စကစ ထိန်းမနိုင်တော့တဲ့ မြန်မာကျပ်ငွေတန်ဖိုးကျမှုနှင့် ဇော်မင်းထွန်း ဗြောင်လိမ်လို့မရတော့တဲ့ ရွှေဈေး၊ဒေါ်လာ ဈေးများ

ဒေါ်လာဈေးကွက်ပျက်ပြီး တစ်ဒေါ် လာ ၂၇၀၀ အထိ မြင့်တက်၊ ရွှေဈေး ၂၂ သိန်းရောက်ရှိ ၊ မြန်မာကျပ်ငွေတန်ဖိုးကျမှု စကစ ထိန်းမနိုင်တော့

ပြည်တွင်းငွေလဲဈေးကွက်တွင် မြန်မာကျပ်ငွေတန်ဖိုးထိုးကျနေမှုကို မထိန်းနိုင်တော့ဘဲ ဒေါ်လာငွေလဲဈေးကွက်ပျက်စီးကာ ဈေးနှုန်းများမှာလည်း ငွေလဲကောင်တာ

တစ်ခုနှင့်တစ်ခု မတူတော့ဘဲ အမေရိကန်တစ်ဒေါ်လာ မြန်မာကျပ်ငွေ ၂၄၀၀ မှ ၂၇၀၀ အကြား ဈေးဖွင့်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့ Chase Money Changer က ယနေ့မွန်းတည့် ၁၂ နာရီတွင် ဒေါ်လာဈေးကို အမေရိကန်တစ်ဒေါ်လာ ရောင်းဈေး ၂၇၀၀ ကျပ်ဖြင့် ဈေးနှုန်းဖွင့်လှစ်ထားကြောင်း သိရှိရသည်။

“အခု ကျပ်ငွေက တအားကို ထိုးကျနေတာဗျ။ အဓိက ဒေါ်လာဝယ်တဲ့သူက များတယ်။ ဘယ်ငွေလဲကောင်တာဖြစ်ဖြစ် ဒေါ်လာ ဝယ်မရဘူး။

ဈေးကွက်က ပရမ်းပတာကို ဖြစ်နေတာ။ ဗဟိုဘဏ်က ထုတ်ရောင်းတယ်ဆိုတာကလည်း ကြေညာချက်ပဲ ထွက်နေတာ။

တကယ့်ဈေးကွက်ထဲ ရောက်မလာတဲ့သဘောဖြစ်နေတယ်” ဟု မဂိုလမ်း(ရွှေဘုံသာလမ်း)မှ ငွေလဲဒိုင်တစ်ဦးက ပြောသည်။ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကမူ

စက်တင်ဘာလ (၂၈) ရက် နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် အကယ်ဒမီမီးလင်းရွှေအဖွင့်ဈေး ၂၀၅၀၀၀၀ ကျပ်(နှစ်ဆယ်သိန်း ငါးသောင်း)ဖြင့်

ဈေးဖွင့်ထားပြီး ဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ၂၂ သိန်းအထိ ဈေးရောက်ရှိပြီး အရောင်းအဝယ် လုပ်နေကြောင်း သိရှိရသည်။

crd-နိုင်ငံတကာ သတင်းစုံ

———-

တိုင်းပြည်ကား အထွေထွေ အကြပ်အတည်း ကြီး နှင့် ရင်ဆိုင်လာနေရပြီး ဒေါ်လာဈေး၊ ရွှေဈေး နှင့် သွင်းကုန် များမှာ နေ့စဉ်နှင့်အမျှ ကြောက်ခမန်းလိလိ ခုန်ပျံ တက်လာခဲ့သည်။ ကျပ်ငွေတန်ဖိုးသည် ယခုလို တိုတောင်း သည့် အချိန်အတွင်း ဤမျှ အထိ ဖြစ်လာလိမ့်မည် ဆိုသည်ကို မည်သူမျှ ထင်မထားသည့်အပြင် သုံးပုံတပုံခန့် တိုင်အောင် ကျဆင်းသွားခဲ့လေသည်။

