စိတ်ဝင်စားစရာ မြန်မာ့ဒဏ္ဍာရီလာ မိုးကုတ်မြေရဲ့အကြောင်း

မြန်မာ့ဒဏ္ဍာရီလာ အဖိုးတန် ကျောက်မျက်ရတနာများ ထွက်ရှိရာ မိုးကုတ်မြေရဲ့အကြောင်းတစေ့တစ်စောင်း

မြန်မာပြည်အထက်ပိုင်းမှာ ရှိတဲ့ မိုးကုတ်မြို့ရဲ့သတ္ထုမိုင်းတွင်းတွေဟာ ဆိုရင် လွန်ခဲ့သော ရာစု နှစ်များစွာ ကတည်းကနေ စပြီး ပတ္တမြား ကဲ့သို့သော အရည်အသွေး ကောင်းတဲ့ ကျောက်မျက်ရတနာတွေကို ထုတ်လုပ်နိုင်ခဲ့တာပါ။

မိုးကုတ် သတ္ထုမိုင်းတွင်းတွေဟာ ဆိုရင် နီလာ၊ စပိုင်နယ်၊ ဥဿဖရား၊ ပြောင်ခေါင်းစိမ်း၊ ဂေါ်မိတ်ကျောက် အစရှိတဲ့ အဖိုးတန် ကျောက်မျက်ရတနာများ ထွက်ရှိရာ မြေလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မိုးကုတ်ဟာ ပိန်းနိုက်ကျောက်လိုမျိုး ကမ္ဘာ့အရှားပါးဆုံးသော ကျောက်မျက် ရတနာများ ထွက်ရှိရာ မြေလည်း ဖြစ်နေတာပဲ ဖြစ်ပါတယ်။

မြကျောက်က လွဲပြီး အခြားသော အဖိုးတန် ကျောက်မျက် ရတနာတိုင်း လိုလိုကို မိုးကုတ်မြေမှာ ရှာဖွေ တွေ့ရှိနိုင်တာပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး တန်ဖိုးကြီး ရှားပါးတဲ့ ကျောက် အမျိုးပေါင်းများစွာကို တနေရာထဲမှာ ရှာဖွေတွေ့ရှိနိုင်ခြင်းဟာ ကမ္ဘာနဲ့ ယှဉ်ရင်တောင် အလွန်ပင် ထူးခြားတဲ့ ကျောက်မျက်ရတနာမြေလို့တောင် ပြော၍ရတာ ဖြစ်ပါတယ်။

မိုးကုတ် သတ္ထုမိုင်းတွင်း

မိုးကုတ်မြေကို ယေဘူယျအားဖြင့် ကြည့်ပါက တောင်ကုန်းများရဲ့အကြားမှာ များစွာသော ကျောက်မျက်ရတနာများ ထွက်ရှိရာ သတ္ထုမိုင်းတွင်းများကို တွေ့နိုင်တာပဲ ဖြစ်ပါတယ်။ ကမ္ဘာ မြေကြီးပေါ်မှာ တည်ရှိနေတဲ့ နေရာ ဒေသတွေထဲမှာမှ မိုးကုတ်မြေဟာ ဆိုရင်အရည်အသွေး အကောင်းဆုံးကျောက်မျက် ရတနာများ ထွက်ရှိရာ အဖိုးတန် ကျောက်မျက်မြေလို့ခေါ်ဆိုလို့ရတာပဲ ဖြစ်ပါတယ်။

