အောကပ်စ် (သို့မဟုတ်) ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးများရဲ့ စိတ်ဝင်စားဖွယ် အပြိုင်အဆိုင်နိုင်ငံရေး အခင်းအကျင်း

အောကပ်စ်

ကမ္ဘာတဝှမ်း တွင် ဘူမိပထဝီ မြေသားကြီး များ ရုတ်ချည်း ရွေ့လျား ပြောင်းလဲမှု ဖြစ်စဉ်များ ကို မြင်တွေ့ခဲ့ ကြရပြီး ဖြစ်သည်။ ၁၉၅၆ ခုနှစ် ဆူးအက်တူးမြောင်း အရေးအခင်းဖြင့် ဗြိတိသျှ တို့ ခေါင်းဆောင်မှု သရဖူ စွန့်လွှတ်သွားခဲ့ခြင်း၊

၁၉၇၂ ခုနှစ် တွင် သမ္မတနစ်ဆင် ၏ တရုတ်ပြည် ခရီးစဉ်၊ ၁၉၈၉ ခုနှစ် တွင် ဘာလင် တံတိုင်းကြီး ဖြိုဖျက်ချနိုင်ခဲ့ခြင်း အစရှိသည် တို့သည် ကျွနုပ်တို့ အသက်ရှင်နေသရွေ့ အမြဲလို စိတ်ဝယ် စူးနစ် ကျန်နေခဲ့ရသည့် ဖြစ်စဉ်ကြီးများပင် ဖြစ်ပေသည်။

ထိုသို့ ရှားပါး ဖြစ်စဉ်များ အတွင်း ထပ်တိုး ပါဝင်လာခဲ့ရသည်မှာ စက်တင်ဘာ ၁၅ ရက်နေ့တွင် AUKUS အောကပ်စ် ဟု အမည်ပေးကာ ဩစတေးလျှ၊ ဗြိတိန် နှင့် အမေရိကန် သုံးနိုင်ငံ ကာကွယ်ရေး စာချုပ် ချုပ်ဆို နိုင်ခဲ့ခြင်းပင် ဖြစ်သည်။

အောကပ်စ်သည် ဆိုက်ဘာ လုံခြုံရေး၊ ဉာဏ်ရည်တု များကဲ့သို့ နည်းပညာများ မှသည် သံတမန်ရေး ပိုင်းတွင် ပူးပေါင်းဆောင်ရွက်ရေး အထိ ရည်မှန်းထားသည်ဟု သိရသည်။

ယင်း ရည်မှန်းချက်များ နှင့် အတူ နျူကလီး ယား စွမ်းအင် ဖြင့် ခုတ်မောင်းမည့် ရေငုတ်သင်္ဘော အုပ်စု တခုကို ဩစတေးလျှ အား ရရှိအောင် ဆောင်ရွက် ပေးရေးသည် အဓိက နေရာမှ ပါဝင်လာခဲ့သည်။

ထို့အတွက် ဩစတေးလျှ သည် ပြင်သစ်နှင့် ၂၀၁၆ ခုနှစ်အတွင်း ချုပ်ဆိုထားခဲ့သော ဒေါ်လာ ၆၆ ဘီလီယံ တန် ဒီဇယ် စွမ်းအင် သုံး ရေငုပ်သင်္ဘော ဝယ်ယူရေး ကန်ထရိုက် ကို ဖျက်သိမ်းလိုက်ပေတော့သည်။

သြစတေးလျှ ဝန်ကြီးချုပ် စကော့ မောရစ်ဆန် နှင့် ဗြိတိသျှ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆန်တို့က ထိုသို့ ချုပ်ဆို နိုင်ခဲ့ခြင်းကြောင့် ကျွနုပ်တို့ ရှိ အကြီးမားဆုံး အရင်းအမြစ်များကို ထုတ်နှုတ်ကာ မဟာမိတ် နိုင်ငံများ အတွက် ရင်းနှီးမြှုပ်နှံ ပေးခြင်း ပင် ဖြစ်သည်ဟု ပြောဆိုလာကြသည်။