စစ်တပ်၏ ခေါင်းဆောင်နိုင်မှု အရည်အသွေး ညံ့ဖျင်းပုံကို ခုနှစ်လ ရှစ်လ အတွင်း မှာပင် လူထု ရှေ့မှောက် မည်သို့မျှ အယောင်ဆောင်၍ မရအောင် ဘွားဘွားကြီး ပေါ်လွင်လာခဲ့ပြီ ဖြစ်သည်။

၎င်းတို့ အထဲတွင် အမြှော်အမြင် နှင့် ပြည့်စုံပါသည် ဟု အထင်တကြီး ရှိခဲ့သော ခေါင်ချုပ် ဆရာသမားပင် နေ့စဉ်နှင့် အမျှ တောင်စဉ်ရေမရ စကားများ ပြောဆိုလာနေသည်။ ၎င်း၏ စိတ်ထဲတွင် အလျော့ပေးလိုဟန် မရှိသေး၊ လက်နက်အားကိုးဖြင့် လူထုအား ပေးတာယူ ကျွေးတာစား အဆင့်ဖြင့် အုပ်ချုပ်သွားရန် ကြံစည် နေတုန်းပင် ဖြစ်သည်။

အင်အား အသုံးပြုပြီး တိုင်းပြည်အခြေအနေကို တည်ငြိမ်အောင် ပြန်ထိန်းမည် ဟု ကြွေးကြော်လာပြီ ဆိုကတည်းက အတွေးအခေါ် အကြံဉာဏ်များ ပေါင်စရာ နှံစရာမျှပင် မကျန်တော့ ဆို သည်ကို ဝန်ခံလိုက်ခြင်းပင် ဖြစ်သည်။

လက်ရှိ ၎င်းတို့ စိတ်ထဲဝယ် စစ်တပ် ပြိုကွဲသွားတော့မည့် အရေးအား မည်သို့ ထိန်းရမည်ကို သာ ခေါင်းထဲတွင် ရှိတော့သည်။ စစ်ခေါင်းဆောင်များ အထင်တကြီး နှင့် ပေါချောင် ကောင်း ခေါ်ခန့်ထားသော ကျွန်ယုံ ကျွန်ကောင်း ပညာရှင်များကလည်း ဘော ပွဲကြည့် ပရိသတ် ကဲ့သို့ ဘေး ကနေ ထိုင်ဆဲ ရုံမျှ သာ အရည်အချင်း ရှိသူများ ဖြစ်နေပြန်သည်။

သူတို့ ၏ တာဝန်ကား လက်ရှိ အကြပ် အတည်းကို ရေရှည် စဉ်းစားဖို့ မရှိဘဲ ဆေးမြီတိုဖြင့် ကုစားနိုင်ရန် စိတ်ကူးပေါက်ရာ အကြံ ဉာဏ်များ ဖြင့် လုပ်ဆောင်နေကြသည်မှာ ထင်ရှားနေပေသည်။

စစ်ကောင်စီ အဖို့က တိုင်းပြည်မငြိမ်သက်အောင် လုပ်နေသူများကြောင့် ဟု ဆိုကာ နတ်သံနှော၍ ငိုချင်းချဖို့သာ ရှိပေတော့သည်။ လက်ရှိ ရွှေဈေး၊ ဒေါ်လာဈေး၊ လောင်စာဆီ ဈေးများ တက်နေခြင်းကို ထုံးစံအတိုင်း လုပ်ကြံ သတင်းများဟု ပြော၍ မရတော့ပေ။

တဟုန်ထိုး ဖွံ့ဖြိုးတိုးတက်ရန် အရှိန်ယူ နေသော တိုင်းပြည်အား မဲခိုးသည် ဆိုကာ မျက်နှာပြောင်တိုက် အာဏာ သိမ်းယူပြီး ဂျောက်ထဲသို့ တွန်းချ ပစ်ခဲ့ သော စစ်တပ်၏ သမိုင်း သည် ရာဇဝင် တွင် အမဲစက်ထင်သွားခဲ့ရပြီ ဖြစ်သည်။

