ကိုးကန့်မှာ မြန်မာဘုရင်သုံးပါး ရုပ်တု စစ်ကောင်စီ ဆောက်လုပ်နေ

စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မှာ အနော်ရထာ၊ဘုရင့်နောင် နဲ့ အလောင်းမင်းတရား ရုပ်တု တွေကို စစ်ကောင်စီက တည်ဆောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါဟာ ဗမာလူနည်းစုပဲ ရှိတဲ့ ကိုးကန့်ဒေသမှာ ပြင်ဦးလွင်၊ စစ်တက္ကသိုလ်ရှေ့က မင်းသုံးပါး ရုပ်ထုထက်တောင်ပိုကြီးတဲ့ ရုပ်တုတွေကို တည်ဆောက်နေတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရှမ်းပြည်နယ်ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်အတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နဲ့အတူ လောက်ကိုင်မြို့အဝင်အနီး တောင်ကုန်းပေါ်က မင်းသုံးပါး ရုပ်တု ကိုသွားရောက်ကြည့်ရှုခဲ့ကြပါသေးတယ်။

ကိုးကန့်တိုင်းရင်းသားတွေအများဆုံးနေထိုင်တဲ့ လောက်ကိုင်မြို့ဟာ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေပြီး ကိုးကန့်ယဉ်ကျေးမှု နဲ့ တရုတ်အငွေ့အသက် ထုံမွှမ်းတဲ့ ဒေသဖြစ်ပါတယ်။

ကိုးကန့်ဒေသဟာ စော်ဘွားခေတ်ကနေ ကိုးကန့်ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဦးဖုန်ကြားရှင်ခေတ်အထိ ကိုးကန့်တိုင်းရင်းသားတွေပဲ အုပ်ချုပ်ခဲ့ပြီး အခုလို မြန်မာဘုရင်တွေနဲ့ပတ်သက်တဲ့ ရုပ်တုတွေမရှိခဲ့ပါဘူး။

၂၀၀၉ ခုနှစ်မှာ မြန်မာစစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက် မြန်မာစစ်တပ်ကပဲ ဒေသအုပ်ချုပ်ရေးကို ချုပ်ကိုင်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာတကျော့ပြန် တိုက်ပွဲတွေထပ်ဖြစ်ခဲ့ပြီးတဲ့နောက် စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခဲ့ပြီး ညမထွက်ရအမိန့်ထုတ်ထားတာ လက်ရှိအချိန်အထိပဲဖြစ်လို့ စစ်အုပ်ချုပ်ရေးအရှည်ကြာဆုံး မြို့တစ်မြို့လည်းဖြစ်ပါတယ်။

မင်းသုံးပါးရုပ်တု တည်ဆောက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကို မေးမြန်းဖို့ကြိုးစားနေပေမယ့် အဆက်အသွယ်မရသေးပါဘူး။

ဘီဘီစီ မြန်မာပိုင်း ဓာတ်ပုံ – CJ

———

စစ္အုပ္ခ်ဳပ္ေရးအမိန႔္ထုတ္ျပန္ထားတဲ့ ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ မွာ အေနာ္ရထာ၊ဘုရင့္ေနာင္ နဲ႔ အေလာင္းမင္းတရား ႐ုပ္တု ေတြကို စစ္ေကာင္စီက တည္ေဆာက္ေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

ဒါဟာ ဗမာလူနည္းစုပဲ ရွိတဲ့ ကိုးကန႔္ေဒသမွာ ျပင္ဦးလြင္၊ စစ္တကၠသိုလ္ေရွ႕က မင္းသုံးပါး ႐ုပ္ထုထက္ေတာင္ပိုႀကီးတဲ့ ႐ုပ္တုေတြကို တည္ေဆာက္ေနတာပဲျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းက ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ရဲ႕ ခရီးစဥ္အတြင္း အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး နဲ႔အတူ ေလာက္ကိုင္ၿမိဳ႕အဝင္အနီး ေတာင္ကုန္းေပၚက မင္းသုံးပါး ႐ုပ္တု ကိုသြားေရာက္ၾကည့္ရႈခဲ့ၾကပါေသးတယ္။

ကိုးကန႔္တိုင္းရင္းသားေတြအမ်ားဆုံးေနထိုင္တဲ့ ေလာက္ကိုင္ၿမိဳ႕ဟာ တ႐ုတ္ႏိုင္ငံနဲ႔ နယ္နိမိတ္ထိစပ္ေနၿပီး ကိုးကန႔္ယဥ္ေက်းမႈ နဲ႔ တ႐ုတ္အေငြ႕အသက္ ထုံမႊမ္းတဲ့ ေဒသျဖစ္ပါတယ္။

ကိုးကန႔္ေဒသဟာ ေစာ္ဘြားေခတ္ကေန ကိုးကန႔္ကာကြယ္ေရးတပ္ဖြဲ႕ ေခါင္းေဆာင္ ဦးဖုန္ၾကားရွင္ေခတ္အထိ ကိုးကန႔္တိုင္းရင္းသားေတြပဲ အုပ္ခ်ဳပ္ခဲ့ၿပီး အခုလို ျမန္မာဘုရင္ေတြနဲ႔ပတ္သက္တဲ့ ႐ုပ္တုေတြမရွိခဲ့ပါဘူး။

၂၀၀၉ ခုႏွစ္မွာ ျမန္မာစစ္တပ္နဲ႔ ကိုးကန႔္တပ္ဖြဲ႕ (MNDAA) တို႔ တိုက္ပြဲေတြျဖစ္ၿပီးတဲ့ေနာက္ ျမန္မာစစ္တပ္ကပဲ ေဒသအုပ္ခ်ဳပ္ေရးကို ခ်ဳပ္ကိုင္ခဲ့ပါတယ္။

၂၀၁၅ ခုႏွစ္မွာတေက်ာ့ျပန္ တိုက္ပြဲေတြထပ္ျဖစ္ခဲ့ၿပီးတဲ့ေနာက္ စစ္အုပ္ခ်ဳပ္ေရးအမိန႔္ထုတ္ျပန္ခဲ့ၿပီး ညမထြက္ရအမိန႔္ထုတ္ထားတာ လက္ရွိအခ်ိန္အထိပဲျဖစ္လို႔ စစ္အုပ္ခ်ဳပ္ေရးအရွည္ၾကာဆုံး ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္ပါတယ္။

မင္းသုံးပါး႐ုပ္တု တည္ေဆာက္မႈနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီဘက္ကို ေမးျမန္းဖို႔ႀကိဳးစားေနေပမယ့္ အဆက္အသြယ္မရေသးပါဘူး။

ဘီဘီစီ ျမန္မာပိုင္း ဓာတ္ပုံ – CJ