
အဲယားကမ္ဘောဇလေယာဉ်ထဲ သစ်ရွက်ထည့်ခဲ့သူများဖမ်းမိ၊ သန့်ရှင်းရေးဝန်ထမ်း၏ ခိုင်းစေချက်အရ မန်နေဂျာက လုပ်ခဲ့ခြင်းဖြစ်ဟုဆို
အဲယားကမ္ဘောဇလေကြောင်းလိုင်းပိုင် ATR-72 လေယာဉ်တွေရဲ့ Pitot Tube အတွင်းကို သစ်ရွက်တွေထည့်ခဲ့သူတွေလို့ စွပ်စွဲပြီး ဝန်ထမ်းတချို့ကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပါတယ်။
သစ်ရွက်တွေထည့်တဲ့ပြစ်မှုကျူးလွန်ခဲ့သူတွေဟာ Line Maintenance မန်နေဂျာ သိန်းလင်းထိုက်၊ စက်ပြင်-၃ ဝန်ထမ်း နိုင်ထက်အောင်၊ B1 စက်ပြင်-၃ ရုံးဝန်ထမ်း နန်ဆွင်းခိုင်(ခ)ခိုင်ပီး၊ အဲယားကမ္ဘောဇလေကြောင်းလိုင်း CDM သန့်ရှင်းရေးဝန်ထမ်း နိုင်လင်းအောင်၊ လေယာဉ် သန့်ရှင်းရေးဝန်ထမ်း နေမျိုးရှိုင်းနဲ့ ရာဇာဝင်းနိုင်တို့ဖြစ်တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ခင်ကျော်(UNRA)ထံမှာ အကြမ်းဖက်သင်တန်းတက်ရောက်ခဲ့တဲ့ CDM သန့်ရှင်းရေးဝန်ထမ်း နိုင်လင်းအောင် (ဖမ်းမမိ) ရဲ့ ခိုင်းစေချက်အရ Line Maintenance မန်နေဂျာ သိန်းလင်းထိုက်က လေယာဉ်ထဲ သစ်ရွက်ထည့်တဲ့ကိစ္စ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါပုဂ္ဂိုလ် ၆ ဦးထဲက သိန်းလင်းထိုက်ကို ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့သာသိရပြီး ကျန်သူတွေ ဘယ်နှယောက် ဖမ်းမိပြီး ဘယ်နှယောက် လွတ်မြောက်နေတယ်ဆိုတာကိုတော့ စစ်ကောင်စီ သတင်းမှာရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်းမရှိပါဘူး။
ဖမ်းဆီးရမိတရားခံတွေကို တရားဥပဒေအရ ထိရောက်စွာအရေးယူ သွားမှာဖြစ်ပြီး ဆက်စပ်တရားခံတွေ အမြန်ဆုံးဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက် သွားမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၂ ရက်က အဲယားကမ္ဘောဇလေကြောင်းလိုင်းမှ ဝန်ထမ်းတွေဟာ ရန်ကုန်-ဟဲဟိုး ခရီးစဉ်ပျံသန်းဖို့ ATR-72-600 လေယာဉ်အမှတ်(XY-AMP)အား မပျံသန်းမီစစ်ဆေးဆောင်ရွက်ခဲ့ရာ လေယာဉ်ရဲ့ ညာဘက် Pitot Tube နဲ့ ဘယ်ဘက် Pitot Tube အတွင်းမှ သစ်ရွက်တွေ တွေ့ရှိခဲ့လို့ ခရီးစဉ်ကို ATR-72-600 လေယာဉ်အမှတ် (XY-AMO) နဲ့ ပြောင်းလဲ ပျံသန်းခဲ့ရတယ်လို့ဆိုပါတယ်။
