
မုန့်တီသမိုင်း(ပါးစပ်ရာဇဝင်)
BC-5/6 ရာစုခန့်က ဓညတီပြည်တွင် စန္ဒသူရိယမင်းလောင်းလျာသည် မိခင်ဝမ်း၌ကိုယ်ဝန်စွဲကပ်သောအခါက မိဖုရားကြီးသည် ညအိပ်ပျော်နေစဉ် မြေကြီးထဲမှ တီကောင်များကို စားရသည်ဟု အိပ်မက်မက်ပြီး တီကောင်များကို စားချင်သည့် အာသာဆန္ဒ ချင်ခြင်းတပ်လေရကား ဘုရင်ကြီးအား သူမ၏ချင်ခြင်းကိုလျှောက်ထားလေ၏။
ဘုရင်ကြီးက မသင့်တော်ကြောင်း တားမြစ်ပါသော်လည်း သူမ၏ချင်ခြင်းဆန္ဒကို မဖြေဖျောက်နိုင်ဖြစ်ရကား စိတ်ဆင်းရဲခြင်းကြီးစွာ ဖြစ်ရလေ၏။ နောက်ဆုံးတွင် မိဖုရားခေါင်ကြီး၏ ပြင်းပြသော အာသာဆန္ဒကိုဖြည့်ဆည်းရန် ပညာရှိအမတ်များနှင့် တိုင်ပင်တော်မူလေ၏။
ထိုအခါပညာရှိတို့က တီကောင်ဆိုသည် စားအပ်သောအရာမဟုတ်။ သို့သော်မိဖုရားကြီ၏ ချင်ခြင်းတပ်မှုကို မဖြည့်ဆည်းနိုင်ပါက မိဖုရားကြီးမှာ မစားနိုင်မအိပ်နိုင် ကျန်းမာရေးထိခိုက်လျှက်ရှိရကား တီကောင်နှင့်တူသော မုန့်တစ်မျိုးကို ဖန်တီးပြီး ကျွေးမွေးရန် အကြံပြုကြ၏။
ထို့ကြောင့် ဆန်ကိုအချဉ်ဖောက်ပြီး ညက်စွာထုထောင်းနယ်ဖတ်လျှက် တီကောင်ကဲ့သို့ အရောင်ဆိုးကာ ရွှေခွက်ကြီးတစ်ခုတွင် ထည့်၏။ ထိုနောက် အပေါက်ငယ်များ ဖောက်ထားသော ရွှေပြားဖြင့် အပေါ်မှအုပ်ကာ မိဖုရားကြီးအား အပေါ်မှ တက်နင်းစေ၏။ ထိုအခါ မုန့်ပျော့ဖတ်များသည် ရွှေပြား၏ အပေါက်ငယ်များမှ တီကောင်ငယ်များသဖွယ် လူးလွန့် ထိုးထွက်လာလေ၏။
မိဖုရားကြီးလည်း တီကောင်သဏ္ဍာန် မုန်အမျှင်များကို ဝမ်းသာအားရ ယူငင်ကာ စားသုံးလေသဖြင့် ချင်ခြင်းဆန္ဒပြည့်ဝလေ၏။ ထို့နောက်ကျန်သောမုန့်များကို စားချင်စဖွယ် ပြုပြင်စားသောက်ကြသဖြင့် မုန့်တီစားသုံးသုံးခြင်းဓလေ့ ဓညဝတီပြည်တွင် ထွန်းကားလာလေ၏။ မုန့်တီစားရာတွင် အရည်သောက်ဟင်းချိုနှစ်မျိုးဖြင့် တွဲဖက်စားသောက်ကြရ၏။
နောင်ကာလကြာသောအခါ ဟင်းချိုရည်ကို သီးခြားမထားတော့ဘဲ မုန့်ဖတ်နှင့်ရောနှောကာ သောက်ကြလေ၏။ ထို့ကြောင့် ဓညဝတီရခိုင်ပြည်တွင် (BC-5) ရာစုခန့်မှစ၍ မုန့်တီသောက်သည့်ဓလေ့ ထွန်းကားခဲ့သည်ဆို၏။
လိုအပ်သောပစ္စည်းများ
