ထိထိမိမိနဲ့ အကြမ်းဆုံး ကျိန်စာတွေ တိုက်လိုက်ပြီ

ဒေါ်လာဈေးတွေတက် ရွှေဈေးတွေတက်နဲ့ တနိုင်ငံလုံး စီးပွါးပျက် ခွက်ဆွဲနေရတဲ့အချိန်မှာ ငွေဝင်လမ်းဖြောင့်ပြီး ပွဲတော်ကြီးတွေ့နေလို့ ဒီကာလကြီး ကြာနိုင်သမျှ ကြာပါစေ ဆုတောင်းနေတဲ့သူတွေလည်း ရှိပါတယ်။

ကြုံဖူးကြားဖူးမှာပါ။ ပိုက်ဆံရှိတဲ့အိမ်တွေဆို “PDF တွေ ဝှက်ထားတယ် မဟုတ်လား” ဆို ခြိမ်းခြောက်ကြိမ်းမောင်းပြီး လိုချင်တဲ့ပစ္စည်းတွေ ရှာဖွေပုံစံမဖြည့်ပဲ အသားလွတ် သိမ်းယူသွားတာလည်း ရှိရဲ့။

(တဆင့်ကြား မဟုတ်ဘူးနော်။ ကိုယ်တွေ့။ အရှေ့အိမ်ကိုလာဖမ်းတာ မဆီမဆိုင် အနောက်အိမ်ထဲဝင်မွှေပြီး ရွှေနဲ့ လက်ဝတ်လက်စား သိန်းလေးငါးရာကျော်ဖိုးယူသွားတယ်။ အမှုနဲ့ ဘာမှမပါတ်သက်ဘူး။ ယူနီဖောင်းဝတ်ပြီး ဝရမ်းပြ ခိုးတာ။)

လူကို စစ်ကြောရေးမှာထားပြီး အိမ်ကလူတွေပါ အမှုတွဲတင်လို့ တစ်ယောက်ပြီးတစ်ယောက် ပြန်ရွေးယူရတာ။ စစ်ကြောရေးက ဘာမှ အပြစ်ရှာမရလို့ လွှတ်လိုက်ရင် တရားရုံးမှာ ပုဒ်မလေးငါးခုလောက်နဲ့အမှုဆွဲတင်ပြီး ပုဒ်မတစ်ခုလျော့ချင်ရင် သိန်းနှစ်ဆယ်နဲ့ အပေးအယူလုပ်တာ။

အမှုကမစွဲရသေးဘူး အမြင့်ဆုံးပြစ်ဒဏ်ကို ကြမ်းခင်းထားပြီး ဈေးခေါ်တာ။ ဥပမာ ဒါနဲ့ဆို ဆယ်နှစ်ကျမှာ။ ဟိုဟာလေးနဲ့ လဲပြီး အစွဲခံလိုက်။ အဲ့ဒါအများဆုံး နှစ်နှစ်ပဲ။

ပေး သိန်းတစ်ရာဆိုတာမျိုး။ အလျှော့အတင်း အညှိအနှိုင်းနဲ့ ဈေးကစားနေတာ။ ဘယ်လောက်ပါသလဲ ပါသလောက်ပေး ဆိုတဲ့အထိ ဗြောင်ကျကျပဲ။

အဖမ်းအဆီးနဲ့ငြိတဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ပြန်မပေးပဲ ပြန်ရွေးခိုင်းတာ။ ဥပမာ ကလေးတွေငှါးစီးလာတဲ့အငှါးကားဆိုရင် ဒရိုင်ဘာပါအမှုထဲတွဲပြီး ကားကိုအပိုင်သိမ်း၊ ပိုင်ရှင်ကို ပြန်ရွေးခိုင်းတာ။

ဆန္ဒပြတဲ့ကလေးတွေဆီက ဖုန်းအပြင် ပါလာသမျှ အဖိုးတန်ပစ္စည်းတွေပါ ချွတ်ယူတာ။ ပစ်သတ်လို့သေမှ ဗိုလ်မှူးသမီးမှန်းသိရင် အလောင်းပေါ်ပစ်တင်ထားမယ်။ နို့မဟုတ်ရင် ပြန်မရ။ အိုင်ဖုန်းဆိုရင် လုရုံနဲ့မပြီးဘူး။ နားရင်းရိုက်ပြီး password တောင်းတာပါ ခံရလိမ့်မယ်။

