အဆိုးဆုံးကို ရင်ဆိုင်ဖို့အတွက်လည်း ပြင်ဆင်ထားပါပြီ ” တဲ့

” သမိန်ဗရမ်း ( သို့မဟုတ် ) သံအမတ်ကြီး ဦးကျော်မိုးထွန်း ”

( FINANCIAL TIME သတင်းဌာနရဲ့ ဘန်ကောက်အခြေစိုက် သတင်းထောက် JOHN REED ရဲ့ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ပါတယ် ။ )

ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ နယူးယောက်အခြေစိုက် ကုလသမဂ္ဂရုံးမှာ တာဝန်ထမ်းဆောင်နေသူပါ ။ မက်ဟန်တန် နဲ့ ဝက်စ်ချက်စ်တာ ရပ်ကွက်က ရုံးနဲ့ နေအိမ်မှာနေရင်း တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်နေတယ် ။

ဖေဖော်ဝါရီ အာဏာမသိမ်းခင်အချိန်အထိတော့ ဦးကျော်မိုးထွန်းကို မြန်မာပြည်သားတွေရော နိုင်ငံတကာကရော သိပ်ပြီး ရင်းရင်းနှီးနှီး မရှိလှပါဘူး ။ ရိုဟင်ဂာပြဿနာနဲ့ပတ်သက်တဲ့ ကုလဆွေးနွေးပွဲတွေမှာ အနည်းငယ်လောက်သာ ပါဝင်ခဲ့တယ် ။

သို့ပေမယ့် အာဏာသိမ်းပြီးစ ဖေဖော်ဝါရီ ၂၆ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Christine Schraner Burgener နဲ့ တွေ့ဆုံဆွေးနွေးစဉ်မှာတော့ လက်သုံးချောင်းထောင်ပြီး မြန်မာပြည်သူတွေဘက်မှာ ရပ်တည်တဲ့အကြောင်းကို ကမ္ဘာသိအောင်ပြသလိုက်တယ် ။

ကုလကိုယ်စားလှယ်အများစုက လက်ခုပ်တီးပြီး သြဘာပေးကြတယ် ။ ကုလသမဂ္ဂအဖွဲ့အတွင်းမှာ မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်းဆိုတဲ့ နာမည်က ဟိုးလေးတကြော်ဖြစ်သွားတယ် ။ ကိုယ်စားလှယ်အများစုက သတ္တိရှိသူလို့ ချီးကျူးကြတယ် ။

ဟုတ်ပါတယ် ။ သံအမတ်ကြီး ဦးကျော်မိုးထွန်း ရွေးလိုက်တဲ့လမ်းဟာ သတ္တိရှိမှ လျှောက်လှမ်းလို့ရတာပါ ။ ရက်စက်ယုတ်မာတဲ့ စစ်ကောင်စီကို ပြည်သူတွေကိုယ်စား စစ်မျက်နှာဖွင့်လိုက်တာပါ ။ အန္တရယ်များမယ် ။

ဒုက္ခခံရမယ် ။ သတ္တိရှိရမယ် ။ အကျပ်အတည်းများစွာကို ရင်ဆိုင်ရမယ် ။ နိုင်ငံကူးလက်မှတ်ကို ဖျက်သိမ်းပြီး တိုင်းပြည်ပုန်ကန်သူအဖြစ် ဒဏ်ခတ်နိုင်တယ် ။ အသက်အန္တရယ် ဆုံးရှုံးရတဲ့အထိ တွေ့ကြူံနိုင်တယ် ။ သို့ပေမယ့် ဦးကျော်မိုးထွန်းက သတ္တိရှိရှိနဲ့ သိပ်ကိုအရေးပါတဲ့ တာဝန်တစ်ခုကို ထမ်းဆောင်နေရတဲ့အချိန်မှာ ဘယ်လိုအန္တရယ်ကိုမှ ဂရုမစိုက်ပဲ ပြည်သူတွေဘက်က ရပ်တည်တဲ့အကြောင်းကို ကမ္ဘာသိအောင် ပြလိုက်ပါတယ် ။

