စိတ်ကူး ယဉ်နေကြရသည့် အဆင့် ဖြစ်လာနေပြီ

စိတ်ကူး ယဉ်နေကြရသည့် အဆင့် ဖြစ်လာနေ

စစ်တပ်သည် နေ့စဉ်နှင့်အမျှ ပြည်သူများအပေါ် ရက်စက်ကြမ်းကြုပ်စွာဖြင့် အကြမ်းဖက် စစ်ပွဲကြီး ဆင်နွှဲလာ နေသည့် သတင်းများသည် နေ့စဉ်လို ထွက်ပေါ်လာနေပြီ ဖြစ်၍ ကမ္ဘာတဝှမ်း က အာရုံစိုက်လာနေကြသည်။

ကုလ သမဂ္ဂ အထွေထွေ ညီလာခံတွင်ပင် ယခင် နှင့် လက်ရှိ ကျူးလွန်နေသော စစ်ရာဇဝတ်မှုများ အတွက် ဂျီနိုဆိုက် အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုလာကြသည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းမှာ လောလောဆယ် အနေအထား အရ ထိုသို့ ပြောဆိုနိုင်ခွင့် မရှိ ဖြစ်နေသည့်အတွက် ယခုလို အမေရိကန် နှင့် ဗြိတိန် တို့အား ရှေ့တန်း မှနေ၍ ဦးဆောင်ဦးရွက် ပြုပါရန် ပြောဆိုနေခြင်းလည်း ဖြစ်သည်။

စစ်အာဏာရှင်တို့၏ ဆရာသမား ဖြစ်သူ တရုတ်ကိုပင် အဆိုပါ နှစ်နိုင်ငံအနေဖြင့် ဝီဂါများ အပေါ် ဂျီနိုဆိုက် ကျူးလွန်နေပါသည်ဟု စွပ်စွဲ ရဲပါလျှက် မြန်မာ ကျမှ အဘယ်ကြောင့် ရေငုံနှုတ်ပိတ်နေရသနည်းဟု ဗြိတိသျှ ပါလီမန် အမတ်တဦးမှ The Atlantic ဂျာနယ်တွင် ထောက်ပြလာခဲ့သည်။

အမေရိကန် ပြည်ထောင်စုက လောလောဆယ်တွင် အစွမ်းကုန် လေ့လာနေသည်ဟု နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကင် က ပြောဆိုထားသော်လည်း တိကျရေရာသည့် သဘောမျိုး မတွေ့ရသေးပေ။

အမေရိကန် အဖို့ ထိုသို့ လူသိရှင်ကြား သတ်မှတ်လိုက်ပြီ ဆိုလျှင် ထိုအရေး ကို ရပ်တန့်အောင် မဖြစ်မနေ တခုခု လုပ်ရတော့ မည်ကို သိနေ၍ လည်း စိတ်မပါ လက်မပါ ဖြစ်နေခြင်းပင်။

အနည်းဆုံး ထိုအမှုများ အပေါ် စုံစမ်း အရေးယူပေးရန် လုံခြုံရေး ကောင်စီမှတဆင့် အိုင်စီစီ သို့ လွှဲပြောင်းပေး နိုင်ပေသည်။

အာဏာရှင်တို့ မည်သည် ၎င်းတို့ အပေါ် ပြင်းပြင်းထန်ထန် ထိခိုက်လာနိုင်သည်ဟု မယူဆသရွေ့ ပမာမခန့် ဖြင့် ဆက်လက် ကျူးလွန်နေကြဦးမည်သာ ဖြစ်သည်။ သို့သော် စစ်ခေါင်းဆောင်များက ပို၍ ပါးရည်နပ်ရည် ရှိလာ ကြပြီ ဖြစ်သည်။

လူသတ်မှု ကျူးလွန်ပြီး လက်ဗွေရာ မကျန် အောင် ဖျောက်ဖျက် တတ်သော ရာဇဝတ်သား များကဲ့ ယခုအခါ ပြည်သူ့ တော်လှန်ရေး တပ်ဖွဲ့များ နှင့်

တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသော ဒေသများ တွင် အင်တာနက်ကို ဖြတ်တောက်ပြီး အမှောင်ချထားလိုက်လေသည်။

စစ်တပ် မှ ရှယ်ယာ အများ အပြား ပိုင်ဆိုင်ထားသော မိုင်တဲ တယ်လီဖုန်း တာဝါ များအား တွန်းလှန် ခုခံစစ် ကို ဆင်နွှဲနေကြသော တော်လှန်ရေး တပ်ဖွဲ့များ က ဖြိုလှဲနေကြသည်။

ထိုလုပ်ရပ်သည် တိုင်းပြည်၏ အပေါ်ထပ် အဆောက်အအုံများကို ဖျက်ဆီးနေခြင်းဟု ပြောဆိုလာသော်လည်း ၎င်းတို့ နှင့် တသဘောတည်း ရှိသူများက လက်တဆုပ်စာသာ ရှိနေသည့် အဖြစ်ကို တွေးကြည့်လျှင် ရှက်ဖို့ ကောင်းနေရပေသည်။

မင်းအောင်လှိုင်ကတော့ ရောက်လေရာ အရပ်တွင် သွားရင်းလာရင်း လိုအပ်သည်များကို လမ်းညွှန် မှာကြား နေသည်။ ဥပမာ ကော်ဖီ များ ထုတ်လုပ်သည့် နေရာ ရောက်လျှင် ကော်ဖီထုတ်များကို ကမ္ဘာဈေးကွက် ဝင်ရန် ကြိုးစားရမည် ဖြစ်ကြောင်း

အစရှိသဖြင့် ကလေးပင် ပြောတတ်သည့် စကားများကို ပြောနေသော်လည်း မည်သို့မျှ တန်ဖိုး မရှိသည့် စကားများ ဖြစ်လေရာ ဘေးမှ လူများကလည်း ခေါင်းတငြိမ့်ငြိမ့် နှင့်ပင် အဖိုး ထိုက်တန်သော အကြံဉာဏ်များ ဖြစ်ပေသည် ဟူသော

မျက်နှာပေးများ၊ ခေါင်းတငြိမ့်ငြိမ့် ဖြင့် ရှိနေကြပြီး အိမ်ပြန်ရောက်သည့် အခါတိုင်း ရယ်ပွဲဖွဲ့ နေကြမည်သာ ဖြစ်သည်။ သူ၏ စကားများကို အားလုံးက ဟိုဖက်နားက ဝင် ဒီဖက်နားကထွက် ပုံစံမျိုး ဖြစ်လာနေသည်။

ယခုပင်လျှင် တကမ္ဘာလုံးက လေးစားကြရသည့် နိုင်ငံတော် အတိုင်ပင်ခံ အား အကျင့်ပျက် ခြစားသည်ဟူသော အမှု ဖြင့် ရုံးတင် စစ်ဆေးနေကြလေသည်။

ဤသည်ကပင် ၎င်းတို့သည် ကမ္ဘာ၏ အမြင်ကို လုံးဝ ဂရုမစိုက် ကြောင်း သက်သေပြနေခြင်းလည်း ဖြစ်သည်။

တဖက်တွင် နိုင်ငံသားများ အပေါ် စစ်တပ်၏ ဥပဒေမဲ့ စိတ်ထင်တိုင်း ပြုကျင့်နေမှု များကြောင့် ဒေါ်အောင်ဆန်းစုကြည် အား တရားစွဲဆိုနေခြင်းသည် မည်သို့မျှ ကြောင်းကျိုး ခိုင်မာမှု ရှိမည် မဟုတ်

နိုင်ငံရေး အရ လက်စားချေနေခြင်း သက် သက်သာ ဖြစ်သည်ကို မရည်ရွယ်ဘဲ အလိုလိုနေရင်း ကမ္ဘာသိအောင် အခမဲ့ ကြော်ငြာ ပေးသလို ဖြစ်လာရ ပြန်သည့်အပြင် မဲ မသမာမှုများ ဆိုသည့် စွပ်စွဲချက်များကိုလည်း စိတ်မနှံ့သူမှ လွဲပြီး မည်သူမျှ အယုံအကြည် ရှိမည် မဟုတ်သဖြင့်

