အရပ် (၈) ပေရှည်တဲ့ ထူးဆန်းလူသား (သို့မဟုတ်) နိုင်ငံကျော် ဇီးကွက်စိန် အကြောင်း

ဇီးကွက်စိန်သည် တစ်ချိန်ကမြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့ရှိ ထူးထူးခြားခြား အရပ်အရှည်ဆုံးပုဂံမြို့သူဖြစ်သည်။ ဇီးကွက်စိန်ကို ၁၃၁၈−ခုနှစ်၊ (၁၉၅၆)ခုနှစ်တွင် ပုဂံမြို့ဟောင်းတောင်ဘက်

သီရိပစ္စယာရွာတွင် အဖဦးထွန်းသိန်း၊ ဒေါ်ငြိမ်းတို့မှမွေးဖွားသည်။ မွေးချင်းလေးယောက်အနက် အငယ်ဆုံးသမီးဖြစ်ပြီး ကျန်သုံးယောက်မှာ ယောက်ျားလေးများဖြစ်ကြသည်။

ငယ်နာမည်မှာ မခင်စိန်ဖြစ်သည်။ ငယ်ရွယ်စဉ်ကပင် သက်တူရွယ်တူများကြားတွင် ထူးထူးခြားခြား အရပ်မြင့်မားနေသူဖြစ်သည်။

ထူးခြားမှု – အမေဖြစ်သူဒေါ်ငြိမ်းသည် ဇီးကွက်စိန်အားကိုယ်ဝန်မရှိခင် ထူးခြားအိပ်မက်မက်ဖူးသည်။ အိမ်ဦးခန်း ခေါင်တိုင်တွင် ဆင်ဖြူတော်ဝပ်နေသည်ဟုမက်ခဲ့သည်။

ဇီးကွက်စိန်ကွယ်လွန်သောနေ့၌လည်း ဆင်တစ်ကောင်နှင့် ဆင်ဦးစီးတစ်ယောက် လာရောက်ကာ ရုပ်အလောင်းကိုသေချာကြည့်သွားဘူးသည်။

ဇီးကွက်စိန်ဟုဘာကြောင့်ခေါ် – ဇီးကွက်စိန်ကို မွေးပြီး ၇-ရက်ပြည့် ကင်ပွန်းတပ်နေ့တွင် သူအိပ်သောပုခက်၏ ရင်တားကြိုးတန်းပေါ်၌ ဇီးကွက်တစ်ကောင် လာရောက်နားသည့်အတွက် ဇီးကွက်စိန်ဟုခေါ်ကြခြင်းဖြစ်သည်။

ဖြစ်စဉ် – ဇီးကွက်စိန်ကို မွေးဖွားချိန်၌ သာမန်ကလေးတစ်ယောက်လိုပင် မွေးဖွားကြီးပြင်းလာပြီး ငါးနှစ်သမီးအရွယ်မှစ၍ တဖြေးဖြေး ကြီးထွားလာသည်။ ၁၂-နှစ်သမီးအရွယ်တွင် သူ၏အရပ်ရှည်သည့်သတင်းကို တစ်နိုင်ငံလုံးထိ သိရှိသွားကြလေသည်။

၁၂ အရွယ်တုန်းက သူမ၏အရပ်မှာ ၆ပေ၆လက်မဖြစ်သည်။မျိုးရိုးဗီဇဖောက်ပြန်သော ထူးခြားရှားပါးသောရောဂါကြောင့် ဇီးကွက်စိန်သည် အရပ်ဆက်လက်မြင့်မားလာခဲ့ပြီး အသက် ၂၀ အရွယ်ခန့်တွင်

သူမ၏အရပ်သည် ၈ပေခန့်ရှိလာကာ သူမစီးရန် ဖိနပ်ကို မြင်းခြံမြို့မှအော်ဒါမှာယူရသည်။ ပုဂံရှိယွန်းအကြမ်းထည်လုပ်ငန်းကို လုပ်ကိုင်သည်။ အစားအစာကို ပုံမှန်လူများ စားသလောက်ပဲစားသည်။

