
စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်း ဆန့်ကျင်ရာက တိမ်းရှောင်နေတဲ့ ဝန်ထမ်းတွေ၊ တတ်သိပညာရှင်တွေ နဲ့ နယ်ပယ်အသီးသီးကပုဂ္ဂိုလ်တွေ ပြန်လာရင် အမှုပိတ်ပေးမယ်လို့ စစ်ကောင်စီက ကြေညာလိုက်ပါတယ်။
ဒါပေမဲ့ လူသတ်၊ဗုံးခွဲ၊မီးရှို့၊လုယက်မှုတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်သူတွေ၊ နိုင်ငံပိုင်အဆောက်အအုံတွေကို ဖျက်ဆီးသူတွေနဲ့ အကြမ်းမဖက်အာဏာဖီဆန်မှု CDM မှာ ထဲထဲဝင်ဝင် ပါနေသူတွေကိုတော့ အမှုပိတ်သိမ်းပေးမယ့်စာရင်းမှာ မပါဘူး လို့ စစ်ကောင်စီက အတိအလင်း ကြေညာပါတယ်။
‘ရိုးရိုး CDM လုပ်တဲ့ သူတွေကိုလည်း ကျွန်တော်တို့ပြန်လက်ခံနေပါတယ်’ လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က အရာရှိတစ်ဦးက ဘီဘီစီကို ပြောပါတယ်။ပြန်လာချင်သူတွေ ဆက်သွယ်ဖို့ တိုင်းနဲ့ ပြည်နယ် ရဲစခန်းဖုန်းနံပါတ်တွေ နဲ့ အီးမေးလ်လိပ်စာတွေ ကို နိုင်ငံပိုင်သတင်းစာတွေမှာ ထည့်သွင်းကြေညာထားပါတယ်။
ဒီနံပါတ်တွေဟာ အရင်က CDM လုပ်တဲ့သူတွေကို တိုင်ဖို့ဖွင့်ထားတဲ့ ဖုန်းနံပါတ်တွေလည်း ဖြစ်ပါတယ်။အခုတော့ ပြန်လာချင်သူတွေကို ကူညီပေးမယ့် ဖုန်းတွေအဖြစ် ပြောင်းလိုက်ပြန်ပါပြီ။ကရင်ပြည်နယ်ရဲတပ်ဖွဲ့က မနက်ကအထိ ဒီလိုပြန်လည်လက်ခံရေးအစီအစဥ်ကို မသိရှိသေးပါဘူး။
ဘီဘီစီက ဆက်သွယ်မေးမြန်းတဲ့အခါ တာဝန်ကျအမျိုးသမီးတစ်ဦးက CDM တွေကို တိုင်ကြားဖို့ ဆက်သွယ်လာတယ်လို့ ထင်နေသေးတာပါ။အလားတူ ချင်းပြည်နယ်ရဲတပ်ဖွဲ့ကလည်း ဘီဘီစီရဲ့မေးမြန်းမှုကို မဖြေကြားနိုင်ပါဘူး။
ဒါပေမဲ့ ရန်ကုန်တိုင်းနဲ့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့ကတော့ လုပ်ငန်းစဥ်တွေကို သေချာရှင်းပြနိုင်ပါတယ်။ပြန်လာမယ့်သူတွေက ကိုယ်ရေးအချက်အလက်တွေကို ရဲစခန်းကို ဖုန်းဆက်ပေးရမှာဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အတူ သက်ဆိုင်ရာရဲစခန်းကို လာရမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းက ရဲအရာရှိတစ်ဦးက ရှင်းပြပါတယ်။
‘စခန်းကိုလာရင် ကျွန်တော်တို့ လုံးဝမဖမ်းဘူး’လို့ သူက အာမခံ ပါတယ်။အဲ့ဒီနောက် အမှုပိတ်သိမ်းတဲ့ လုပ်ငန်းစဥ်တွေကို ဆက်လုပ်ပေးသွားမယ်လို့ ရဲအရာရှိက ပြောပါတယ်။စစ်ကောင်စီအနေနဲ့ ဖမ်းထားသူတွေကို ပြန်လွှတ်ပေးနေတာတွေ၊ အမှုပိတ်သိမ်းပေးတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
နောက်ဆုံး ပြန်လွှတ်ပေးခဲ့တာက သြဂုတ် ၂ ရက်က ဖြစ်ပြီး ရန်ကုန် အင်းစိန်ထောင် နဲ့ ပုသိမ် အကျဥ်းထောင်တို့မှာ လှုံ့ဆော်မှု၊ မမှန်သတင်းဖြန့်မှု ပုဒ်မ ၅၀၅-က နဲ့ ချုပ်နှောင်ခံထားရတဲ့ ဆရာဝန်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတချို့ကို ပြန်လွှတ်ပေးခဲ့တာပါ။
ဒါပေမဲ့ တစ်ဖက်မှာလည်း အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြသူတွေကို အရပ်ဝတ်တွေနဲ့ ဖမ်းတာတွေ၊ သံပုံးတီးတဲ့ လမ်းတွေကို ညအချိန်မတော်ဝင်ဖမ်းတာတွေလည်း ပြုလုပ်နေဆဲပါ။
စမ်းချောင်းမြို့နယ်ထဲက သံတံတားလမ်းက လူငယ်တချို့ကိုလည်း သြဂုတ် ၂ ရက် ည မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါသေးတယ်။အိမ်စောင့်အစိုးရလို့ အမည်ပြောင်းလိုက်တဲ့ သြဂုတ် ၁ ရက် နေ့မှာပဲ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကို ပြင်ဆင်ပြီး ထောင်ဒဏ်တွေကို တိုးမြှင့်လိုက်ပါတယ်။
စစ်ကောင်စီက မတရားအသင်းကြေညာထားတဲ့ CRPH၊ NUG နဲ့ PDF တို့ကိုထောက်ခံတဲ့ လိုဂိုတွေကို လူမှုကွန်ရက်မှာ အသုံးပြုရင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ငြိစွန်းတယ်လို့ ခြိမ်းခြောက်ထားပါတယ်။
စစ်ကောင်စီကထုတ်ပြန်ထားတဲ့ ရဲတပ်ဖွဲ့ရုံးတွေရဲ့ ဖုန်းတွေကို ဘီဘီစီက ဆက်သွယ် စုံစမ်းကြည့်တဲ့အခါ ပြန်လာဖို့ စုံစမ်းတဲ့သူဟာ ဆယ်ဂဏန်းတောင်မရှိသေးတာ တွေ့ရပါတယ်။CDM လုပ်ပြီးတိမ်းရှောင်နေတဲ့ ဆရာဝန်တစ်ဦးက ဆိုရင် အခုလိုပြန်ခေါ်တာကို အယုံအကြည်မရှိဘူး လို့ ဘီဘီစီကိုပြောပါတယ်။