ကမ္ဘာကြီးရဲ့ဒေသတွေထဲမှာ မိုးကုတ်မြေကဲ့သိုကျောက်မျက် ရတနာ များ တူးဖော်နိုင်ပြီး တင်ပို့မှုများ လုပ်နိုင်တာမျိုးဟာ တွေ့ရခဲတာ ဖြစ်ပါတယ်။ကမ္ဘာ့ တန်ဖိုး အကြီးဆုံး ကျောက်မျက် ရတနာများထဲမှာ တချို့တဝက်ဟာ ဆိုရင် မိုးကုတ်မြေကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အပူပေးခြင်း မခံထားရတဲ့ ရဲရဲနီတဲ့ ပတ္တမြားတွေဟာ ဆိုရင်လည်း ကမ္ဘာပေါ်မှာ စျေး အကြီးဆုံး ဖြစ်ပြီး ၎င်းပတ္တမြားတွေကိုလည်း မိုးကုတ်မြေမှာသာ ရှာဖွေ တွေ့ရှိနိုင်တာပဲ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်၊ မေလတုန်းက Sotheby ကနေပြီးတော့ လေလံတင်ပွဲမှာ ရောင်းချခဲ့တဲ့ `Sunrise Rubyပတ္တမြား လက်စွပ်ဟာ ဆိုရင်လည်း ကမ္ဘာ့ စျေးအကြီးဆုံး ပတ္တမြားအဖြစ် မှတ်တမ်းတင်ခြင်း ခံရပြီး အမေရိကန် ဒေါ်လာ သန်း ၃၀ နဲ့ ရောင်းချခြင်း ခံခဲ့ရတာပါ။

Sunrise Ruby

မိုးကုတ် ဟူသည့် အမည်နာမဟာ ရှမ်း အမည် `မိန်းကွတ်မှ ဆင်းသက်လာကာ မိန်း သည် မြို့၊ ကွတ်သည် ကွေ့ကောက်ခြင်း ဟု အဓိပ္ပာယ် ထွက်ရှိတာ ဖြစ်ပါတယ်။ ကောက်ကွေ့နေသည့် တောင်ကြားတွင် ကွေ့ကွေ့ကောက်ကောက် တည်ရှိနေသည့် မြို့ဟု ဆိုသည့် အတိုင်း ကောက်ကွေ့နေသည့် မိုးကုတ်မြို့၏ ရှုခင်းကို မြို့အရှေ့ဘက်ရှိ ကြေးနီတောင် စခန်းမှ မြင်ကြ ရတာ ဖြစ်ပါတယ်။

မိုးကုတ် ဆိုသည်မှာ ရှမ်း အမည် မိန်းကုမှ ဆင်းသက်လာသည် ဟုလည်း ဆိုကြပါတယ်။ ကု သည် ရှမ်း ဘာသာစကား အရ ခမောက် ဖြစ်သဖြင့် မိန်းကုကို ခမောက်မြို့ဟု ရည်ညွှန်းသည်။

မိုးကုတ်မြို့သည် ခမောက်ကို လှန်ထားသည့်အလား ချိုင့်ဝှမ်း အတွင်း တည်ရှိနေသဖြင့် ရှမ်းတို့က မိန်းကု ဟု ခေါ်ဆိုခဲ့ကြသည်ဟုလည်း ပြောစမှတ်များ ရှိခဲ့ကြပါတယ်။ အချို့ကလည်း မိန်းကတ်(အလွန်အေးသောမြို့)မှ ပြောင်းလဲခဲ့သည် ဟု ဆိုကြပြန်တာ ဖြစ်ပါတယ်။

မိုးကုတ်မြို့

မိုးကုတ်ကို ရှမ်း ဘာသာဖြင့် ခေါင်ငေါက်မြို့(ခေါင်ငေါက်တောကို ရှင်း၍ တည် ထားသောမြို့)ဟုလည်းကောင်း၊ ကံဝမ်ခမ်ဆောက်မိန်း (မိုး စောစော ချုပ်သောမြို့) ဟု လည်းကောင်း ခေါ်တွင်လေ့ ရှိတာ ဖြစ်ပါတယ်။။ မိုးကုတ်ဟာ ယခင် စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင်အတွင်း မြို့နယ်တခုအဖြစ် စာရင်း ဝင်ခဲ့သော်လည်း ယခုအခါ မန္တလေး တိုင်းဒေသကြီး ပြင်ဦးလွင် ခရိုင်မှာ ပါဝင်တာပဲ ဖြစ်ပါတယ်။