၎င်းတို့ အတွက် ဘေးထွက် ဆိုးကျိုးများ အဖြစ် ထွက်ပေါ်လာခဲ့ရသည်။ ပို၍ ပမာမခန့် လုပ်လာနေသည်က အတိုင်ပင်ခံ ကို မည်သည့် နေရာတွင် ထိန်းသိမ်းထားသည်ကို ကမ္ဘာကြီးက သိခွင့်မရတော့ခြင်းပင် ဖြစ်သည်ဟု ဧရာဝတီက ရေးသားလာသည်။

နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့်လည်း ဆွေးနွေး အဖြေရှာဖို့ ဆိုသည်က မည်မျှအထိ နီးစပ်မှု ရှိလာနိုင်သည်ကို အဖြေထုတ်ပြနေခြင်းပင် ဖြစ်သည်။

ထိုသို့သော် အနေအထား တွင် သူမအတွက် တရားမျှတမှု အား အမှောင်တကာ အမှောင်တိုက်ကြီးထဲတွင် ဖယောင်းတိုင် မီးလေး ဖြင့် ကြိုးစား ပမ်းစား ရှာဖွေနေရသလို မျိုးပင် ဖြစ်သည်ကိုလည်း သဘောပေါက်လာကြပြီ ဖြစ်သည်။

ပြင်သစ် နိုင်ငံ ပဲရစ် မြို့တော် တွင် အာဏာရှင် အဆက်ဆက် နှင့် လက်ပါးစေ များ ပူးပေါင်း၍ တိုင်းပြည်အား ဖျက်ဆီးခဲ့ကြပုံ နှင့် မြန်မာ ပြည်သူတို့၏ အနိုင်မခံ အရှုံးမပေး စိတ်ဓါတ် ဖြင့် နည်းမျိုးစုံ သုံး၍

တိုက်ပွဲဝင်နေသည်များကို သရုပ်ဖေါ်ထားသည့် မြန်မာ အနုပညာရှင် ၇ ဦး ၏ လက်ရာ ၁၄ ခု အား အကြောက်တရား ကို တိုက်ဖျက်ခြင်း (Fighting Fear) အမည် ဖြင့် ပြခန်း ဖွင့်၍ တလကြာ ပြသထားပြီး ဖြစ်သည်။ (ပုံတွင် တွေ့ရစဉ်)

နိုင်ငံတဝှမ်း ခုခံ တွန်းလှန်စစ် ကို ဆင်နွှဲနေသော ပြည်သူ့ တော်လှန်ရေး တပ်ဖွဲ့များသို့ ပူးပေါင်း ပါဝင်လာသူများမှာ တနေ့တခြား များပြားလာပြီး ပို၍ လည်း

ကျစ်လစ်သိပ်သည်း စွာ လှုပ်ရှားလာနိုင် ကြလေသည်။ တီးတိန် ရဲစခန်း အား ချင်းတော်လှန်ရေး တပ်ပေါင်းစု က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြပြီ ဖြစ်သည်။

အချို့သော မြို့များတွင် ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖေါ်မှု များလည်း ပြန်လည် လှုပ်ရှားလာကြပြီ ဖြစ်သည်။

မြန်မာ တမျိုးသားလုံး အတွက်မှာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ဖယ်ရှား နိုင်မည့် နောက်ဆုံး အခွင့်အလမ်း ဖြစ်သည်ကို ရှင်းလင်း ပြတ်သားစွာ သဘောပေါက်လာကြသည်နှင့် အမျှ

တဗိုလ်ကျ တဗိုလ်တက် စနစ် ဖြင့် ဆက်လက်တိုက်ပွဲ ဝင်သွားကြရန်လည်း သန္နိဋ္ဌာန် ချထားပြီး ဖြစ်၍ တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်သွားဖို့ အရေးမှာ စိတ်ကူးယဉ် အဆင့်ကထက် ပိုလာဖွယ် မရှိနိုင်တော့ပေ။

တော်လှန်ရေးကြီး မုချ အောင်ရမည်!!!

Hla Soe Wai