ထိုသို့ အားပါးတရ ကြွေးကြော်နေမှု များ ကို ဒေါသအမျက် ချောင်းချောင်း ထွက်လာရသူက မဟာမိတ်ဟောင်း ကြီး ပြင်သစ် နိုင်ငံပင် ဖြစ်သည်။ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သူ ယန်းအိလူဒရီယန် က “နောက်ကျောကို ဓါးနှင့် အထိုးခံရခြင်း” ဟု နာကျည်းစွာ ထုတ်ဖေါ်ပြောဆိုလာသည်။

နောက်နှစ်ရက်အကြာ စက်တင်ဘာ ၁၇ ရက်နေ့ တွင် သမ္မတ အီမန်ညူရယ် မာကရွန်က ဝါရှင်တန် နှင့် ကင်ဘာရာ ရှိ သူ၏ သံအမတ်ကြီးများ ကို ပြန်လည် ဆင့်ခေါ်လိုက်သည်။

(ယခုအချိန်ထိ လန်ဒန် မှ သံအမတ်ကြီးက ရှိနေဆဲ ဖြစ်သည်)၊ ဤသည်ကလည်း ဗြိတိန် သည် ပမွှား ကဏ္ဍမှ ပါဝင်ခဲ့ခြင်း ဟု ပြင်သစ်က ယူဆခြင်း ဖြစ်သည်ဟုဆိုကာ ဗြိတိန်သည် မခံချိ မခံသာ ဖြစ်သွားခဲ့ရပြန်သည်။

ဗြိတိန်သည် အီးယူ မှ ထွက်ပြီးနောက် Global Britain မူဝါဒ အသစ် ကို ခင်းကျင်းကာ ကမ္ဘာ စင်မြင့်သို့ ပြန်ဝင်ရန် ကြိုးစားနေသည့် အရေး အား ပြင်သစ်က ဦးချိုး လိုက်ခြင်းလည်း ဖြစ်သည်။

ထိုသို့ သံခင်း တမန်ခင်း အငြင်းပွားမှုများ ရှိလာနေသော်လည်း အောကပ်စ်ကြောင့် ဘူမိပထဝီ အနေအထား နက် ရှိုင်းစွာ လှုပ်ခတ်သွားခဲ့ရပေသည်။ အမေရိကန်သည် တရုတ်ပြည်၏ တဖြေးဖြေး ကြီးထွားလာနေသော ခြိမ်း ခြောက်မှု များ၊ အထူးသဖြင့် ပစိဖိတ် သမုဒ္ဒရာ အတွင်း

စိန်ခေါ်လာနိုင်သည့် အလားအလာများကို အောကပ်စ် ဖြင့် သိသိသာသာ တုန့်ပြန်လိုက်ခြင်းပင် ဖြစ်သည်။ ထို့အပြင် အင်ဒို-ပစိဖိတ် တွင် လွတ်လပ်ပြီး အတားအဆီး မရှိ ရေကြောင်း သွားလာခွင့် ကို အာမခံ လိုက်သည့် လုပ်ရပ်ဟုလည်း ယူဆ၍ ရပေသည်။

အမေရိကန်သည် ရေငုပ်သင်္ဘောသာမက အသုံးပြုသည့် နည်းပညာများ နှင့် စက်ရုံတည်ဆောက်ရေး အတွက်ပါ လွှဲပြောင်းပေးတော့မည်လည်း ဖြစ်သည်။

ဤသည်က ၆၃ နှစ် အတွင်း အမေရိကန်တို့ သရဖူ ဆောင်းထားသော နည်းပညာကို မဟာမိတ်နိုင်ငံတခုသို့ ဒုတိယ အကြိမ် လွှဲပြောင်း ပေးလိုက်ခြင်းဟု ဆိုရမည်။ ပထမ အကြိမ် အဖြစ် ဗြိတိန် က ရရှိခဲ့ပြီး ဖြစ်သည်။