၁။ အဝကျယ်မြေအိုးတစ်လုံး။၂။ အိုးအဖုံး။၃။ အင်းဂရားချိုင်ငပိ(မျှင်ငပိ)၄။ သင်းပေါင်းထိုးခြောက်(ငါးရွှေခြောက်)- (ငါးရွှေခြောက်သည် ကြပ်တိုက်ခြောက်ဖြစ်ရမည်။) (နေလှန်းခြောက်သည် အနံ့မမွှေးပါ။) (အကောင်ကြီးသား ပိုကောင်းသည်။)
၅။ ပဒဂြော (ပဒဲကော)၆။ ချင်းစိမ်း(ဂျင်း)၇။ ဆိတ်ဖူး၈။ ငရုပ်ကောင်း ၉။ ကြက်သွန်ဖြူ၁၀။ မှင်းကျိုးသီးအစိမ်း(မကျည်းစိမ်း)မကျည်းစိမ်းရာသီမဟုတ်ပါက မကျည်းမှည့်(မှင်းကျိုးသီးအပိ) ကိုသုံးပါသည်) ၁၁။ ငရုပ်သီးခြောက် ၁၂။ နံနံပင်ပေါက် ၁၃။ ဆန် ၁၄။ ဆား ၁၅။ ပဲဆီ/နှမ်းဆီ
မုန့်ဖတ်လုပ်ခြင်း
ရှေးဦးစွာ ဆန်ကို အဝတ်အိပ်အဖြူများတွင်ထည့်ပြီး စင်ပေါ်တင်ကာ ရေစိမ် ရေလောင်းပေးထားရမည်။ (၅-၇)ရက်ခန့်ကြာသောအခါ ဆန်သည်အချဉ်ပေါက်ပြီး ပျော့လာမည်။ ထိုဆန်ကို ကောင်းစွာနယ် ဆုံတွင်ညက်အောင်ထောင်းပြီး မုန့်ညှစ်ဆုံတွင်ညှစ်ရမည်။
ထွက်လာသော မုန့်တီအမျှင်များကို ပွက်ပွက်ဆူနေသော ရေနွေးအိုးဖြင့်ခံယူပြီး ကျက်လျှင်ဆယ်ယူရမည်။ တစ်ကြိမ်တစ်ဆုံညှစ်လျှင်တစ်ဆွဲ ဟုခေါ်သည်။
မုန့်တီဟင်းရည်ကြိုခြင်း။
မြေအိုးတွင် ဦးစွာ ရေသင့်ရုံထည့်ပြီး မျှင်ငပိလိုသလောက်ထည့်ကာ မီးပြင်းပြင်းဖြင့် ရေခမ်းသည်အထိ ကြိုရမည်။ (ခြောက်ကပ်သည်အထိမကြိုရပါ) ထိုသို့ကြိုခြင်းကို ငပိသတ်သည်ဟု ခေါ်ပါသည်။ ငပိသတ်စဉ် အိုးအဖုံးကို ဖွင့်ထားရမည်။ (မကောင်းသည့်အနံ့အသက်များ ထွက်သွားရန်) (ငပိကိုသတ်ခြင်းဖြင့် အနံ့အရသာ ပိုကောင်းလာပါသည်။)
ဆားအနည်းငယ် ထည့်ရမည်။ ငပိသတ်ပြီးသောအခါ ရေကိုလိုသလောက် ထပ်ထည့်ရမည်။ သင်းပေါင်းထိုးကို လက်သုံးလုံးခန့် အပိုင်းပိုင်းဖြတ်ပြီး ထည့်ရမည်။ ချင်းစိမ်းနှင့် ပဒဲကော ကြက်သွန်ဖြူ သင့်သလောက် ထောင်းထည့်ရမည်။
ငရုပ်ကောင်းအနည်းငယ် ထောင်းထည့်ရမည်။ ထို့နောက် သင်းပေါင်းထိုးများ နူးအိပြီး ဟင်းရည်နံ့ မွှေးကြိုင်လာသည်ထိ မီးပြင်းပြင်းဖြင့် ကြိုရမည်။ ကြို၍ကျက်သောအခါ မီးငွေ့ငွေ့ဖြင့် ဆက်လက်ကြိုထားရမည်။ (မြေအိုးသည် အိုးသစ်ဖြစ်ပါက ရေဝအောင်စိမ်ပေးပြီး ရေဖြင့် နာရီများစွာကြိုပေးရမည်။)