အဆိုပါလေယာဉ်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပျံတက်ပြီး ၇ မိနစ် အကြာ အမြင့်ပေ ၄၁၀၀ အရောက် လေယာဉ်အလိုအလျောက် မောင်းနှင်သည့် စနစ်(Auto Pilot System) ချို့ယွင်းခဲ့လို့ ရန်ကုန်လေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရတယ်လို့ဆိုပါတယ်။
ဒါကြောင့် စစ်ဆေးရာမှာ လေယာဉ်ရဲ့ ဘယ်ဘက် Pitot Tube အတွင်း သစ်ရွက်တွေတွေ့ရှိခဲ့လို့ ခရီးစဉ်ကို ATR-72-600 လေယာဉ်အမှတ်(XY-AMN) နဲ့ ဆက်လက် ပျံသန်းနိုင်ရေး မပျံသန်းမီစစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာမှာလည်း ATR-72-600 လေယာဉ်အမှတ်(XY-AMN) မှာလည်း လေယာဉ်ရဲ့ ဘယ်ဘက် Pitot Tube မှာ သစ်ရွက်တွေ ထည့်သွင်းထားကြောင်း ထပ်မံစစ်ဆေး တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ သံသယရှိသူတွေကို ဖမ်းဆီးစစ်ဆေးရာမှာ CDM သန့်ရှင်းရေး ဝန်ထမ်း နိုင်လင်းအောင်ကဖုန်းဆက်ပြီး လေယာဉ် Pitot Tube အတွင်းသို့ သစ်ရွက်တွေထည့်ပြီး လေယာဉ်ခရီးစဉ်တွေ ကမောက်ကမဖြစ်အောင် ဆောင်ရွက်ပေးဖို့ ပြောကြားခဲ့တာလို့ (Line Maintenance Manager) သိန်းလင်းထိုက်က ထွက်ဆိုတယ်လို့ ဆိုပါတယ်။
ဩဂုတ် ၇ ရက်မှာ သိန်းလင်းထိုက်က နန်ဆွင်းခိုင်(ခ) ခိုင်ပီး (B1 စက်ပြင်-၃ ရုံးတာဝန်)ကို ATR-72-600 လေယာဉ် အမှတ်(XY-AMP)ရဲ့ ညာဘက် Pitot Tube အတွင်းသို့ သစ်ရွက်ထည့်ဖို့နဲ့ နိုင်ထက်အောင်ကို ATR-72-600 လေယာဉ်အမှတ်(XY-AMN)နှင့် ATR-72-600 လေယာဉ်အမှတ် (XY-AMP)တို့ရဲ့ Pitot Tube အတွင်းသို့ သစ်ရွက်တွေထည့်ဖို့ ခိုင်းစေခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် သိန်းလင်းထိုက်ဟာ ဩဂုတ် ၈ ရက်နေ့မှာ ATR-72-600 လေယာဉ်အမှတ်(XY-AMO)ရဲ့ ဘယ်ဘက် Pitot Tube နဲ့ လေယာဉ်အမှတ်(XY-AMP)ရဲ့ ဘယ်ဘက် Pitot Tube အတွင်းသို့ သစ်ရွက်တွေ ကိုယ်တိုင်ထည့်ခဲ့တဲ့အပြင် လေယာဉ်ဘီးမူလီနဲ့ အင်ဂျင်ပါဝါလီဘာရှိ ဘိုးနပ်တွေ လျော့ထားဖို့ စီစဉ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
လေကြောင်းကုမ္ပဏီအပေါ် ခရီးသည်တွေက ယုံကြည်မှုကင်းမဲ့ နာမည် ပျက်စေဖို့ ရည်ရွယ်ပြီး သစ်ရွက်တွေတည့်တာဖြစ်ပြီး လေယာဉ် လေထဲပျံသန်းနိုင်မယ့် အနိမ့်ဆုံး အမြန်နှုန်းကို မထိန်းနိုင်ဘဲ ပျက်ကျ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး မှန်ကန်မှုရှိမရှိကိုတော့ ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
Crd – ဒီဗွီဘီ