယ်ပြီး တပ်အုတ်တံတိုင်းကြီးတစ်ခုလုံး ပြည်သူ့ရင်ခွင် ခို‌လှုံဝင်ရောက်တဲ့နည်းလမ်းဖြစ်ပါတယ်။ လူပီသစေတဲ့ နည်းလမ်းဖြစ်ပြီး ဒီကာလကို ဘယ်လိုကျော်ဖြတ်လာသလဲဆိုတဲ့ ဘဝမှတ်တမ်းကောင်းကို ကိုယ်တိုင်ပိုင်ဆိုင်ခွင့် ရလာစေမယ့် နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းအတိုင်း ဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင်တော့ အကောင်းတကာ့ အကောင်းဆုံးပါပဲ။

ဒီနည်းလမ်းတွေကို တိုက်ခိုက်ရေးတပ်တွေရော အခြား ဆက်သွယ်ရေးတပ်၊ ဆေးတပ်၊ အမြှောက်တပ်၊ ယန္တရားတပ်၊ စစ်မြေပြင် အင်ဂျင်နီယာတပ်၊ ထောက်ပို့တပ်၊ သတင်းထောက်လှမ်းတပ်၊ စစ်လက်နက်ထုတ်လုပ်ရေးတပ်၊ သတင်းစီမံခန့်ခွဲရေးတပ် ဘယ်တပ်မဆို အသုံးပြုနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ရေတပ်နဲ့ လေတပ်ထဲက ဗိုလ်ကြီး ဗိုလ်မှူးတွေလည်း အချိန်မီ ကိုယ့်ကိုယ်ကို ကယ်တင်ကြပါ။ မအလ ချေးနဲ့လိုက်တို့တာခံရတဲ့ ဘဝမရောက်ပါစေနဲ့။

(၁၀)
နောက်ဆုံး ဆွေးနွေးဖို့ကျန်တာက မအလ ဒီနေ့ ‌ပြောသွားတဲ့ အိမ်စောင့်အစိုးရ အစီအစဉ်ဟာ ရှီကျိန်းဖျင်၊ ရန်ကြားချီ၊ ဝမ်ယိ နဲ့ ဆွန်ဂေါ်ရှန်းတို့ဆီက ကျလာတဲ့ အစီအစဉ်ဆိုရင် ဒီအစီအစဉ်အထဲမှာ UWSA, AA, TNLA, MNDAA, RCSS, SSPP တို့ကို ထည့်သွင်း အသုံးချပြီးဖို့ အခြေအနေတွ ပိုဆိုးသွားအောင် မွှေနှောက်ပစ်ဖို့ ထိုးကျွေးဖို့ ချနင်းဖို့တွေ ပါလာတော့မယ်လို့ တွက်ထားရပါမယ်။
နမူနာပြောရရင် ကျောက်ဖြူကူမင်း ပိုက်လိုင်းကို မအလက တစ်ဖက်လှည့် ဖောက်ခွဲပစ်ပြီး ရှီကျိန်းဖျင်တပ်တွေ ရုတ်တရက် ဝင်ရောက်လာတာ မျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒါမျိုးဖြစ်လာရင် လုံးဝလက်မခံပါနဲ့၊ ပြည်ပကျူးကျော်မှုလို့ ကြေညာပြီး ချက်ခြင်းရင်ဆိုင်ပစ်ကြပါ။ ကိုယ့်တာ ကိုယ်လုံအောင်လုပ်ပြီး တာနဲ့ ကျူးကျော်လာတဲ့သူတွေကို စုပေါင်းရင်ဆိုင်လိုက်ကြပါ။ USA, India, Japan, Australia လေးနိုင်ငံအဖွဲ့ကလည်း ချက်ခြင်းဆက်သွယ်လာပါလိမ့်မယ်။ ပြည်သူတစ်ရပ်လုံးကလည်း ချက်ခြင်းတုန့်ပြန် ပါဝင်လာကြပါလိမ့်မယ်။

အဲလိုမှမဟုတ်ပဲ ဆွန်ဂေါ်ရှန်းက အပျော့ဆွဲနဲ့ နွေဦးတော်လှန်ရေး နဲ့ ခပ်ကင်းကင်းနေခိုင်းပြီး သီးခြားနယ်မြေပိုင်နက်ကိုသာ ချဲ့ထွင်ယူထားဖို့ တိုက်တွန်းလာတာရှိရင်လည်း လုံးဝ လက်မခံကြပါနဲ့။

