
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပန်းတွေ ပွင့်လန်း၊ ဘေးမသန်းပဲ အေးချမ်းရတော့မယ်
ဖေဖော်ဝါရီ ၁ ရက်နေ့အာဏာသိမ်းဖို့ကြိုးစားမှုကနေ စစ်ကောင်စီရဲ့ လုပ်ရပ် တစ်ခုချင်းစီမှာ ဒီကနေ့ အိမ်စောင့် အစိုးရအဖြစ်အထိ သုံးသပ်ရရင် ရွေးကောက်ပွဲ အနိုင်ရပါတီ NLD နဲ့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို မြန်မာပြည်နိုင်ငံရေးဖြစ်စဉ်ကနေဖယ်ရှားဖို့အထိရည် မှန်းထားတယ်ဆိုတာ ထင်ရှားတယ်။
ရွေးကောက်ပွဲ ရလာဒ်ကို ဖျက်သိမ်းကြောင်း ကြေညာပြီး ရက်အနည်းငယ်အကြာ အခု နောက်ခြေလှမ်းအဖြစ် စစ်ယူနီဖောင်းကို ချွတ်၊ အရပ်ဝတ်ပြောင်း၊အိမ်စောင့် အစိုးရ ပုံပြောင်းလိုက်တယ်။ တချိန်က အများအမြင် စစ်ခေါင်း ဆောင်ဟောင်းတွေ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ကာကွယ်ချင်ဟန် ရှိခဲ့ပေမယ့်အခုနောက်ဆုံးလုပ်ရပ်မှာ ရန်သူ
စစ်အုပ်စုဟာ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ကိုးကားတာမျိုး မမြင်ရတော့ဘူး။ ပြည်သူတစ်ရပ်လုံးကလည်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲ နိုင်ငံရေးကို လက်ခံနိုင်စရာ မရှိတော့ဘူး။ဒါကို လည်း စစ်အုပ်စု သိနေတယ်။ ဒါကြောင့် ၆ လနဲ့ ရွေးကောက်ပွဲ လုပ်ပေးမယ် ကြေညာခဲ့ပေမယ့် မဖြစ်နိုင်ဘူးဆိုတာ သိတဲ့ စစ်အုပ်စုဟာ ဒီလို အိမ်စောင့်
အစိုးရ အသွင်ပြောင်းပြီး ဘာ ဖွဲ့စည်းပုံကိုမျှ မကိုင်တော့ပဲ ပါးစပ်ထဲက ထွက်သမျှ ဥပဒေ အဖြစ် အာဏာတည်သည်ဆိုတဲ့ အရပ်ဝတ်သကာရည်အုပ်ထားတဲ့စစ်အာဏာ ရှင် ယန္တယားကို ပြောင်ပြောင်တင်းတင်း ပုံဖော်လာနေတယ်။အာဏာသိမ်းခဲ့တာ ၆ လ ကြာတဲ့ အထိ အောက် ခြေ ရပ်/ ကျေး အုပ်ချုပ်ရေး ယန္တယားကိုတောင်
မတည်ဆောက်နိုင်သေးပဲ အပေါ်ထပ် ယန္တယားတွေကိုသာပဲ တပ်တွင်းစည်းရုံးရေး လုပ်တဲ့အနေနဲ့ လုပ်ပိုင်ခွင့်တွေ ခွဲပေးပြီး ရာထူးတွေ တပ်ကာ အပိုင်စားပေးတဲ့ နည်းနာနဲ့ လုပ်ဆောင်နေတယ်။ စစ်တပ်ဟာ အာဏာကို လွယ်လွယ်နဲ့ လက်လွှတ်ဖို့ မရှိနိုင်တဲ့ သမိုင်း သာဓကတွေ ရှိခဲ့သလိုအခုလည်း လက်လွှတ်ပေးမယ့် အရိပ်အယောင် မရှိဘူး။
ဒါကို စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစု အားလုံး ရှင်းရှင်းလင်းလင်း နားလည်လက်ခံဖို့ လိုအပ်ပါမယ်။စစ် အုပ်စုဟာ အခုလို နိုင်ငံတကာသံတမန်မျက်နှာစာမှာ အင် အားနည်းနေချိန်၊ ပြည်တွင်း အုပ်ချုပ်ရေးနဲ့လူထု စည်းရုံး ရေး ကျဆင်းချိန်တွေမှာ ဘယ်လိုနည်းနဲ့မှ အာဏာလက်လွှွတ်ဖို့ မရှိဘူးဆိုတာ အသေအချာဖြစ်တယ်။