တစ်နေ့ကို သုံးလေးချိန်လောက်စားသည်။ အဝတ်အစားများ ဆိုလျှင်လည်း ပိတ်စတစ်ကိုက်ကို အင်္ကျီချုပ်ဝတ်မရပေ။ သုံးတောင်ပိတ်စမှ လက်စကအင်္ကျီရသည်။

လက်ရှည်အင်္ကျီ တစ်ထည်ကို ပိတ်စငါးတောင်ခန့်ချုပ်၍ဝတ်ရသည်။ လုံချည်တစ်ထည်ကို ခြောက်တောင်ချုပ်ရသည်။ မိန်းမလုံချည် သုံးကွင်းကို သူ့အတွက်နှစ်ကွင်းသာရသည်။

လောကနန္ဒာဘုရားကို ဘုရားဖူးလာရင်း ဧည့်သည်များကဇီးကွက်စိန်ကို အထူးအဆန်းသဖွယ် လာရောက်ကြည့်ကြသည်။ လာကြည့်သူများက သူ့ကို စကားပြောကြသည်။ ဇီးကွက်စိန်ကလည်း ပြန်လည်စကား ပြောသည်။ မတ်တတ်ရပ်ခိုင်းလျှင် မတ်တတ်ရပ်ပြသည်။

အသက် (၁၃)နှစ်အရွယ်တွင် မျက်စိကွယ်သွားသည်။ (၁၄) နှစ်အရွယ်တွင် ရန်ကုန်၌မျက်စိကုသွားသောအခါ ဆရာဝန်က ဟော်မုန်းဓာတ်များ၍ ဖြစ်သည်ဟုဆိုသည်။

အိမ်အပြင် လမ်းလျှောက်ရန် အိမ်ရှေ့ရှိမန်ကျည်းပင်နှစ်ပင်ကို ကြိုးတန်းထားပြီး ကြိုးတန်းကိုင်၍လမ်းလျှောက်ရသည်။ မျက်စိကွယ်ပြီးနောက် ခါးပါကိုင်းလာလေသည်။ နောက်ပိုင်း၌သွားလာမှု သိပ်မလုပ်နိုင်တော့ပေ။

ကောင်းမှုကုသိုလ် – လောကနန္ဒာစေတီအပါအဝင် ဘုရားများကို ထီးတော်များလှူခဲ့သည်။ ရွာထဲကကလေးများကိုလည်း တစ်လတစ်ကြိမ်၊ နှစ်ကြိမ်ဆန်ပြုတ်အမြဲတိုက်ကျွေးသည်။

ဘဝနိဂုံး – မြန်မာသက္ကရာဇ် ၁၃၄၁-ခုနှစ် (၁၉၇၉)ခုနှစ်တွင် ရေချိုးမှား၍ ကျန်းမာရေးမကောင်းရာမှ ကွယ်လွန်သွားလေသည်။ ကွယ်လွန်ချိန်တွင် အသက် (၂၃)နှစ်ရှိပြီဖြစ်သည်။

သေဆုံးပြီးနောက် သူ၏ရုပ်အလောင်းကို မန္တလေးဆေးတက္ကသိုလ်သို့ လှူဒါန်းခဲ့သည်။ နေထိုင်မကောင်းသောအချိန်၌ နေခဲ့သည့်အိမ်ခြံဝင်းနေရာတွင် အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူထားသည်။

ကျောက်တိုင်၏ဘေးပတ်လည် တစ်ဖက်တစ်ချက်စီတွင် မဇီးကွက်စိန် အထိမ်းအမှတ်ကျောက်တိုင်၊ ၁၃၁၈-ခု မွေး၊ ၁၃၄၁-ခု ဆုံး၊ အရပ် ၈ ပေ ဟု ကမ္ပည်းထိုးထားသည်ကို ယနေ့တိုင် တွေ့မြင်နိုင်သည်။

Credit – မူရင်း