အရိမေတ္တေယျမြတ်စွာဘုရားရှင်လက်ထက်တွင် တရားထူးဟောမည်ဟု ဗြာဒိတော်ရထားသည့် ဇလုံတောင်သမိုင်း

စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင်ဗန်းမောက်မြို့နယ်တွင်တည်ရှိပြီး ဗန်းမောက်မြို့မှမြောက်ဘက် ၁၂ မိုင်ခန့် အကွာ တောအတွင်းပင်လယ်ရေ မျက်နှာပြင်အထက်

အမြင့်ပေ ၃ဝ၉ဝ မြင့်သော တောင်ပေါ်တွင် တည်ရှိပါတယ်။ မြေပုံညွှန်း အက်စ်ဂျီ ၄၅၁၃၄၉ ဖြစ်ပါတယ်။ တောတောင်လျှို မြောင်များ နက်ရှိုင်းလှပါတယ်။

ဂေါတမ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် မဟာ သက္ကရာဇ် ၁၂၃ ခုနှစ် ဝါတော် ၂ဝ အရတွင် သိကြားမင်း ဖန်ဆင်း သော နတ်ပန်းရထား ၅ဝဝ ဖြင့် ရဟန္တာ အရှင်သူမြတ် ၅ဝဝ ခြံရံပြီး ကောင်းကင်ခရီးမှဇလုံတောင်တော်သို့ကြွတော်မူခဲ့ပါတယ်။

ဇလုံတောင် (ခေါ်) ဂေါဒေါပလ္လင်တောင်တော်သည် အရှေ့ ဧရာဝတီ၊ အနောက် သလ္လာဝတီမြစ် နှစ်လီတို့၏ အလယ်ဗဟိုတွင် တည်ရှိပါတယ်။

ဂေါဒေါပလ္လင်တောင်တော်တွင် ဧရာပတ္ထနတ်နဂါးမင်း သားအဖတို့၏ တောင်းပန် လျှောက်ထားမှုကြောင့် ခုနစ်ရက် သီတင်းသုံးတော်မူလျက် နဂါးမင်းသားအဖ လှူဒါန်း သော ဆွမ်းကို ဘုဉ်းပေးသုံးဆောင်တော်မူခဲ့ပါတယ်။ ကျန်ရှိသောဆွမ်း၊

ဆွမ်းဟင်းများ ကိုလည်း စိန်၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားရတနာများ ဖြစ်စေကြောင်း ဆုတောင်း အဓိဋ္ဌာန်ပြုလျက် တောင်၏ ဝဲယာ၊ရှေ့နောက် စွန့်ကြဲပက်ဖျန်းခဲ့သည်ဟု သမိုင်းကျောက်စာတွင် ဖော်ပြထားပါတယ်။

ထိုတောင်တော်တွင် ဗျာဒိတ်တော်ပေး ဘုရားပုံတော်ကြီး တစ်ဆူလည်း ဖူးမြင်နိုင်ပါတယ်။ ဗျာဒိတ်စကား မိန့်ကြားတော်မူသည်မှာ ညီဘွား အာနန္ဒာ အောင်မြေခေါ်သော ဂေါဒေါပလ္လင်တောင်ကလပ်၌

ပွင့်တော်မူလတ္တံသော အရိမေတ္တေယျ ဘုရားရှင်သည် ငါဘုရားကဲ့သို့ အလှူခံယူကာ တရားထူးကို ဟောကြားတော်မူလိမ့်မည်ဟု ဗျာဒိတ်တော်ထားခဲ့လေ၏။

ထိုကြောင့် ထိုဒေသ၏ မြောက်ဘက်တွင် ဖားကန့်ကျောက်စိမ်းတွင်းများ၊ အနောက်ဘက်၊ တောင်ဘက်နှင့် အရှေ့ဘက်တို့တွင် ရွှေတွင်းများဖြစ်လာသည်ဟု ဒေသခံများက ယုံကြည်ခဲ့ကြတယ်။

ထို့ပြင် အရပ်လေးမျက်နှာလုံး ကျွန်းတောကြီးများသည်လည်း တန်ဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်သည်။

