ကျွန်တော်တို့ ငယ်ငယ်က ရေးခဲ့ခြစ်ခဲ့ကြရတဲ့ ကျောက်သင်ပုန်းတစ်ချပ်က လွယ်လွယ်နဲ့ ဖြစ်မလာမှန်း အခုမှသိတော့တယ်

ကျောက်သင်ပုန်းတချပ်ကို လွယ်လွယ်နဲ့ဖြစ်လာတယ် ထင်ရင် မှားမှာပေါ့…တပုံချင်းကြည့်ပြီးလေ့လာစေချင်၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း)၊ မုဒွန်းကျေးရွာ၊ ကျောက်သင်ပုန်းတောင်မှ ကျောက်သင်ပုန်းကျောက်တူးဖော်ပုံနှင့် ကျောက်သင်ပုန်းပြုလုပ်ပုံ အဆင့်ဆင့်…

တချို့ ကျောက်သင်ပုန်းသုံးတဲ့သူတွေက လွယ်လွယ်သုံးပြီး တန်ဖိုးမထားတတ်ကြတာ လုပ်တဲ့သူတွေကတော့ ကျောက်သင်ပုန်းလေးတစ်ချပ် ဖြစ်လာဖို့အတွက် အသက်တွေ ချွေးတွေရင်းပြီးလုပ်ကြရတာပါ။

ကျောက်သင်ပုန်း(tablet)နှင့် ကျောက်တံ(pen)များ ဖြစ်ပေါ်လာပုံမှာ ၁၉၄၅ ခုနှစ်တွင် ဦးအောင်သိန်း ဆိုသူသည် မုဆိုးမတောင်မှ စီးဆင်းနေသော စမ်းချောင်းရှိကျောက်ပြားများကို ကောက်ယူပြီး သံပြားနှင့်ခြစ်ကာ မြန်မာ့ tablet ကျောက်သင်ပုန်းကို စတင်ပြုလုပ်ခဲ့သည်။

ထိုအချိန်က စက်မပေါ်သေး၍ လက်ဖြင့်သာ လုပ်ကိုင်ရသဖြင့် တစ်နေ့လျှင် ကျောက်သင်ပုန်း (tablet) ၅ချပ်သာပြီး၏။ တစ်ဖြည်းဖြည်းနှင့်တစ်ခြားသူများလည်း ယင်းကျောက်မှ ကျောက်သင် ပုန်း(tablet) ပြုလုပ်ကြကြောင်း သိရှိလာကြသဖြင့်

မည်သူမဆို မိမိကြိုက်သည့်နေရာတွင် ကျောက်များကို ခွာယူ၍ စမ်းသပ်ပြုလုပ်ရာမှ ကျောက်သင်ပုန်း(tablet) ဖြစ်လာသည်။၁၉၅၀ ခုနှစ်မှစ၍ ကျောက်များကို ခွာမရတော့ဘဲတွင်းစတင်တူးဖော်ရာမှ ကျောက်တွင်းများ ဖြစ်လာခဲ့သည်။

ရှေးနှစ်ပေါင်းများစွာကတည်းက မုဒွန်းရွာသည်မွန်တို့၏လက်မှုပညာတစ် ရပ်အဖြစ် ကျောက်သင်ပုန်း(tablet)လုပ်ငန်းသည် ကျော်ကြားခဲ့သည်။ ထုတ်လုပ်ပုံ – ကျောက်သင်ပုန်းကျောက်များကို မုဆိုးမတောင်အနီးတစ်ဝိုက် တောင်များမှ တူးယူရရှိသည်။

မနက်လင်းသည်နှင့် ကျောက်တူးသမားများသည် တောင်ပေါ်ကိုတက်ပြီး၊ တောင်ပေါ်ကနေ တစ်ဆင့် ကျောက်တွင်းထဲကို တစ်ခါပြန်ဆင်းရသည်။ကျောက်သင်ပုန်းကျောက်များသည် အရင်က အပေါ်ယံကနေ ခွာယူ၍ရသော်လည်း အခုဆိုလျှင် တွင်းအနက်ကြီးတူးပြီး ယူရသည်။

တွင်းများကို တည့်တည့်တူးလို့မရပေ၊ စောင်းစောင်းလေး တူးသွားရသည်။ အောက်ကိုဆင်းလျှင် လေမဝင်၍ ဖယောင်းတိုင်ထွန်းလို့မရပါ၊ မီးချောင်းများထွန်းပြီး ဆင်းရသည်။ တစ်ချို့တူးနေသော တွင်းများသည် ပေ ၂၀၀ အထိ နက်သည့်အတွက် အောက်ခြေမှာ ရေများ စိမ့်ဝင်သည်။

ထိုရေများကို မော်တာများနှင့် စုပ်တင်ရသည်။ ရေကုန်လျှင် အပေါ်ယံမှာ တင်နေသော နုန်းများကို ခြစ်ထုတ်ရသည်။ခြစ်ထုတ်ပြီး ကျောက်များကို စတူးရသည်။ ကျောက်များကို အတုံးလိုက်အလွှာလိုက် တူးပြီးလျှင် တွင်းအပေါ်သို့ တင်ရသည်။

တွင်းထိပ်ကိုရောက်လျှင် ကျောက်များကို ခွဲရသည်။ အလွှာလိုက်အချပ်လိုက် ခွဲပြီးလျှင် ပုံစံသွင်းသည်။ အရွယ်အစားအလိုက် ၈လက္မ၊ ၆လက္မ၊ ၇လက္မ စသဖြင့် အကြမ်းဖြတ်၍ ရွာသို့ သယ်သွားကြသည်။