သမိုင်း၏ အမှားများကို သင်ခန်းစာ မယူနိုင်သူများ အဖို့ နောက်တကြိမ် ပြန်ပြီးဖျက်ဆီးကြဖို့ က လွန်စွာ လွယ်ကူလှပေသည် ဟု ဝင်စတန် ချာချီ က ပြောခဲ့ဖူးပေသည်။ ထို့အတွက် မြန်မာ ပြည်သူများ အဖို့ နှစ်ပရိစ္ဆေဒ ကြာညောင်းစွာ ဒုက္ခလှလှကြီး ခံစားခဲ့ရသည့် ပုပ်သိုးဆွေးမြေ့နေသော သမိုင်း၏ နွံအိုင်ကြီးထဲ တကျော့ပြန် ကူးခတ် ရုန်းကန်ကြရပေဦးမည်။

နိုင်ငံ‌ရေး ကို အခြေခံ လာသော တိုင်းပြည်သည် မငြိမ်မသက် ဖြစ်လာသည့် အတွက် လူများက မိမိတို့ အပ်နှံ ငွေများကို အလုအယက် ပြန်ထုတ်လာရာမှ cash crunch ခေါ် ငွေသား ပြတ်လတ်မှု ဖြစ်လာပြီး ဘဏ်များ ပြိုလဲမတတ် ဖြစ်လာသည်။

ဘောလုံးပွဲကြည့် ပညာရှင်များ သည်လည်း ဘာမှ မလုပ်ရဲ မကိုင်ရဲ၊ ထိုအနေ အထားကို အတန်ကြာ ထိုင်ကြည့်နေကြသည်။ သို့သော် ငွေစက္ကူများ ကို ဗုံးပေါလအော ရိုက်ထုတ်ပါက ငွေကြေး ဖေါင်းပွမှု ဖြစ်မည် ဆိုသည်လောက်တော့ သိထားကြသူများ ဖြစ်သည်။ လူထု ဖက်ကလည်း အခွန် ငွေများ နှင့် ဓါတ်အားခ ပင် ‌ပေးဆောင်ကြခြင်း မရှိတော့ဘဲ ပိတ်ဆို့ ဒဏ်ခတ်လာကြသည်။

ထိုအနေအထားမှ ငွေသား ပြတ်လတ်လာမှုသည် စစ်သားများကို လစာပေးရဖို့ အထိ ဖြစ်လာတော့မည်ကို သိလာချိန်တွင်တော့ ဈေးကွက်ထဲတွင် အရောင်အသွေး တစိုစို နှင့် ငွေစက္ကူ အသစ်များ ပေါ်လာပေတော့သည်။

ငွေကြေးစနစ် စတင် ပြိုလဲတော့မည့် အရိပ်အယောင်များ ဖြစ်လာပြီး ၎င်းတို့၏ ငွေစက္ကူ အသစ်များကို ငါးစိမ်း သည်ကပင် စစ်လားဆေးလား လုပ်လာကြသည့် အခါတွင်တော့ လူထုက ဘဏ်မှ နေ့စဉ် နှစ်သိန်း နှုန်း ဖြင့် တန်းစီ ထုတ်ထားသော ငွေများကို ရွှေ၊ ဒေါ်လာ များ နှင့် အလဲအလှယ် လုပ်လာကြတော့သည်။

ဒေါ်လာ ဈေးနှုန်း မြင့်တက်လာမှု ကြောင့် စက်ရုံ အလုပ်ရုံများမှာလည်း ကုန်ထုတ်လုပ်နိုင်တော့ခြင်း မရှိသည့် အပြင် လုပ်ခ များ၊ အချိန်များ ကို လျော့ချပစ်လာရ၍ အောက်ခြေ အလုပ်သမားများ၏ ဝင်ငွေများ ထိခိုက် လာခဲ့ရသည်။ ပြည်ပ ကုမ္ပဏီ အတော်များများ လုပ်ငန်းများ ရပ်ဆိုင်းပြစ်ခဲ့ရသည်။