တရုတ်ပြည်၏ ခြိမ်းခြောက်မှုကို ခံနေရသော ဒေသတွင်း ရှိ နိုင်ငံများက အောကပ်စ် အား ကြိုဆိုခဲ့ကြသည်။ လာမည့် စက်တင်ဘာ ၂၄ ရက်တွင် ဝါရှင်တန်၌ ကွပ်ဒ် အဖွဲ့ဝင် နိုင်ငံ မှ ခေါင်းဆောင်များ လူကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားပြီးလည်း ဖြစ်သည်။

အာဖဂန်နစ္စတန် မှ အမေရိကန် တို့ လက်လွတ်စပယ် ဆုတ်ခွာသွား မှုကြောင့် စိတ်ဓါတ် ကျဆင်းလာနေသော မဟာမိတ်များ အား အင်ရှူးရား တိုက်လိုက်ခြင်း ဖြစ်သည်။ ပြင်သစ် နှင့် ဆက်ဆံရေးသည်သာ မရည်ရွယ်ဘဲ ထိခိုက်သွားခဲ့ရသည် မှ လွဲ၍ အောင်မြင်ခဲ့သည်ဟု ဆိုရပေမည်။

ပြင်သစ်က အမေရိကန် အပေါ် အရမ်းကာရော အားမကိုးဘဲ မိမိတို့ ဥရောပနိုင်ငံ အချင်းချင်း ပိုမို စည်းလုံးကြရန် ပြောဆိုနေမှု အတွက် အမေရိကန် ဦးဆောင်သော အင်္ဂလိပ်စကားပြောနိုင်ငံအုပ်စု က ဒဏ်ခတ်ခြင်းဟု ယူဆ နေပုံရှိသည်။

အမေရိကန်သည် ထောက်လှမ်းရေး သတင်းများ ဖလှယ်ရန် အောကပ်စ် အဖွဲ့ဝင် နိုင်ငံများ အပြင် ကနေဒါ၊ နယူးဇီလန် တို့ ပါထည့်သွင်းကာ “Five Eyes” ပဉ္စစက္ခု အဖွဲ့ ကို ဖွဲ့စည်းခဲ့ပြီး လည်း ဖြစ်သည်။

ပြင်သစ်တို့က အင်ဒို-ဖစိဖိတ် ဒေသ ကို ပေယျာလကန် ပြုထားခြင်း မဟုတ်၊ နယူး ကာလီဒိုနီယား နှင့် ပြင်သစ် ပိုလီနီရှား ကျွန်းစုများ တွင် တပ်အင်အား ၇,၀၀၀ ခန့် ဖြန့်ကျက်ချထားခဲ့သည်။ ဩစတေးလျှ နှင့်လည်း လက်ရှိတွင် အနီးကပ် ပူးပေါင်းဆောင်ရွက်လျှက် ရှိသည်။

သို့သော် မကြာသေးမီ ကာလများ အတွင်းက တရုတ်သည် ဩစတေးလျှ အား နိုင်လိုမင်းထက် လုပ်လာနေ သည်။ ကိုဗစ် ဗိုင်းရပ်စ် ၏ မူလ အစကို လွတ်လပ်သော ကော်မရှင် ဖွဲ့ပြီး စုံစမ်းစစ်ဆေးရန် ဩစတေးလျှ၏ တောင်းဆိုမှု အပေါ် တရုတ်တို့ ကြိတ်မနိုင်ခဲမရ ဖြစ်နေခဲ့သည်။

ထို့အတွက် ဩစတေးလျှ သည် ပြင်သစ် ကုမ္ပဏီများ အား လျော်ကြေး မတန်တဆ ပေးကာ ရန်သူ၏ ရေငုပ်သင်္ဘောရှာ အသံလှိုင်း ကို ချေဖျက်နိုင်စွမ်း ရှိသည့်အပြင် တာဝေး ကို သွားနိုင်စွမ်း ရှိသည့် နျူကလီးယား ရေငုပ်သင်္ဘောများ ပိုင်ဆိုင် နိုင်ခွင့် ကို အမိအရ ဆုပ်ကိုင်လိုက်ခြင်းသာ ဖြစ်သည်။