ဘုရားသမိုင်းတွင် ၎င်းကျာက်တောင်သည် ငါးဆူမြောက် အရိမေတ္တေယျဘုရားရှင် တရားဟောကြားမည့် နေရာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ကျောက်တောင်သည် သံတောင် ၄၄၄ တောင်ဖြစ်၍ပေအားဖြင့် ၆၆၆ပေ မြင့်သည်။

ဤကျောက်တောင်ကို ဘုရားပွင့်မည့် သလွန်တောင်တော်ဟု ခေါ်ခဲ့ပြီး နောင်တွင် ဒေသခံများက ဇလုံမှောက်ထားသည်နှင့် တူ၍ ဇလုံတောင်ဟု ခေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ လွန်ခဲ့သောနှစ် ၈ဝ ခန့်က မြေပုံပေါ်တွင်လည်း သလွန်တောင် ဟုသာဖော်ပြထားသည်ကို တွေ့ရသည်။

ကျောက်တောင်ကြီးပေါ်တွင် ဘုရားတည်ခဲ့သည်မှာ သက္ကရာဇ် ၄၉၂ ခုနှစ်က ဖြစ်သည့်အတွက် နှစ်ပေါင်း ၉ဝဝ ခန့် ကြာခဲ့ပြီ ဖြစ်ပါတယ်။ အရှင်ဓမ္မဒဿီအမည်ရှိ အရှင်အရဟံနှင့် တပည့်အရှင်အာစာရ

မထေရ်မြတ်နှစ်ပါးသည် ဂေါဒေါပလ္လင်ခေါ် ဇလုံတောင်သို့ ကြွရောက်တော်မူခဲ့ပြီး ဣစ္ဆာသယ လိုတရချမ်းသာကြီး အောင်တော်မူ၊ အောင်ဆုယူ စေတီများကို ဦးစွာပထမ တည်ထား ကိုးကွယ်ခဲ့ကြပါတယ်။

ထို့နောက် သက္ကရာဇ် ၁၂၁၁ ခုနှစ်တွင် ဝိဇ္ဇာမဟိဒ္ဓိအရှင်ဟု ပေါ်လွင်ထင်ရှားသော ဘုန်းကြီး ဦးသာအေးအရှင်မြတ်က အောင်တော်မူ၊ အောင်ဆုယူ စေတီများကို ဒုတိယအကြိမ် မွမ်းမံ ပြုပြင်၍ အောင်ကျော်အေးအောင် ဇလုံတောင်ဟု သာသနာပြု မော်ကွန်းတင်ခဲ့ပါတယ်။

သက္ကရာဇ် ၁၂၇၆ ခုနှစ်တွင် စက်တောကိုးဌာန အဝင်ကန်ရွာ ကျောင်းဆရာတော်နှင့် တိုက်သူကြီး ဦးရွှေသီး၊ ရပ်ဝေးရပ်နီး မြို့ရွာ ဒါယကာတို့က ကြေးအချိန်၂၅ ပိဿာဖြင့်ကြေးခေါင်းလောင်း သွန်းလုပ် လှူဒါန်းပြီး သက္ကရာဇ် ၁၂၉၇ ခုနှစ်တွင် သောင်သွတ်မြို့၊

ဝဲတက်ရွာဇာတိ အရှင်ကုဝေရက သားတော်တောင် ကျောက်ပလ္လင်၌ ဂန္ဓကုဋိတိုက် စေတီငါးဆူ တည်ထားကာ ဉာဏ်တော် လေးပေရှိ၊ လိုတိုင်းပြည့်ဗျာဒိတ်ပေး ပဉ္စလောဟာ ဗုဒ္ဓရုပ်ပွားတော် သွန်းလောင်း၍ တတိယအကြိမ် ထူးခြားစွာ သာသနာပြုခဲ့ကြောင်း သိရှိရပါတယ်။