ဒီအတွက် သူဟာ အာဏာ တည်မြဲရေး ကြိုးစားလုပ် ဆောင်မှုတွေကို ဆထက်တန်ပိုးတိုးပြီး စစ်ရေးနဲ့ လုပ်လာဖို့ ရှိနိုင်တယ်။ဒီလို အချိန်မှာ မြန်မာနိုင်ငံရေးအကြပ်အတည်းကို စစ်ကောင်စီနဲ့ တစ်စုံတရာ ဆွေးနွေးရေး ထွက် ပေါက်ကတဆင့် ပျူကြည့်ဖို့ နိုင်ငံတစ်ချို့ရဲ့ တိုက်တွန်းမှုတွေနဲ့ အတူ စစ်အာဏာရှင် ဆန့်ကျင်ရေး
အင်အားစုများအကြား စစ်အုပ်စုနဲ့ ဆွေးနွေး အဖြေရှာရေး အတွေးစတွေ ပေါ်ထွန်းလာနိုင်မယ်။ အထူးသဖြင့် ပျက်ပြယ်သွားပြီဖြစ်တဲ့ NCA ကိုပဲ ပြန်အစကောက်၊ ဟန်ပြ ငြိမ်းချမ်းရေးလုပ်ကာ စစ်အုပ်စု က သူ့ အာဏာ တည်ဆောက်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများကို အသုံးချသွားရေး က စစ်အုပ်စုရဲ့အဓိက ဗျူဟာပဲဖြစ်တယ်။
အဲဒီလို စစ်အုပ်စုနဲ့ ဆွေးနွေးရေး ထွက်ပေါက်ဟာ တစ်ခုတည်းသော ထွက်ရပ်လမ်းလို့ထင်မှတ်မှားမယ့် အချိန်ကုန် လူပန်းတော်လှန်ရေးပန်းနာရင်ကြပ်ဖြစ်မယ့် အတွေးအခေါ် အယူအဆမျိုးတွေ ဒီကာလမှာ မရှိသင့်တော့ဘူး။ ဒီတော့ ဘာလုပ်မလဲ။ အခု တည်ဆောက်နေတဲ့ တော်လှန်ရေး ခြေလှမ်းတွေကို ဒီထက် ၂ ဆ ၃ ဆ မြန်မြန် လှမ်းဖို့လိုမယ်။
လုပ်ဆောင်ချက်တိုင်းမှာ အချိန်နှေးစေမယ့် ပရိုတိုကောတွေကို ချန်ထားကျော်လွှားပြီး နယ်မြေစိုးမိုးမှု အမြန်ဆုံး ကျယ်ကျယ်ပြန့်ပြန့် ရရှိဖို့ ပြည်တွင်းမှာ စစ်ရေး ပြင်ဆင်အားဖြည့်ချိတ်ဆက်မှု အရှိန်မြှင့်ရမယ်။
အဲဒီလို အရှိန်မြှင့်နိုင်ဖို့ ငွေအား၊ လူအား၊ နည်းပညာအားတွေကို ရနိုင်သမျှ ရအောင် တစ်ဦးချင်းစီတိုင်းက စွမ်းဆောင်မှုတွေကို လက်ကုန် တက်ကုန် ဖွင့်ဖို့လိုအပ်မယ်။ နိုင်ငံတကာ ဆက်ဆံရေးမှာလည်း စစ်အုပ်စုရဲ့ ခြေလှမ်းတိုင်းကို ရိုက်ချိုးနိုင်မယ့် နည်းလမ်းပေါင်းစုံကို ကြိုးစား လုပ်ဆောင်ရမယ်။ အဓိက အကျဆုံးကတော့ ပြည်တွင်း တိုင်းရင်းသား အင်အားစု အားလုံးဟာ ဒီထက် ပိုပြီး စည်းလုံးညီညွတ် ပြီး ဟန်ချက်ညီတဲ့ လက်တွဲလုပ်ဆောင်မှုတွေနဲ့ ရန်သူ စစ်အုပ်စုကို ဒီတစ်ပွဲမှာ အမြစ်ပြတ် ချေမှုန်းကြဖို့ပဲ။