ရွာရောက်လျှင် ကျောက်အကြမ်းများကို လာဝယ်ကြသည်။ ဝယ်ပြီးကျောက်ကို ရွေဘော်ထိုးရသည်။ ရွေဘော်ထိုးပြီး ကတ်ကြေးနှင့် လေးဘက်လေးတန်ညီအောင် ညှိပေးရသည်။ ပြီးလျှင် စက်နဲ့တစ်ခါ ပြန်ချောပေးရသည်။ ထို့နောက် ရေနှင့် ဆေး၊ နေပူလှန်း၊ ဆေးသုတ်၊ အခြောက်ခံရသည်။

ပြီးလျှင် ဘောင်သွင်းရသည်။ဘောင်သွင်းပြီး ကော်ပတ်နဲ့ အချောပြန်ကိုင်ရသည်။ အ ချောကိုင်ပြီးလျှင် လေးဘက်လေးတန် သံရိုက်ပေးရသည်။ (ဝါး သို့မဟုတ် သစ်မာသားဖြင့် သစ်ပွသားဘေင်၏အဆက်ထောင့်များတွင် စို့ရိုက်ထိန်းချုပ်ပေးရခြင်းဖြစ်နိုင်ပါသည်၊ သူ့ဆိုက်နဲ့သူ စည်းပြီးတော့ မော်လမြိုင်ကို တင်ပို့ကာ နယ်အသီးသီးသို့ ဖြန့်ကြသည်။

ကျောက်သင်ပုန်း ပြုလုပ်ပုံအဆင့်ဆင့်မှာ –

(၁) ကျောက်တွင်းမှ တူး၍ရသောကျောက်တုံးများကို လုပ်သားများက တွင်းဝရှိ တဲငယ်အောက်သို့ ပို့ဆောင်ပေးရသည်။

(၂) ၎င်းကျောက်တုံးများကို ကျွမ်းကျင်သူ လုပ်သားပိုင်ရှင်တစ်ဦးက ကျောက်သွားခွဲရန် ဓါးဖြင့် ခွဲထုတ်ရသည်။

(၃) ခွဲထုတ်ပြီး ကျောက် ပြားများကို လုပ်သားတစ်ဦးက ကျောက်ညှပ်ကတ်ကြေးဖြင့် အရွယ်အစားအလိုက် ညှပ်ပေးရသည်။

(၄) ကိုက်ညှပ်ရာ၌ ကျောက်သင်ပုန်းအငယ်ဆုံး အရွယ်အစားအထိ၊ ရွေးချယ်ညှပ်ပြီး ကျန်ကျောက်ပြားအားလုံးမှာ ကျောက်တံကျောက်ဖြစ်သွားသည်။

(၅) အရွယ်အစားအလိုက် ညှပ်ပြီးသော ကျောက်သင်ပုန်းကို မည်သူမဆို ဝယ်လိုသူအိမ်အရောက် ကျောက်ချပ် ၁၅၀ ပါတစ်ထမ်းကို ၂ကျပ် ၅၀ပြားနှုန်းဖြင့် ပို့ပေးရသည်။

(၆) ကျောက်ပြားများကို လက်သမားကိုင် ရွေဘော်ဖြင့် ညီအောင်ပါးအောင် ဘောင်နှစ်ဖက်လုံးကို ထိုးပေးရသည်။ ထိုးခမှာ ကျောက်ပြား ၁၀၀ လျှင် ၁၀ ကျပ်နှုန်း ဖြစ်ပါသည်။ အမျိုးသမီးများ အထိုးများ၍ တစ်နေ့လျှင် ၂၀၀ မှ ၃၀၀ အထိပြီးသည်။

(၇) ထိုးပြီး ကျောက်ပြားကို ကျောက်ညှပ်ကတ်ကြေးဖြင့် စတုဂံပုံကျအောင် ညီညာစွာ ညှပ်ပေးရသည်။ ညှပ်ခမှာ ၁၀၀ လျှင် ၁ ကျပ်နှုန်း ဖြစ်သည်။

(၈) ညှပ်ပြီးကျောက်များကို စက်လုပ်သားများ လာရောက်ထမ်းယူပြီး စက်တွင် ချောမောအောင် နှစ်ဖက်ပွတ်လုံးဖြင့် ပွတ်ပေးရသည်။` ကျောက်ပွတ်ခမှာ ၁၀၀ လျှင် ၁၂ ကျပ်နှုန်းဖြစ်သည်။ တစ်နေ့ တစ်ဦးလျှင် ၆၀၀ အထိပြီးသည်။ စက်ရှင် ၉ ကျပ် ၅၀ ပြားရ၍ လုပ်သားက ၂ ကျပ် ၅၀ ပြားရသည်။

(၉) ပွတ်ပြီးကျောက်များကို ကလေးများက ဆေးသုတ်ပေးရသည်။ ဆေးသုတ်ခမှာ ၁၀၀ လျှင် ၁ ကျပ်နှုန်းဖြစ်သည်။ သို့ရာတွင် ဆေးမသုတ်မီ ရေဆေး၍ လှမ်းပေးရပါသည်။

(၁၀) အလျား ၂ပေ၊ အနံ ၁ ပေရှိ လျှင်ထိုးထားပြီးသား သစ်သားဘောင်များကို ဘောင်ထိုးသစ်စက်မှ ဘောင်တပ်သူများက ယူပြီး ဘောင် ၂၀၀ လျှင် ကျောက်သင်ပုန်း ၁၀၀ ရသည်။ (လွန်ခဲ့သော ၂၅ နှစ် ဝန်းကျင်က ဈေးနှုန်းများ ဖြစ်ပါသည်)

Credit: Sine Wunna