ပြည်ပမှ အကူအညီ ပေး နေမှုများလည်း ကြက်ပျောက်၊ ငှက်ပျောက် ဖြစ်ကုန်ကြသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံချင်သည် ဆိုစေဦး ထိုသူတို့အား မည်သည့် ဘဏ်ကမျှ ငွေထုတ်ချေးကြတော့မည်လည်း မဟုတ်ပေ။ ဒီထက် အရှုံး မပေါ်စေရန် လုပ်ငန်းများ ရပ်ဆိုင်းခဲ့ကြခြင်းဖြစ်သည်။ လက်ရှိတွင် တရုတ်အစိုးရ ပိုင် ကုမ္ပဏီများ၏ လုပ်ငန်းများသာ ကျန်ရှိ နေပေတော့သည်။

ပြည်ပ မှ အထောက်အပံ့များဖြင့် လည်ပတ်နေသော မြို့ပြ လူ့အဖွဲ့အစည်းများသည်လည်း ရံပုံငွေ ရရှိရေး ခက်ခဲလာမှု နှင့် အတူ စစ်ကောင်စီ ၏ ဖိနှိပ်ခြင်းခံလာရမှုများကြောင့် လုပ်ငန်းများ ရပ်ဆိုင်းလုနီးပါး ဖြစ်လာ ခဲ့ရသည်။

ဤသို့ဖြင့် အသိဉာဏ်ပညာ ခေါင်းပါးသူတို့ လက်ဝယ် တိုင်းပြည် စီးပွားရေးသည် မည်သို့မျှ အဖတ်ဆယ်၍ မရအောင် ပျက်စီးခြင်း ငါးပါး ဆိုက်လာခဲ့ရသည်။ ထိုသို့ဖြစ်လာသည်ကပင် blessing in disguise ဟု အဆိုး ထဲက အကောင်းထွက်လာရသည်။ ၎င်းတို့၏ ကျဆုံးခန်းသည် တနေ့တခြား နီးကပ်လာနေခြင်း ပင် ဖြစ်သည်။ မည်သို့မည်ပုံ ကျဆုံးခန်း ရောက်သွားမည်လဲ ဟုသာ အားလုံး စိတ်ဝင်စားနေကြသည်။

လက်ရှိတွင် အတင်းအကျပ် ဖိနှိပ်အုပ်ချုပ်နေခြင်းများသည် အချိန်ကုန်၊ နာမည်ပျက်သည်ထက် ပျက်လာဖို့သာ ရှိပေသည်။ စစ်ပန်းလာ၍ အနည်းငယ်မျှ ဖြေလျော့ပေးလိုက်သည်နှင့် ယခင်ကထက် ပို၍ ပြင်းထန်သော အုံကြွမှု ကြီး နှင့် ရင်ဆိုင်ရဖို့သာ ရှိနေပေသည်။

တဖက်တွင်လည်း စစ်ကောင်စီသည် မည်သို့မျှ နောက်ပြန်ဆုတ်၍ မရတော့၊ ၎င်းတို့ အား ဖမ်းဆီး ထောင်ချမည့် နိုင်ငံတကာ တရားရုံးများက တန်းစီ စောင့်ဆိုင်းနေကြပြီ ကို သိထားပြီး ဖြစ်၍ ဖြစ်သည့်နည်း ဖြင့် အတင်းကုပ် ကပ်နေကြမည်သာ ဖြစ်သည်။

