
စင်ကာပူမှာ တစ်လသိန်းတစ်ထောင်နီးပါးဝင်တယ်ဆိုတဲ့ ထူးထူးဆန်းဆန်းအသက်မွေးသူတစ်ယောက်
စင်ကာပူမှာ တစ်လသိန်းတစ်ထောင်နီးပါးဝင်တယ်ဆိုတဲ့ ထူးထူးဆန်းဆန်းအသက်မွေးသူတစ်ယောက်အကြောင်းပြောပြအုံးမယ်။
Bambi Leong Kai Mei ဆိုတဲ့ကလေးမအကြောင်းကို ခေတ်သစ်စုန်းပယောဂဆရာမအဖြစ် ဟိုနားဒီနားမှာဖတ်ရတာကြာပြီ။
သူ့ကို online မှာ DarkWitchBambi လို့ခေါ်ကြတယ်။ ဒီတစ်ခေါက် Sim Lim Square ရောက်မှသူ့ဆိုင်ရှေ့သွားပြီး ကေပိုးအုံးမယ်။ #02-28 မှာတဲ့။ ဆိုင်နာမည်က The Love Witch တဲ့။
သူ့မှာ online shop ရော၊ ဗေဒင်ဟောခန်းရောရှိတယ်။
Bambi Leong Kai Mei ဟာ ဟယ်ရီပေါ်တာတို့လို ဟော့ဝပ်စ်စုန်းဝိဇ္ဇာမှော်ပညာသင်ကျောင်း The Hogwarts School of Witchcraft and Wizardry ထွက်မဟုတ်ဘူး။
Bambi က National University of Singapore က Political Science နိုင်ငံရေးသိပ္ပံနဲ့ဘွဲ့ရထားတာ။
ကျနော်ပြောချင်တာက သူမကနိုင်ငံရေးသိပ္ပံနဲ့ဘွဲ့ရပြီး လူတွေအကြောင်းကိုကောင်းကောင်းသဘောပေါက်သွားပုံရတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သူဟာ သူ့လိုင်းနဲ့သူ entrepreneur တစ်ယောက်အဖြစ်အောင်မြင်နေတာတော့အမှန်ပဲ။ တစ်လ စင်ကာပူဒေါ်လာ ၇၀၀၀၀ လောက်ဝင်တယ်ဆိုကတည်းက အချာပင်တော့မဖြစ်နိုင်ဘူး။
သူက တားရော့ဟောတယ်၊ ယတြာချေတယ်၊ ပြုစားတာတွေဘာတွေလုပ်ပေးတယ်။ ပယောဂအစီအရင်တွေရတယ်။
အမယ် … ဈေးကမပေါဘူး။
နှစ်ယောက်ကြားရှုပ်နေတဲ့တတိယလူကိုရှင်းပေးရင် ဒေါ်လာ (၆၀၀)၊ အလုပ်မှာပြဿနာရှာနေသူကိုရှင်းပေးရင် ဒေါ်လာ (၃၈၀)။ ပီယဆေးလိုချင်ရင် ဒေါ်လာ (၅၄၀)။
တသက်လုံးစာကျိန်မလား ဒေါ်လာ (၃၀၀၀၀)၊ အများကြီးပဲရှိတယ်။ white magic, dark magic တွေဘာညာရှိသေးတယ်။
အလုပ်မှာရာထူးတိုးချင်တာ ဘာညာသူ့ဆီမှာအစီအရင်တွေရသတဲ့။
အမယ် … တတိယနိုင်ငံတွေမှာကျောင်းဖွင့်ဖို့ရည်ရွယ်ချက်ရှိသတဲ့။ အလုပ်လက်မဲ့ကလေးတွေကို သက်မွေးမှုတစ်ခုအနေနဲ့ magic skills ကိုသင်ပေးချင်လို့တဲ့။
သူ့ပရိတ်သတ်နဲ့သူအဆင်ပြေနေတာမှ ဝင်ငွေက online ကနေ တစ်လ ဒေါ်လာ ၃၀၀၀၀ ကျော်၊ ဆိုင်ကနေဒေါ်လာ ၄၀၀၀၀ လောက်ရနေတာဖြစ်တယ်။
ဟိုရှုပ်ရှက်ခတ်နေတဲ့ ဖုန်းရွှေဆရာတွေနဲ့မတူပဲ သူကရုပ်ကလေးကလည်းရှိ ပညာတတ်ကလေးကလည်းဖြစ် အသက်ကလည်း (၂၈) နှစ်ပဲရှိသေးတော့ သူ့ကိုပိုသဘောကျကြမလားပဲ။
Magic ယုံတဲ့လူတွေကတော့ နေရာတိုင်းမှာရှိတယ်ဆိုတာကို ဒီအဖြစ်ကသက်သေပြနေတာပဲ။
တနေ့တနေ့အစီအရင်လုပ်ချင်တဲ့သူတွေသူ့ဆီမှာမနည်းဘူးတဲ့။
Richard Myo Thant
23-September -2021