ထင်ခဲ့တဲ့အတိုင်းပါဘဲ ။ သြဂုတ်လ ၃ ရက်နေ့မှာတော့ ဦးကျော်မိုးထွန်းဟာ စေတနာ့ဝန်ထမ်း သက်တော်စောင့်အဖြစ် တာဝန်ထမ်းဆောင်နေသူထံကနေ အလွန်ကြောက်စရာကောင်းတဲ့ သတင်းတစ်ခုရခဲ့တယ် ။ အဲ့ဒီသတင်းကတော့ ထိုင်းနိုင်ငံအခြေစိုက် စစ်ကောင်စီနဲ့ပတ်သက်တဲ့ မြန်မာနိုင်ငံသား လက်နက်ကုန်သည်တစ်ဦးဟာ အမေရိကမှာနေထိုင်တဲ့ မြန်မာပြည်သားတစ်ဦးနဲ့ အတူတကွပူးပေါင်းပြီး သံအမတ်ကြီးကို လုပ်ကြံဖို့ စီစဉ်နေကြတဲ့သတင်းပါ ။

သံအမတ်ကြီးရဲ့ ကားတာယာကို တစ်ခုခုအန္တရယ်ဖြစ်စေပြီး တာဝန်မထမ်းဆောင်နိုင်လောက်အောင် ဒဏ်ရာရသွားစေမယ့် နည်းလမ်းကို အရင်ဆုံးစီစဉ်ခဲ့တယ် ။ ဒုတိယနည်းကတော့ ရသလိုနည်းနဲ့ အပြတ်ရှင်းဖို့ပါ ။ သံအမတ်ကြီးဟာ ဒီသတင်းကို ချက်ချင်းဆိုသလိုပဲ ကုလသမဂ္ဂနဲ့ အမေရိကန်ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တယ် ။

” ဥပဒေအထက်မှာ မည်သူမျှမရှိစေရ ” ဆိုတဲ့ တိကျပြတ်သားတဲ့ အမေရိကန်ဥပဒေအတိုင်းပါဘဲ ။ ၃ ရက်အကြာမှာ အမေရိကန် FBI အဖွဲ့ကြီးက သံအမတ်ကြီးကို လုပ်ကြံဖို့ ကြံစည်နေသူနှစ်ဦးဖြစ်တဲ့ ဖြိုးဟိန်းထွဋ် နဲ့ ရဲဟိန်းဇော်တို့နှစ်ဦးကို ဖမ်းဆီးလိုက်နိုင်တယ် ။

ကမ္ဘာကြီးတစ်ခုလုံး အံ့သြသွားကြတယ် ။ စစ်ကောင်စီရဲ့ ပက်စက်တဲ့အကြံကို ကမ္ဘာကသိသွားတယ် ။ ” အမေရိကမှာ နေထိုင်သူကိုတောင် လုပ်ကြံဖို့ကြံစည်တယ်ဆိုရင် ၊ ပြည်တွင်းမှာနေသူတွေအတွက် ဘယ်လိုလုပ်ကြမလဲ ” ဆိုတဲ့ မေးခွန်းကို အမေရိကန်အစိုးရနဲ့ ကုလသမဂ္ဂတာဝန်ရှိသူတွေ စဉ်းစားလာကြတယ် ။

နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားသမီးတွေဖြစ်တဲ့ NUG အစိုးရကို အသိအမှတ်ပြုဖို့ တွန်းအားပေးလာကြတယ် ။အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Myanmar Accountability Project ရဲ့ အကာအကွယ်ပေးရေး ဒါရိုက်တာ Damian Lilly က” အခုအချိန်မှာ စစ်တပ်နဲ့ NUG ဟာ တိုင်းပြည်ကို ဦးဆောင်နိုင်ဖို့ အပြိူင်ကြိူးစားနေကြတယ် ။