ရှီကျိန်းဖျင်ဟာ ခုချိန်မှာ ကိုဗစ်ရောဂါပိုးကို သူ့ပြည်တွင်းမှာ တာဝန်ကျေအောင် မထိန်းချုပ်နိုင်ခဲ့သူ၊ တာဝန်သိ ချိုင်းနားနိုင်ငံသားတွေဖြစ်တဲ့ ဒေါက်တာလီနဲ့ ဝူဟန်ဆေးရုံအုပ်ကြီးတို့ ထူးဆန်းတိုက်ဆိုင်စွာ ‌ရှေ့ဆင့်နောက်ဆင့် သေဆုံးသွာခဲ့ရမှုမှာလည်း အဓိက သံသယရှိတဲ့သူ၊ စသဖြင့် တစ်ချိန်မှာ ကမ္ဘာက ခုံရုံးတင် မေးခံရနိုင်တဲ့သူ ဖြစ်နေပါပြီ။

အဲဒီတော့ UWSA, AA, TNLA, MNDAA, RCSS, SSPP တို့အနေနဲ့ ပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးမှာ ပူးပေါင်းပါဝင်လိုက်ကြပါ။ လူယုတ်မာ မအလကို အရေးယူဖို့ ပြည်သူနဲ့သာ လက်တွဲကြပါ။ နယ်မြေဒေသ၊ လူမျိုးရေး၊ ဘာသာရေး ဆိုတဲ့ ရှီကျိန်းဖျင် ထောင်ချောက်ကို လွတ်အောင်ရှောင်ကြပါ။ ကမ္ဘာကြီးမှာ ဖက်ဒရယ်ဒီမိုကရေစီ စနစ်သာလျှင် ပိုမိုထွန်းကားလာမှာဖြစ်ပြီး လက်နက်အားကိုး အာဏာပြတဲ့ ဘယ်စနစ်မဆို မလွဲမသွေ ကျရှုံးသွားမှာဖြစ်ပါတယ်။ ပြည်သူသည်သာအဓိကဆိုတာကို UWSA, AA, TNLA, MNDAA, RCSS, SSPPတို့လည်း နားလည်သဘောပေါက်နေဖို့ အထူးလိုအပ်ပါတယ်။

ဩဂုတ်လကစပြီး စစ်ပွဲကြီးတွေ စဖြစ်လာနိုင်တဲ့ အရိပ်အယောင်တွေ တွေ့နေရပါပြီ။ နေရာယူ မမှားကြပါနဲ့၊ ပြည်သူနဲ့သာ လက်တွဲကြပါ၊ ပြည်သူသည်သာ အဓိကဆိုတာ ဘယ်တော့မှ ဖျောက်ဖျက်လို့မရတော့ပါဘူး၊ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းဖို့ သံဓိဋ္ဌာန် ခိုင်ခိုင်မာမာ ချထားပြီးပါပြီ၊ ဘယ်လို အခက်အခဲတွေ့ပါစေ နောက်မဆုတ်စတမ်း တော်လှန်သွားမယ်လို့လည်း စိတ်ပိုင်းဖြတ်ပြီးကြပါပြီ၊

အခုရန်ကုန်မှာ ကိုဗစ်ရောဂါပိုးကြောင့် ပြည်သူတွေ ထိခိုက်အသက်ဆုံးနေပါတယ်၊ အသက်မဆုံးခင် ပြည်သူတွေကို လိုက်မေးရင် အောက်စီဂျင်ရဖို့အတွက် ဆေးကုသဖို့အတွက် မအလ လူယုတ်မာကို ဘယ်တော့မှ ဒူးမထောက်နိုင်ဘူး၊ လက်သုံးချောင်းသာထောင်ပြပြီး ဒီအာဏာရူးတွေကို အမြစ်ပြတ်တော်လှန်ကြပါလို့ ပြောသွားမယ့်သူချည်းပါပဲ။
အရေးတော်ပုံအောင်ရမည်

Tzm Tzm