တရုတ်က အောကပ်စ်အား “စစ်အေးတိုက်ပွဲ သဘောထားများ” ဟု ကင်ပွန်းတပ် ဝေဖန်ခဲ့သည်။

အမေရိကန်သည် အောကပ်စ် ကို ရုတ်ခြည်း ဖွဲ့စည်းခဲ့ခြင်း မဟုတ်၊ ခြောက်လတာမျှ လျို့ဝှက်စွာ ကြံစည်နေခြင်း ဖြစ်ပြီး ပြင်သစ်ကို တလုံးတပါဒမျှ အသိပေးခဲ့ခြင်း မရှိပေ။

အမေရိကားသည် ၎င်း၏ စီးပွားရေး မူဝါဒ အမှားများကို ချက်ခြင်း လက်ငင်း ပြင်ဆင်ခွင့် မရသော်လည်း တရုတ် နှင့် ယှဉ်ပြိုင်လာမှု တွင်တော့ မဟာမိတ်များကို တွဲခေါ်လာနိုင်ခဲ့မှုသည် နှစ်ဆယ့်တစ်ရာစု ၏ ဘူမိ နိုင်ငံရေး စိန်ခေါ်မှုများကို တုန့်ပြန်ရာတွင် အောကပ်စ်သည် ထင်ရှားသော မှတ်တိုင်ကြီး အဖြစ် ပေါ်ထွန်းလာခဲ့ပြီ ဖြစ်သည်။

(စက်တင်ဘာ ၁၉ ရက်နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်း ပါ “The AUKUS Squad” ဆောင်းပါး အား ကိုးကားသည်။)

ကုလ အတွင်းရေးမှူးချုပ်၏ မြန်မာ နိုင်ငံဆိုင်ရာ အထူး သံတမန် အသစ်
*****

နောက်လတွင် သက်တမ်း ကုန်ဆုံးမည့် ခရစ်စတင်း ဘာဂင်ဂါ ၏ နေရာတွင် ကုလ လက်ထောက် အတွင်းရေးမှူး ချုပ် ဟောင်းဖြစ်သူ အသက် ၇၃ နှစ် ရှိ စင်္ကာပူ နိုင်ငံသူ နိုလင်း ဟေဇာ က တာဝန်ယူသွားမည်ဟု ကုလ နှင့် နီးစပ်သော သတင်းရပ်ကွက် များက ပြောကြောင်း ဧရာဝတီ တွင် ဖေါ်ပြထားသည်။

သူမသည် ယခင်က အက်စ်ကက် ဟု ခေါ်သည့် အာရှ-ပစိဖိတ် ရေးရာ စီးပွားရေး နှင့် လူမှုရေး ကော်မရှင် အကြီး အကဲ အဖြစ် တာဝန်ယူခဲ့ပြီး မြန်မာနိုင်ငံသို့ ကြိမ်ဖန်များစွာ ရောက်ရှိခဲ့ဖူးသူ ဖြစ်သည်။

ယခင် သိန်းစိန် အစိုးရ နှင့် ရင်းနှီးပြီး ၎င်းတို့ နားလည်သည့် ဘာသာ စကားမျိုး ပြောဆိုတတ်သူ ဖြစ်သည်ဟု လေ့လာသူများက ဆို သည်။ မြန်မာ၏ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အတွက် စိတ်ပါဝင်စားစွာ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သူ လည်းဖြစ်သည်။

သူမ အား ခန့်အပ်မည် ဆိုသည့် သတင်းကို NUG အစိုးရ အသိုက်အဝန်းကလည်း ကြိုဆိုသည်ဟု သတင်းတွင် ဖေါ်ပြထားသည်။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!

Hla Soe Wai’s Facebook စာမျက်နာမှ ကူးယူဖော်ပြသည်။