မင်းအောင်လှိုင် ကိုပင် အခြေအနေ မထိန်းချုပ်နိုင်၍ ပျော့ညံ့ရ ကောင်းလားဟု ငြူစူသူများ ရှိလာနေသည်။ ထိုသို့သော လူမျိုး များက တိုင်းပြည်ပျက်ရုံမက သစ်ငုတ်တိုသာ ကျန်စေဦး ဆက်လက်အုပ်ချုပ်နေမည်သာ ဖြစ်သည်။ ၎င်းတို့လက်ထဲတွင် ယခင်က တိုင်းပြည်ဘဏ္ဍာထဲမှ အချောင်နှိုက် ယူထားသော ငွေများ၊ သစ်၊ ကျောက်စိမ်း၊ မှောင်ခိုမှရသော ငွေများဖြင့် စုစည်းထားသည့် slush fund က ရှိနေဆဲ ဖြစ်သည်။

သို့သော် မင်းအောင်လှိုင် ဆက်ရှိနေလျှင် ၎င်းတို့ အားလုံး ငါးပါး မှောက်တော့မည်ဟု ယူဆလာနေကြပြီ ဖြစ် သည်။ ပူတာအို ခရီးစဉ်အား လုံခြုံရေး အတွက် ဖျက်သိမ်းလိုက်ရသည်ကပင် ၎င်းအား ထောက်ခံနေသူများ ကို ရဲဆေး တင်ပေးနေရသည့် မင်းအောင်လှိုင် အဖို့ သိက္ခာကျစရာ ဖြစ်လာခဲ့ရသည်။

မင်းအောင်လှိုင် အတွက် က လက်ရှိ ပြဿနာများသည် တကယ်တမ်း မဖြစ်လေဟန် အယောင်ဆောင်နေရသည်။ မည်သူကမျှလည်း မင်း အောင်လှိုင် ချန်ထားခဲ့သော အရှုပ်ထုတ်ကြီးကို ကိုင်တွယ်လိုပုံမရ၊ သူ့ဖာသာ ရူးသွားသည် အထိ စောင့်ကြည့် နေကြဦးမည် ဖြစ်သည်။

ယနေ့ပင် မြန်မာ အရေး ကျွမ်းကျင်သူများ နှင့် ဖွဲ့စည်းထားသော အထူး အကြံပေး အဖွဲ့က စစ်ကောင်စီ အား အကြမ်းဖက် အဖွဲ့အစည်း အဖြစ် ကြေညာ ရန် ကုလသမဂ္ဂအား တိုက်တွန်းထားသည့် ကြေညာချက်ကို ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

အဆိုပါ ကြေညာချက် တွင် စစ်ကောင်စီ တပ်များ၏ လုပ်ရပ်သည် ယခင် အီရတ် သဲကန္တာရ ထဲတွင် လှုပ်ရှားခဲ့သော IS များ နှင့် အလားတူ ပင် ဖြစ်သည်ဟု အသေးစိတ် နှိုင်းယှဉ် ပြသွားခဲ့သည်။

ထိုသို့ မိမိတို့၏ ကောင်းကျိုး ချမ်းသာ နှင့် သက်သာ ချောင်ချိမှုကို တစက်ကလေးမျှပင် ဆင်ခြင်ကြည့်ရှုတတ် ခြင်း မရှိသော စစ်ဘီလူးများကို ပြည်သူလူထု၏ ညီညွတ်မှု အား ဖြင့် အမြန်ဆုံး မောင်းထုတ်နိုင်မှသာ ဖြစ်ပေ မည်။

၎င်းတို့ မကောင်းကြောင်းကို ထိုင်ပြောနေ၍ မဖြစ်တော့၊ လက်ရှိ ရင်ဆိုင်နေရသော ဒုက္ခ နွံအိုင်ကြီး အတွင်းမှ မည်သို့ မည်ပုံ အမြန်ဆုံး ရုန်းထွက် နိုင်ရန်ကိုသာ ဝိုင်းဝန်း စဉ်းစား အဖြေထုတ်ကြရန်သာ ရှိပေတော့ သည်။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!

Hla Soewai