မိုးကုတ်မြို့၏ မြေသားသည် လိပ်သည်းကျောက် နှင့် ပုံဆောင် ထုံးကျောက်များ ဖြစ်ပြီး ယင်းကျောက်များမှ ပတ္တမြား၊ နီလာ၊ ကျောက်နီ၊ ဣန္ဒနီလာ၊ ဥဿဖရား၊ ဖရဲအူ၊ မျော၊ ပြောင်ခေါင်းစိမ်း၊ နဂါးသွဲ့၊ မှတ်မီး စသည့် ကျောက်များ ထွက်ရှိသည်။

ကျောက်မျက် ရတနာများ ပေါများကြွယ်ဝသဖြင့် မိုးကုတ်တွင် ပေါက်တူး တစ်ချောင်း နှင့် ဒယ်အိုး တစ်လုံး ရှိလျှင် အချိန်မရွေး ချမ်းသာသွားနိုင်သည့် အခွင့်အရေး ရှိကြောင်း ပြောစမှတ် ပြုခဲ့ကြရသည်။ မိုးကုတ်၏ ပတ္တမြားထွက်ရှိသည့် မြေကျောသည် မိုးမိတ်၊ တကောင်း၊ သပိတ်ကျင်း အထိ ကျယ်ပြန့်ကာ ၁၉၁၆ စတုရန်းမိုင် ကျယ်ဝန်းသည်ဟု ဆိုသည်။

မိုးကုတ် နှစ် ၈ဝဝ

မိုးကုတ်မြို့ကိုတည်ထားခဲ့သည့် သက္ကရာဇ်ကို ကိတ် နဂါး ကြွက် သုံးဖော်ယှက်၊ ကျောက်မျက်ရတနာ ပေါ်ထွက်လာ၊ ဂန္ဓာလတိုင်း သမိုင်းပွင့်ဆန်း ပင်သဖန်းဟု၊ မော်ကွန်းထိုးထုတ် မြို့ မိုးကုတ်ဟု အစဉ်အဆက် မှတ်သားခဲ့ကြသည်။

ကိတ်သည် ၉၊ နဂါးသည် ၇ နှင့် ကြွက်သည် ၅ ဂဏန်းတို့ကို ကိုယ်စားပြုသဖြင့် ယင်းတို့ကို ပြောင်းပြန်ယူလျှင် မိုးကုတ်မြို့ကိုတည်ခဲ့သည့် သက္ကရာဇ် ၅၇၉ ခုနှစ်ကို ရရှိသည်။ ထိုနှစ်တွင် သဖန်းပင်ရွာကို ဦးစွာ တည်ခဲ့ပြီး မိုးကုတ်မြို့အဖြစ် ဆက်လက်တည် ထောင်ခဲ့သည်။

မိုးကုတ် ရာဇဝင်များ၏ အဆိုများ အရ မြန်မာ သက္ကရာဇ် ၅၇၉ ခုနှစ် မိုးမိတ်စော်ဘွား သိုဟန်ဖက် လက်ထက်တွင် ယခု မိုးကုတ်မြို့ ဖြစ်လာမည့် နေရာ၌ အမဲလိုက် မုဆိုး ရှမ်းသုံးဦးသည် တောလည် ထွက်ခဲ့စဉ် အချိန် လွန်သွားသဖြင့် သဖန်းပင်ကြီး တစ်ပင်တွင် ခိုနား အိပ်စက်ခဲ့ကြ သည်။

မိုးလင်းချိန်တွင် သဖန်းပင်အောက်ရှိ ချောက်ထဲ၌ ကျီးကန်းများ ဝိုင်းအုံ အော်နေကြသဖြင့် သွားကြည့်ကြရာ နီရဲနေသည့် ကျောက်တုံးများကို တွေ့ရသည်။ ကျီးကန်းများက ရဲရဲနီနေသည့် ကျောက်တုံးများကို သားတစ် အမှတ်ဖြင့် အော်နေကြကြောင်း တွေ့ကြရပြီးနောက် မုဆိုးများသည် ကျောက်များကို ယူဆောင်ကာ မိုးမိတ်စော်ဘွားထံ ဆက်သခဲ့ကြသည်။

