စစ်ကောင်စီဘက်က အင်အားထောင်ချီနဲ့ ထိုးစစ်ဆင်ခံနေရတဲ့ ပင်လည်ဘူး

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်အတွင်းက ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးမြို့နယ်တွေကို ဒီမနက်အစောပိုင်းကပဲ စစ်ကောင်စီအကြမ်းဖက်တပ်တွေက ဖုန်းနှင့် အာတာနက်ဆက်သွယ်ရေးတွေ ဖြတ်တောက်လိုက်ပါတယ်။

ဒေသတွင်း သတင်းအမှောင်ချကာ ကုန်းကြောင်း လေကြောင်းကနေ တိုက်လေယာဉ်တွေပါအသုံးပြုပြီး အကြီးအကျယ် ထျုးစစ်ဆင်မှုတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေ ထိခိုက်သေကြေမှု ဆိုးဆိုးဝါးဝါး ကြုံတွေ့လာနိုင်တဲ့အတွက်

တခြားသော ဒေသတွေက PDF/LDF တွေအနေနဲ့ တပြိုင်နက်ထဲ ထကြွပေးကြဖို့ ပင်လည်ဘူး။PDF က တောင်းဆိုစာတစောင်ကို သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် ရေးသားတောင်းဆိုလိုက်ပါတယ်။

တောင်းဆိုချက် အပြည့်အစုံမှာ_

“ပင်လည်ဘူး မြို့နယ် တစ်ခုလုံး ဖုန်းလိုင်း ၊ အင်တာနက်လိုင်း အကုန်ဖြတ်တောက်ပြီး စကစဖက်က အင်အားထောင်ချီ နဲ့ ဂျက်လေယာဥ် များနဲ့ ထိုးစစ်ဆင်ခံနေရပါပြီ။

သတင်းအမှောင်ဖုံးချခံရပြီး ယုတ်မာရက်စက်ခြင်းကို ပြည်သူတွေနဲ့ ကာကွယ်ရေးတပ်သားတွေ အလူးအလဲ ခံရပါတော့မယ်။

အင်အားစုဆောင်းပြီး အတန်ကြာပြင်ဆင်ခဲ့သော်လဲ အောက်တန်းကျ ကျင့်ဝတ်မရှိတဲ့ အမျိုးယုတ် စစ်တပ်ရဲ့ စစ်ကျင့်ဝတ်မရှိမှုတွေကြောင့် ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ စိတ်ဓာတ်တွေကြောင့် ပြည်သူတွေ ပိုပြီးအထိနာကြရပါတော့မယ်။

ကျနော်တို့ရဲ့ ပြည်သူ့ရင်သွေးတွေ ကျဆုံးရပါလိမ့်မယ်။ သည်အခြေအနေမှာ တစ်နိုင်ငံလုံးက PDF တွေ အနေနဲ့ ကိုယ့်ရပ်ကိုယ့်ရွာကနေ ထကြွပြီး စစ်မျက်နှာ ဖွင့်ပေးကြပါတော့လို့ တောင်းဆိုပါတယ်ဗျာ။

သည်ထက် ပိုပြီး အသေအပျောက်မများခင် ၊ မထိခိုက်ခင် သက်သာရာရကြောင်း ဖြစ်နိုင်အောင် အနယ်နယ်အရပ်ရပ်ကနေ စတင်ထိုးစစ်ဆင်ပေးဖို့ အနူးအညွတ်မေတ္တာရပ်ခံပါတယ်။

အခုလို အချိန်မှာမှ နယ်အနှံ့က ရုန်းမထရင် တစ်နယ်ချင်းကို စကစက ကောက်စားနေပါလိမ့်မယ်။ တစ်ပြည်လုံးက အုံကြွမှသာ တော်လှန်ရေးက အောင်မြင်မှာပါ။

ထကြွပေးကြပါဦး။“လို့ ရေးသားတောင်းဆိုထားပါတယ်။

ပင်လည်ဘူးမြို့နယ်အတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက အရာရှိကြီးတွေအပါအဝင် စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင်အင်အား ၄၀ ဝန်းကျင်သေဆုံးပြီး လက်နက်ခဲယမ်းအမြောက်အများကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းဆည်းနိုင်ခဲ့ပါတယ်။

ဒီအတွက် ထိုးစစ်ဆင်မှုတွေကို အကြီးအကျယ်ပြုလုပ်လာနေတာလည်း ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အင်တာနက်လိုင်းတွေပထမဆုံး

အင်တာနက်ပြတ်တောက်ခဲ့တာဖြစ်ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းအတွင်းက အနည်းဆုံး (၁၀)မြို့နယ်ကို စက်တင်ဘာ (၁၄)ရက်ကစပြီး အင်တာနက်ပြတ်တောက်ခဲ့ပါတယ်။

ဒီလိုအင်တာနက်ဖြတ်တောက်တာဟာ NUG နဲ့ PDFဘက်ကနေ

တာဝါတိုင်တွေကိုဖျက်ဆီးတာကြောင့် အခုလို အင်တာနက်ပြတ်ရတာလို့ စက်တင်ဘာ (၂၅)ရက်ထုတ် စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့နိုင်ငံခြားသံရုံးတချို့ဟာ ဒီလိုအင်တာနက်ဖြတ်တောက်မှုတွေကိုစိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့ မမှန်ကန်၊မရေရာတဲ့ အချက်အလက် အပေါ် အခြေခံပြီး ထုတ်လွှင့်တဲ့လူမှုကွန်ယက်က

သတင်းတွေကို ကိုးကားပြီး ထုတ်ပြန်နေတာလို့ စစ်ကောင်စီဘက်ကစွပ်စွဲထားပြီး စစ်ကောင်စီဘက်ကတရားဝင်ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေကို အလေးထားဖော်ပြဖို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မျက်မှောက်ခေတ်