ဒီတော့ ဒေသခံ PDF တွေနဲ့ NUG က ဖွဲ့စည်းထားတဲ့ PDF တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို စနစ်တကျ လက်တွဲပူးပေါင်းစစ်ဆင်ရေးများ ပိုမိုအားကောင်းစေရေး၊ ၎င်းတို့အား စစ်လက်နက်တပ်ဆင်ရေး၊ ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှု၊ ဆက်သွယ်ရေးလုပ်ငန်းများအားလုံးကို အချိန်နဲ့တပြေးညီ အားဖြည့် ကူညီပံ့ပိုးမှုတွေ ဒီထက် အရှိန်မြှင့်ဖို့လုပ်ရမယ်။ CDM ကလည်း နွေဦးတော်လှန်ရေးရဲ့အောင်ပွဲပန်းတိုင် စစ်အာဏာရှင်ကျဆုံး သည်ထိ အတူချီတက်ကြရင်း လာလင့်ဆဲ CDM တွေကိုလည်း လက်ကမ်းကြိုဆိုကြရမယ်။
အခုဆို စစ်အုပ်စုအောက်မှာနေရပေမယ့် ပြည်သူ့တပ်မတော်သားအဖြစ်၊ ပြည်သူ့ရဲအဖြစ် ခံယူလိုသူ အရာရှိ အရာခံ အကြပ်၊ တပ်သားတွေဟာ တဖွဲဖွဲနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေ တိုးလာနေကြပြီ။ စစ်ဘက်၊ ရဲဘက်က ရာထူးကြီးကြီးမားမားယူထားကြသူတွေလည်း ပြည်သူနဲ့ အတူ ရပ်တည်ဖို့ အထူးလျှို့ဝှက်ကာ ချိတ်ဆက်ကမ်းလှမ်းလာနေကြပြီ။ တိုင်းရင်းသား အင်အားစုတွေကြား စစ်အုပ်စုဟာ ငြိမ်းချမ်းရေး qဆွေးနွေးမှု ကမ်းလှမ်းလာတာဟာ စစ်အုပ်စု အင်အားနည်းနေချိန်မှာ အာဏာတည်ဆောက်ဖို့ အချိန်ဆွဲတံတား တစ်စင်းခင်းယုံသက်သက်သာပဲ ဆိုတာ ထင် ရှားတယ်။
တဖက်ကလည်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို တစ်စုတစ်ဝေးတည်း ညီညွတ်တာကို မလိုလားလို့ သူ့ရန်သူအုပ်စု စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေကြား သွေးစည်းပျယ်ဖို့ အဆိပ်ရည် အတွေးစ သွပ်သွင်းတာဖြစ်တယ်။ ပြည်သိမ်းတိုက်ပွဲများ ဆင်နွှဲပြီး အောင်ပွဲအလွန်မှာ တော်လှန်ရေးအင်အားစုအားလုံးဟာ မြန်မာနိုင်ငံရဲ့ အနာဂါတ်ကို စစ်အုပ်စုရဲ့ ရန်ဆွယ်တွေ မရှိတော့တဲ့အတွက် စိတ်ကြိုက် ဖန်တီးတည်ဆောက်နိုင်ကြမယ်။ ဒါဟာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပဲ ဖြစ်မလား၊
ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုပဲ ဖြစ်မလားဆိုတာ ကတော့ အားလုံးရဲ့ သဘောဆန္ဒများအပေါ်မှာသာ အခြေခံမယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး မရဖြစ်နေတဲ့ အဓိက တရားခံက စစ်တပ်ပါပဲ။ စစ်တတ်ကြောင့်သာ ငြိမ်းချမ်းရေး မရသေးတာပါ။ ဒါကို အားလုံး အသိပဲ ဖြစ်မှာပါ။ သေချာတာကတော့ အကြမ်းဖက် စစ်အုပ်စု မရှိတော့မယ့် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပန်းတွေ ပွင့်လန်း၊ ဘေးမသန်းပဲ အေးချမ်းရတော့မယ်။ အရေးတော်ပုံ အောင်ရမည်။
Credit-လင်းသန့် ( ပရာဟာ )