ဒေါ်အောင်ဆန်းစုကြည့်တို့ရဲ့ ဒီကနေ့ရုံးချိန်း ဘာတွေစစ်ဆေးခဲ့လဲ..?

ဒေါ်အောင်ဆန်းစုကြည့်တို့ရဲ့ ဒီကနေ့ရုံးချိန်း ဘာတွေစစ်ဆေးခဲ့လဲ

နေပြည်တော်ကောင်စီဝင်းအတွင်းရှိ သီးသန့်တရားရုံးမှာ ဒီကနေ့မနက်ပိုင်းက နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားစွဲဆိုထားတဲ့ အမှုတွေနဲ့ပတ်သက်ပြီး ဆက်လက်စစ်ဆေးတာတွေပြုလုပ်ခဲ့ပါတယ်။

အမှုစစ်ဆေးတာနဲ့ပတ်သက်ပြီး VOM မှ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးကို ဆက်သွယ်မေးမြန်းတဲ့အခါ “၁၀ နာရီ ၃၀ မှာတရားခွင်စပါတယ်၊ဒါ့အပြင် ” သမ္မတအပေါ်စွဲထားတဲ့သဘာဝဘေးအမှုနဲ့ပတ်သက်ပြီးတော့ စွဲချက်လျှောက်လဲချက်နှစ်ဖက်ကြားနာတယ်။

နောက်တစ်ပတ်တနင်္လာနေ့ ၄ရက် ၁၀လကို စွဲချက်အမိန့်ချမယ်ဆိုပြီးတော့မှ ရုံးချိန်းပေးပါတယ်၊ နောက်ထပ် အမေ့အပေါ်စွဲထားတဲ့ သဘာဝဘေးအမှုအတွက်ကတော့ တရားလိုပြသက်သေတစ်ဦးနဲ့ အမှုစစ်တစ်ဦးဆိုတော့နှစ်ဦးကိုစစ်တယ်။

ပြီးတဲ့အခါအဲ့ဒီအမှုအတွက် သက်သေကုန်သွားပြီးဖြစ်တဲ့အတွက် စွဲချက်လျှောက်လဲချက်ကို နောက်ရုံးချိန်းမှာ ကြားနာဖို့ရှိပါတယ်။ ၄ရက်၁၀လမှာ စွဲချက်လျှောက်လဲချက်ကြားနာဖို့ရှိပါတယ်။

နောက်တစ်မှုက ပို့ကုန်သွင်းကုန် ၈နဲ့စွဲထားတဲ့အမှုအတွက်ကတော့ သူတို့ ယခင်အပတ်တုန်းက ဥပဒေအရာရှိကနေ နောက်တိုးသက်သေလျှောက်ထားတယ်ပေါ့နော်။ အဲ့ဒီလျှောက်ထားတဲ့အပေါ်မှာ နှစ်ဖက်လျှောက်လဲချက်ကြားနာတာပေါ့၊

ကြားနာတဲ့အပေါ်မှာ နောက်တစ်ပတ်ရုံးချိန်းမှာကတော့ နောက်တိုးသက်သေလျှောက်ထားတာကိုလက်ခံ၊မခံ ခွင့်ပြု၊မပြုဆိုတဲ့အမိန့်ချမှာပါ။နောက်ထပ်တစ်မှုကတော့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နဲ့စွဲထားတဲ့အမှု အတွက်ကတော့ အမှုစစ်ကိုစစ်တယ်ပေ့ါနော်။

စစ်ပြီးတဲ့အခါ ကျွန်မတို့ဘက်ကနေ ပြန်လှန်စစ်မေးပါတယ်။ အရင်အပတ်တုန်းကတော့ အဓိကစစ်မေးတာ ရယ်ပြန်လှန် စစ်မေးတာရယ် သုံးပုံတစ်ပုံလောက်တော့ပြီးသွားတာပေါ့နော်။

အဲ့ဒီအနေအထားမှာ ကျွန်မတို့ဘက်ကနေ သက်သေခံ တင်သွင်းဖို့စာရွက်စာတမ်းကို ပြည့်စုံဖို့ဆိုပြီး နောက်ရုံးချိန်းတောင်းလိုက်တဲ့အတွက် ဒီတစ်ပတ်မှာ အဲ့စာရွက်စာတမ်းတင် သွင်းဖို့ပေါ့။

အဲ့ဒီစာရွက်စာတမ်းကဘာလဲဆိုတော့ ဇမ္ဗူသီရိမြို့နယ် တရားရုံးတော်ကနေ ၁၉.၂.၂၀၂၁ ရက်နေ့ကထုတ်ပေးလိုက်တဲ့ ၂၀၂၁ခုနှစ် ရာဇ၀တ်အထွေထွေအမှုအမှတ် ၁၁ နဲ့ထုတ်ပေးလိုက်တဲ့ ရှာဖွေ၀ရမ်းပေါ့နော်၊

အဲ့ဒီမြနန်းဘုံသာလမ်းမှာရှိတဲ့ အမှတ် A -33 ကိုရှာဖွေဖို့အတွက် ရှာဖွေ၀ရမ်း၊ အဲ့ဒီရှာဖွေ၀ရမ်းနဲ့ပတ်သက်ပြီးတော့မှ ဘာတွေရှာဖွေခဲံလဲဆိုတော့ ဆက်သွယ်ရေးပစ္စည်းများနဲ့ဆက်စပ်ပစ္စည်းတွေကို တရားမ၀င်လက်၀ယ်ထားရှိခြင်းကို

ကျူးလွန်ကြောင်း သင်္ကာမကင်းဆိုပြီးတော့ လျှောက်ထားတဲ့အတွက် ရှာဖွေ၀ရမ်းထုတ်ပေးထားတာ။ အဲ့ဒါ ရှာဖွေ၀ရမ်းကိုကျွန်မတို့ဘက်ကနေ သက်သေခံအဖြစ်တင်သွင်းတာပါ။

ဥပဒေအရာရှိကတော့ တင်သွင်းခြင်းကိုကန့်ကွက်တယ်။ရုံးတော်ကလည်း သက်သေခံအဖြစ်တင်သွင်းခြင်းကိုခွင့်မပြုခဲ့ပါဘူးဒီရုံးချိန်းမှာ ။ ပြီးတဲ့အခါမှာ အမှုစစ်ကိုဆက်စစ်တယ်။

ပြီးသွားတော့ ဒီတရားလိုပြသက်သေတွေကုန်သွားတဲ့အတွက်ကြောင့် နောက်ရုံး ချိန်းမှာကတော့ စွဲချက် လျှောက်လဲချက်ကြားနာဖို့ရှိပါတယ်”လို့ ပြောပါတယ်။

​နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်အ​နေနဲ့ သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပ​ဒေပုဒ်မ-၂၅ နဲ့၂မှု၊ ပို့ကုန်၊ သွင်းကုန် ဥပ​ဒေပုဒ်မ ၈၊ ပုဒ်မ ၅၀၅(ခ)၊ ဆက်သွယ်ရေးပုဒ်မ ၆၇၊

မြန်မာနိုင်ငံလျှို့ဝှက်ဥပ​ဒေပုဒ်မ ၃(၁)(ဂ)တို့နဲ့ တရားရင်ဆိုင်​နေရပြီး အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေပုဒ်မ ၅၅ စုစုပေါင်းအမှု ၅မှု နဲ့ တရားစွဲခံထားရ​တာဖြစ်ပါတယ်။

Ref – VOM