ဆိတ်ဖူး၊ ဂျင်း နှင့်ကြက်သွန်ဖြူ သင့်သလောက်ကို ဆုံဖြင့်ထောင်းပြီး အိုးအဖုံး အတွင်းဘက် ချိုင့်ခွက်တွင် ဖိသိပ်ထည့်ကာ ပိတ်စသန့်သန့်ဖြင့် သေချာစွာပိတ်ပြီး စည်းနှောင်ကာ ဟင်းရည်အိုးပေါ်တွင် မှောက်လျှက်ဖုံးထားရမည်။
သို့မှသာ အိုးမှထွက်လာသောအငွေ့ကြောင့် ဆိတ်ဖူး၊ ပဒဲကော၊ ဂျင်းတို့မှ စီးကျလာသောအရည်များဖြင့် ဟင်းရည်သည်အမြဲတန်း မွှေးကြိုင်နေမည်။
ငါးမှုန့်
ဟင်းရည်ကြိုပြီးသည့်အခါ သင်းပေါင်းထိုးအဖတ်များကို အကုန်ဆယ်ယူပြီး အရိုးထွင်ကာ အသားကို ဆုံတွင် ခပ်ဖွဖွထောင်းပြီး ဆနွင်းအနည်းငယ်ဖြင့်နယ်ကာ ဆီအနဲငယ်ဖြင့် အိုးကင်းပူတိုက် ဒလိမ့်ထိုးရမည်။ (ငါးမှုန့်ဟုခေါ်ပါသည်)
ကြက်သွန်ကြော်/ဆီကျက်
ကြက်သွန်ဖြုအတက်ငယ်များကို ကန့်လန့်ဖြတ် အဝိုင်းငယ်များရအောင် လှီးကာ ဆီများများဖြင့် ကြွတ်နေအောင်ကြော်ရမည်။
အချည်ရည်
မကျည်းသီးအစိမ်းကို ပြုတ်ပြီး ခွက်တစ်ခုတွင်ထည့်ကာ မုန်တီဟင်းရည်အနည်းငယ်ဖြင့်ဇွန်းဖြင့် ထိုးခြေထားရမည်။
ငရုပ်သီးချက်
ငရုပ်သီးခြောက်ကို ညက်စွာထောင်းပြီး ပဲဆီဖြင့် အိနေအောင် ကြော်ချက် လုပ်ထားရမည်။ ငရုပ်ကောင်းကို အမှုန့်ထောင်းပြီး ခွက်တစ်ခုတွင် ထည့်ထားရမည်။ နံနံပင်ပေါက်ကို သန့်အောင်ဆေးပြီး ခွက်တစ်ခွက်ဖြင့် ထည့်ထားရမည်။ အငံအလေး ကြိုက်သူများအတွက် ဆားတစ်ခွက်ပြင်ဆင်ထားရမည်။
ရခိုင် မုံ့တီစားနည်း
မုန့်ဖတ်ထည့်ပါ။ ဆီကျက်(ကြက်သွန်ကြော်) ထည့်ပါ။ ငါးမှုန့်အနည်းငယ် ထည့်ပါ။ အချည်ရည်ထည့်ပါ အစပ်ကြိုက်လျှင် ငရုပ်သီးဆီချက်ထည့်ပါ။ အပူဓာတ်အတွက် ငရုပ်ကောင်းမှု့န့် သင့်သလောက်ထည့်ပါ။ ဟင်းရည်ထည့်ပါ။ နံနံပင်ပေါက်အနည်းငယ်ကို နောက်ဆုံးမှထည့်ပါ။ စားနိုင်ပါပြီ။
မှတ်ချက်
ရခိုင်လူမျိုးတို့သည် မုန့်တီကို မစားကြပါ။ မုန့်တီသောက်သည် ဟုပြောကြပါသည်။
အထူးမှာကြားချက်
မိတ်ဆွေသည် ရခိုင်မုန့်တီကို ဆိုင်မှာဝယ်စားပါက မုန့်တီစားပြီးလျှင် အစပ်ပြေ မုန့်ဖတ်အနည်းငယ် တောင်းစားဖို့မမေ့ပါနှင့်။
Credit: ထွန်းအောင်ကျော်(ကျွဲတဲ/ကွမ်းသီးတော)