မိုးမိတ်စော်ဘွားက မုဆိုးများ ဆက်သသည့် ပတ္တမြာများသည် အဖိုးတန် ကျောက်များ ဖြစ်ကြောင်း သိရှိသဖြင့် မုဆိုးများအား ဆုငွေများ ပေးကာ ကျောက်များ ထွက်ရှိသည့် နေရာကို ထိန်းသိမ်း ထားစေခဲ့သည်။

စော်ဘွားသည် ကျောက်တွင်း ကို စောင့်ရှောက်မည့် သူများအား နှစ်စဉ် ထောက်ပံ့ကြေးများ ချီးမြှင့်လျက် နေထိုင် စေခဲ့ရာမှ ရှမ်းလူမျိုးများသည် သဖန်းပင်ကြီးအနီးတွင် ရွာတည်ခဲ့ကြကာ သဖန်းပင်ရွာ ပေါ်ထွန်းလာခဲ့သည်။ ထို့ကြောင့် မိုးကုတ်အစ သဖန်းပင် ကဟု ဆိုခဲ့ကြပြီး ကျီးကန်းများ အော်မြည်ခဲ့သည့် တောင်သည် ကျီးအာတောင်ဟု အမည်တွင်ခဲ့သည်။

သဖန်းပင်ရွာရှိ ပတ္တမြားတွင်းများကို စောင့်ရှောက်ခဲ့ကြသည့် ရှမ်းလူမျိုးများသည် မိုးကုတ်ချိုင့်ဝှမ်း အတွင်း တိုးချဲ့နေထိုင်ကြရာမှ မိုးကုတ်မြို့ ဖြစ်ပေါ်လာခဲ့သည်။ မိုးကုတ်မြို့သည် မူလ တည်ထားခဲ့စဉ်က မိုးမိတ် စော်ဘွားများ၏ လက်အောက်ခံ နယ်တစ်ခုအဖြစ် တည်ရှိခဲ့ပြီး နောက်ပိုင်းတွင် မြန်မာဘုရင်များက ပိုင်ဆိုင်ခဲ့သည်။

သာလွန်မင်းလက်ထက် ရှမ်းတို့သည် မိုးကုတ်မြေကို လက်လွှတ် ခဲ့ရကြောင်း၊ မင်းတုန်းမင်း လက်ထက်တွင် မိုးကုတ်မှ ပတ္တမြားများကို တူးဖော်၍ အနောက် နိုင်ငံသားများနှင့် အရောင်းအဝယ် ပြုလုပ်ကြောင်း၊ သီပေါမင်း လက်ထက်တွင် ပြင်သစ်တို့သည်

မိုးကုတ်၌ ပတ္တမြား တူးဖော်လုပ်ကိုင်ခွင့် ရရှိခဲ့သဖြင့် အင်္ဂလိပ်တို့က ပြင်သစ်တို့ ခြယ်လှယ်မည်ကို အလွန် စိုးရိမ်ခဲ့ကြောင်း၊ ခရစ်နှစ် ၁၈၈၆ ခုနှစ် အင်္ဂလိပ်တပ်များ မိုးကုတ်သို့ ချီတက်လာစဉ် မိုးကုတ်မြို့သား ဗိုလ်သာစီ နှင့် ဗိုလ်ရွတ်တို့ ဦးဆောင်ကာ ရွပ်ရွပ်ချွံချွံ ခုခံ တိုက်ခိုက် ခဲ့ကြောင်း မြန်မာ့စွယ်စုံကျမ်းတွင် မှတ်တမ်းတင် ရေးသားထားပေသည်။

လေးစားစွာပြန်လည်မျှဝေပါသည်။ Credit