သက္ကရာဇ် ၁၃၁၁ ခုနှစ်တွင် စက်တော ကုန်းရိုးကြီးကျောင်း ဆရာတော်ကြီးနှင့် အလယ်ရွာ၊ ကန်ရွာ၊ အနောက်တာ ဆရာတော်ကြီးများ ဦးဆောင်၍ ရပ်ဝေးရပ်နီးမြို့ရွာ ဒါယကာတို့က

အောင်ဆုယူစေတီများကို မွမ်းမံပြင်ဆင်၍ စတုတ္ထအကြိမ် ရွှေထီးတော် အထွတ်တင်လှူကာ သာသနာပြု ခဲ့ကြောင်း သာသနာ မော်ကွန်းတင်ကျောက်စာတွင် ဖော်ပြထားပါတယ်။

ဤကျောက်တောင်ကြီးမှာ ခမည်းတော်တောင်နှင့် မယ်တော်တောင် ကျောက်လုံးကြီးများ နှစ်လုံးပူးတွဲပြီး ဘေးအနည်းငယ် နိမ့်သော နှစ်ဖက်တွင် သားတော်တောင်၊ သမီးတော်တောင် တွဲနေပါတယ်။

လွန်ခဲ့သော နှစ်လေးဆယ်ခန့်က သမီးတော်ကျောက်တောင်ကြီး ပဲ့ကျခဲ့ပါတယ်။ အဆိုပါ ကျောက်လုံးကြီး ပဲ့ကျသောအသံသည် ဗန်းမောက်မြို့နယ် တစ်နယ်လုံးသိမ့်သိမ့်တုန် မြည်ဟည်း

ရိုက်ခတ်ခဲ့ကြောင်း သိရသည်။ ကျောက်တောင်ထိပ်ကို တက်သည့်အခါတွင် ကျောက်တောင်ကြီး နှစ်လုံးကြားမှ အုတ်လှေကားဖြင့် ကွေ့ပတ် တက်ရပါတယ်။

ကျဉ်းကျပ်နေသောနေရာတွင် ကျောက်တံခါးကြီးလည်း ရှိပါတယ်။ အကုသိုလ်များသူ မကျော်နိုင်၊ မဝင်နိုင်ဟု ဆိုကြပါတယ်။

အမှန်တကယ် မဝင်နိုင်သူကိုလည်း တွေ့ခဲ့ရပါတယ်။ ကျောက်တောင်ကြီးပေါ်ရှိ ဘုရားများကို တောင်ခြေမှလည်း ထင်ထင်ရှားရှားဖူးမြော်ရပါတယ်။

ကုတ်ကတ် တွယ်တက်ရသော နေရာလည်း ရှိပါတယ်။ အပေါ်ကျောက်တုံးကြီး တစ်ခုနှင့် တစ်ခုကြား ကျောက်ကျောမှတစ်ဆင့် ကူးသွားရသည်မှာလည်း နှစ်ဖက်လုံး နက်ရှိုင်းသော ချောက်ကြီးနှင့်ဖြစ်၍ အသည်းယားစရာ ဖြစ်ကြရပါတယ်။ အချို့သူများ မကူးရဲပါ။

ဤကျောက်တောင်ကြီးတွင် ဇလုံတောင် အရှင်ကြီး ရှိကြောင်း၊ ဤဇလုံတောင် ဘုရားဖူးလျှင် အရိမေတ္တေယျ ဘုရားဖူးရန် စာရင်းတွင် ပါဝင်မည်ဖြစ်ကြောင်း အဆိုတစ်ရပ် ရှိကြပါတယ်။ ဇလုံတောင်အရှင် စာရင်းမဝင်ရင် မေတ္တာရှင်နဲ့ လွဲရမယ် ဟုဆိုသည်။

ထို့ကြောင့် ရပ်ဝေးရပ်နီး ဒေသများမှ နှစ်စဉ် ဘုရားဖူးလာကြကြောင်း တွေ့မြင်ရသည်။ အချို့ဆိုလျှင် နှစ်ရက်သုံးရက် လမ်းလျှောက် လာကြကြောင်းတွေ့မြင်ရသည်။

မူရင်းရေးသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။