မလေးရှား အစိုးရ ထုတ်ပြောလာတဲ့ NUG အတွက် သတင်းကောင်း

မြန်မာ့အရေးအတွက် အာဆီယံခေါင်းဆောင်တွေကြားရရှိထားတဲ့ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီဘက်ကနေ ပူးပေါင်းဆောင်ရွက်မှုမရဘူးဆိုရင် မလေးရှားအနေနဲ့ အမျိုးသားညီညွတ်ရေး

အစိုးရ(NUG)နဲ့ တွေ့ဆုံဆွေးနွေးမှုတစ်ခုပြုလုပ်နိုင်ရေး စဉ်းစားဖို့ အသင့်လို့ဆိုပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ အောက်တိုဘာလ ၆ ရက်မှာ ထုတ်ပြောလာပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က အောက်လွှတ်တော်မှာ ဒီကနေ့ ကျင်းပတဲ့ လွှတ်တော်တွင်း မေးခွန်းဖြေကြားချိန် အခုလိုပြောလိုက်တာဆိုပြီး မလေးရှားအစိုးရလက်အောက်ကဘာမနာသတင်းဌာနက သတင်းဖော်ပြပါတယ်။

”အရင်ကလည်း မလေးရှားဟာ မြန်မာ အာဆီယံအဖွဲ့ဝင်မဖြစ်လာခင်ကတည်းက အပြုသဘောဆောင်တဲ့ထိတွေ့ဆက်ဆံမှုတွေကို ကြားဝင်ညှိနှိုင်းပေးဖို့လုပ်တဲ့နိုင်ငံတစ်နိုင်ငံပါ” လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက လွှတ်တော်တွင်းမှာ ပြောဆိုပါတယ်။

မလေးရှားနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်နေပေမဲ့ NUG နဲ့ သီးခြားဆွေးနွေးဖို့ ဆန္ဒရှိ၊ မရှိဆိုတဲ့ လွှတ်တော်အမတ်တစ်ဦးရဲ့ဖြည့်စွက်မေးခွန်းကို ဝန်ကြီးက အထက်ပါအတိုင်း ပြန်ဖြေသွားတာဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ ဘုံသဘောတူညီချက်ပါ အချက်တွေကို ပူးပေါင်းဆောင်ရွက်မှုမရှိသေးဘူး ဆိုတာကို တနင်္လာနေ့တုန်းက ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ သိရှိခဲ့ရပြီးဖြစ်တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

စစ်ကောင်စီဘက်က အဲဒီသဘောတူညီချက်တွေကို အထမြောက်ရေးလုပ်ဆောင်မှုပိုင်းမှာ တိုးတက်မှုမရှိသေးဘူးဆိုရင် အောက်တိုဘာလကုန်ပိုင်းမှာကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲကို စစ်ကောင်စီဥက္ကဋ္ဌကို ဖိတ်ကြားဖို့ ခက်မယ်လို့ မလေးရှားဘက်က မြင်ထားတဲ့အကြောင်း ဝန်ကြီးက ပြောထားဖူးပါတယ်။

“မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့အပေါ် မြန်မာအာဏာပိုင်​တွေကို ကျွန်တော်တို့ စိတ်ပျက်မိပါတယ်။ ဘာတိုးတက်မှုမှ မရှိဘူးဆိုရင် စစ်ကောင်စီဥက္ကဌကို

အာဆီယံထိပ်သီးအစည်းအဝေးမှာ လက်ခံဖို့ ခက်ခဲပါလိမ့်မယ်” လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုက်ဖူဒင် အဘ်ဒူလာက Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ဟာ ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အရီဝမ် ယူစွဖ်ဖြစ်ပြီး မြန်မာနိုင်ငံကိုလာကာ သက်ဆိုင်သူတွေနဲ့တွေ့ဖို့ စစ်ကောင်စီကို တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ အထူးသံတမန် အာရီဝန်ယူဆွတ်၏တောင်းဆိုမှုကို မြန်မာ အာဏာသိမ်း စစ်ကောင်စီက ပယ်ချလိုက်လိုက်ကြောင်း သိရပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ကရစ်ရှ်နန်က အာဆီယံအထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာနိုင်ငံကို တိုက်တွန်းခဲ့တယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

အာဏာသိမ်း အဖွဲ့က ဒုသမ္မတ ဦးဗန်သီယူး၊ လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ် တို့နှင့် တွေ့ဆုံခွင့် ပြုမည်ဟု ကမ်းလှမ်းကြောင့် သိရသည်ဟု ဧရာဝတီ သတင်းက ဆိုသည်။

အသက် ၇၆ နှစ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ပါတီတောင်ပြိုကမ်းပြိုနိုင်သည့် လွန်ခဲ့သောနှစ် ရွေးကောက်ပွဲကာလအတွင်း ကိုရိုနာဗိုင်းရပ်စ်ကန့်သတ်ချက် ချိုးဖေါက်ခြင်း၊ လမ်းလျှောက်စကားပြောစက် တရားမဝင်ပိုင်ဆိုင်ခြင်းနှင့် အစိုးရဆန့်ကျင်ခြင်း အပါအဝင် စွဲချက်အများအပြားကိုရင်ဆိုင်နေရသည်။

နေပြည်တော်မှ အထူးတရားရုံးတရုံးသည် ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားသည့် အဂတိလိုက်စားမှု ၄ ခုကို ကြားနာနေပြီး ထိုအမှုတခုစီသည် ထောင် ၁၅ နှစ်အထိ ချနိုင်သောအမှုများဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားသော အမှုများအနက် နှစ်အများဆုံးချနိုင်သောအမှုများဖြစ်သည်။

တရားခွင်ကြားနာစစ်ဆေးမှုအားလုံးကို အများပြည်သူနှင့် မီဒီယာများ ဝင်ရောက်ခွင့်မပေးဘဲထားသည်။ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ မည်သည့်နေရာတွင် စစ်တပ်ဖမ်းထားသည်ကို မည်သူမျှ သိခွင့်မရပေ။