မနက်စောစော ဖတ်စေချင်စေမိတဲ့ ကောင်းသတင်းလေး ၂ ပုဒ်

ကဲ ချစ်သောသူများ ကောင်းသတင်းလေးများ ဖတ်ပါဦး ၂ သတင်းလေးက အသက်ပါ

၁။ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် အမေရိကန်နိုင်ငံဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသောအခြေအနေများ၊

အာဆီယံ Envoy ခန့်အပ်ထားရှိမှု ၊ Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အမျိုးသားညီညွတ်ရေးအစိုးရမှ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ နှင့် နိုင်ငံတကာမှကူညီဆောင်ရွက်ပေးနိုင်မည့်နည်းလမ်းများ၊ နှင့်စပ်လျဉ်းပြီးဆွေးနွေးခဲ့ကြပါသည်။

၂။အာဆီယံဝန်ကြီးများ အစည်းအဝေးက သိမှတ်စရာများ

မြန်မာ စကစ ဘက်က အချိန်ဆွဲထားတဲ့ အထူးကိုယ်စားလှယ်ခန့်အပ်ရေးကို အခုအစည်းအဝေးမှာ အတည်မပြုရင် မြန်မာ့ပြသနာကို အာဆီယံက မကိုင်ပဲ အဓိက အလှူရှင်တွေဖြစ်တဲ့ တရုတ် အမေရိကန် ဂျပန်နဲ့ ဥရောပသမ္မဂကို ပြန်လွှဲပေးမယ်ဆိုတဲ့ အင်ဒိုနီးရှာ စင်္ကာပူ နဲ့ မလေးရှားနိုင်ငံတွေက သတိပေးခဲ့သည့်အတွက် စကစ က အထူးကိုယ်စားလှယ်ကို လက်ခံခဲ့ရသည်။

အထူးကိုယ်စားလှယ် လက်ခံပေးတဲ့အတွက် အစည်းအဝေးဆုံးဖြတ်ချက်မှာ ”နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါအဝင် ” ဆိုသည့် စကားစုအား ဖြုတ်ချပေးရန် စကစ မှ တောင်းဆိုခဲ့သည်။

စကစ တောင်းဆိုချက်ကို အင်ဒိုနီးရှားနဲ့ စင်္ကာပူက လက်မခံပေမဲ့ ကျန်အဖွဲ့ဝင်နိုင်ငံတချို့က လက်ခံပေးခဲ့သည်။

သို့သော် အဆိုပါအသုံးအနှုံးကို ဖြုတ်ချပေးသည့်အတွက် စကစ မှ ပြန်သဘောတူပေးရသည့်အချက်တွေကတော့ အာဆီယံက တဆင့်ပေးမယ့် လူသားချင်းဆိုင်ရာအကူအညီတွေကို လွတ်လပ်တဲ့အဖွဲ့အစည်းများကတဆင့်သာ ပေးမည်ဆိုသည့်အချက်ကို သဘောတူပေးခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့် အပါအဝင် တွေ့ချင်သူတိုင်းကို အထူးကိုယ်စားလှယ်နှင့် လွတ်လပ်စွာပေးတွေ့ရန်သဘောတူခဲ့ရသည်။အထူးကိုယ်စားလှယ်ကို မည်သည့်အချိန်လာခွင့်ပြုမည်ကို စကစ မှ ရက်ပိုင်းအတွင်းအကြောင်းပြန်ရမည်။

၃။အမျိုးသားကျန်းမာရေးညီလာခံ (National Health Conference) တတိယနေ့ ဆက်လက်ကျင်းပ (၄-၈-၂၀၂၁)

အမျိုးသားကျန်းမာရေးညီလာခံ (National Health Conference) ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂) ရက်နေ့မှ (၅) ရက်နေ့အထိ Online Virtual Platform အသုံးပြုပြီး ကျင်းပပြုလုပ်လျက်ရှိပါသည်။

ညီလာခံတတိယနေ့ကို ယနေ့ (၄-၈-၂၀၂၁) နေ့လယ် (၁၂) နာရီမှ ညနေ (၄) နာရီအထိ ကျင်းပခဲ့ပြီး Burma Medical Association (BMA) ၏ Vice Chairperson ဒေါက်တာခင်စောဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် ပညာရေးနှင့်ကျန်းမာရေးဝန်ကြီးဌာန ပါမောက္ခ ဒေါက်တာဇော်ဝေစိုး၊ BMA Advisor ဒေါက်တာသိန်းဝင်းနှင့် BMA EC အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာမြင့်ချိုနှင့် ဒေါက်တာဆလိုင်း Pacin တို့က မြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေ

ဆန်းစစ်သုံးသပ်ချက်များ၊ ကာကွယ်ထိန်းချုပ်ကုသရေးဆောင်ရွက်မှုများ၊ ဖက်ဒရယ်ကျန်းမာရေးမူဝါဒများ၊ Universal Health Coverage ဆိုင်ရာများ တင်ပြဆွေးနွေးခဲ့ပြီး BMA/NHEC တည်ထောင်သူ ဒေါက်တာနိုင်ရွှေသိန်းက အပိတ်အမှာစကားပြောကြားခဲ့ပါသည်။

ညီလာခံတတိယနေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ ကျန်းမာရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊

ပြည်တွင်းပြည်ပမှ ဆေးပညာရှင်များ၊ တတ်သိပညာရှင်များနှင့် ဆေးနှီးနွှယ်ကျောင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ လူဦးရေစုစုပေါင်း (၁၀၀) ခန့် တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ညီလာခံကို ဩဂုတ်လ (၅) ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။

Source – May Thingyan Hein – Myitmakha