ဒါ့ကြောင့် အဖိအနှိပ်ခံ ပြည်သူတွေဘက်က သတ္တိရှိရှိ ရပ်တည်နေတဲ့ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂအဖွဲ့ကြီးက ဆက်လက်အသိအမှတ်ပြုပေးဖို့ တောင်းဆိုပါတယ် ”
လို့ ပြောခဲ့တယ် ။ဦးကျော်မိုးထွန်းကတော့ ” စစ်ကောင်စီရဲ့ မအောင်မြင်သော ကြံစည်မှု့နဲ့ သူ့ရဲ့အောင်မြင်မှု့” လို့ ဆိုပါတယ် ။ နောက်လထဲမှာကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံဟာ ဦးကျော်မိုးထွန်းအတွက် သိပ်ကို အရေးကြီးနေသလို ပြည်သူတွေအတွက်လည်း အရေးကြီးနေတယ် ။

( စာရေးသူ၏ ဖြည့်စွက်ချက် )

ရာဇဝင်ထဲမှာ မွန်သူရဲကောင်း သမိန်ဗရမ်းနဲ့ တရုပ်စစ်သူရဲ ဂါမဏိ တို့နှစ်ဦးဟာ နှစ်ဘက်နိုင်ငံကို ကိုယ်စားပြုပြီး တစ်ယောက်ချင်း ယှဉ်ခဲ့ကြတယ် ။( ဆရာကြီး ဒေါက်တာသန်းထွန်းကတော့ သမိန်ဗရမ်းဇာတ်လမ်းဟာ တကယ်ဖြစ်ခဲ့တာမဟုတ်ပဲ ဇာတိသွေး ဇာတိမာန်အတွက် လုပ်ဇာတ်တစ်ခုသာ လို့ ပြောခဲ့ပါတယ် ) ။

ဇာတ်လမ်းအရ သမိန်ဗရမ်းဟာ ဂါမဏိရဲ့ သံမဏိချပ်ဝတ်တန်စာ ချိူင်းကြားအောက်က အကာအကွယ်မဲ့နေတဲ့ နေရာကို လှံသွင်းပြီး အောင်ပွဲခံခဲ့တယ် ။အခြေအနေဟာ ဦးကျော်မိုးထွန်းအတွက် သမိန်ဗရမ်းလို နိုင်ငံကို ကိုယ်စားပြုပြီး စီးချင်းထိုးရတော့မှာပါ ။ ဒါ့ကြောင့် စာရေးသူက မူရင်းဆောင်းပါးကို သမိန်ဗရမ်းနဲ့တူတဲ့ ဦးကျော်မိုးထွန်းလို့ ဖြည့်စွက်လိုက်ပါတယ် ။

Financial Time သတင်းဌာနနဲ့ အင်တာဗျူးတဲ့အခါမှာတော့ ၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းက” ဥရောပ ၊ အာဖရိက ၊ လက်တင်အမေရိက ခေါင်းဆောင်တွေနဲ့ စကားပြောထားပါတယ် ။ သူတို့အားလုံးကတော့ ကမ္ဘာမှာ စစ်အာဏာသိမ်းမှု့အတွက် နေရာမရှိစေရဘူးလို့ ကတိပေးကြတယ် ။ ငါတို့ မြန်မာနိုင်ငံသားတွေကလည်း အကောင်းဆုံးကို မျှော်လင့်ထားသလို ၊ အဆိုးဆုံးကို ရင်ဆိုင်ဖို့အတွက်လည်း ပြင်ဆင်ထားပါပြီ ” တဲ့ ။

ဟုတ်ပါတယ် ။ မြန်မာပြည်သူတွေနဲ့ ကမ္ဘာကြီးဟာ စစ်အာဏာသိမ်းမှု့ကို နေရာမရှိစေရအောင် အကောင်းဆုံးတွေ မျှော်လင့်ထားသလို ၊ အဆိုးဆုံးအတွက်လည်း ပြင်ဆင်နေပါပြီ ။

Credit: JHON REED ( Original Writer )BANGOKOK CORRESPONDENTFINICIAL TIME

ဘကြီးအောင် LA