“ခများ CDM လုပ်နေတာ မဟုတ်လား။ ကျုပ်သိတယ်နော်။ ၅၀၅ ထဲ မပါပေမယ့်လည်း ဖမ်းချင်ရင် ဖမ်းလို့ရတယ် သိလား။” ဆို အိမ်မှာ ငွေလာညှစ်တာ။ မပေးရင်တော့ တကယ်လာဖမ်းတယ်ဗျ။ အဲ့ဒါလည်း မျက်မြင်ပဲ။ ခုထက်ထိပြန်မလွတ်သေး။

နယ်မြေရှင်းလင်းရေးခေါင်းစဉ်တပ်ပြီး ရွာလုံးကျွတ် ဓါးပြတိုက်၊ ပစ္စည်းယူ လူသတ် မုဒိန်းကျင့် မီးရှို့တာကတော့ မြန်မာစစ်သားကြီးတွေရဲ့ စစ်သည်တော်ကျင့်ဝတ်ထဲ

ထည့်ထားပြီလားတောင် မပြောတတ်ပါဘူး။ မလုပ်ရင် ရိုးရာကိုင်မစိုးလို့ ထင်ပါရဲ့။ ဗိုလ်ကြီးစစ်ရင် ဒါမျိုးလုပ်၊ မလုပ်ရင် ဗိုလ်ကြီးမဟုတ်။

သူများတကာ မျက်ရည်ပေါက်ကြီးငယ်ကျရမှ ဒုက္ခပင်လယ်ဝေနေမှ ဝမ်းဝခါးလှပြီး ရွှေတွဲလဲ ငွေတွဲလဲ သောင်သာမော်ကြွားရဲတဲ့ အောက်တန်းစားတွေက သပ်သပ်ကို ရှိတာ။ ဘယ်သူကအပူစာလို့ပြောပြော အဲ့ဒီပိုက်ဆံနဲ့

ဘုန်းကြီးဆွမ်းကပ်တော့ရော မဘုဉ်းပေးတဲ့ဘုန်းကြီးပဉ္ဇင်းရယ်လို့ ရှိလို့လား။ ဒီတကာအတွက်များဖြင့် ဒီဆရာက ဝါတွင်း ၃ လပါတ်လုံး ရုရှားပြည်တက်ပြီး ဆွမ်းကျေးဇူး တရားဟောဖို့ စောင့်နေမှာ။ (သက်ပျောက်သပိတ်ဆွမ်းလေး ဖြစ်ပါစီဗျား။)

စားကြပါ စားကြပါ။ ငရဲတွေငအုံတွေ မယုံဘူး မှလား။ ခများတို့ သားတွေမြေးတွေ မွေးတဲ့အခါမှ အမိဝမ်းကကျွတ်တာနဲ့ ဟယ်လီကော်ပတာကြီးစီးပြီး ထိုင်းဆေးရုံသွားခွဲရတဲ့ မွေးရာပါ အနာရောဂါကြီးတွေ ပါလာပါစေ။

ခများတို့ကိုယ်တိုင် လေသင်တုန်းဖြတ်လို့ သတိပြန်မလည်တော့တဲ့အခါလည်း ချာတာဖလိုက်ကြီး စီးလုံးငှါးပြီး မောင့်အယ်လိဇဘက်က ICU ထဲမှာ တစ်လကိုးသီတင်း ဖြူကာပြာကာကျအောင် ဆေးကုလာရပါစေ။

ကုမရလို့ သေသည်ရှိသော် အထူးလေယာဉ်ကြီးနဲ့ အလောင်းကြီးရေခဲရိုက်ပြီး ပြန်သယ်လာရပါစေ။ သားတွေသမီးတွေ မပြီးနိုင်မပြတ်နိုင် အမွေလုပြီး

ရာစုနှစ်ချီအောင် တရားတဘောင်ဖြစ်ကြပါစေ။ ရှိသမျှ စည်းစိမ် ပြုတ်ပြုတ်ပြုန်းမှ ဆွေပြတ်မျိုးပြတ် အဖတ်တင်ပြီး အမှုပိတ်နိုင်ကြပါစေ။

မွေးထားသမျှ သားပျို သမီးပျို အစိုအခြောက် အပေါင်းတို့ဟာလည်း သူငယ် ပိုင်းလုံး ချူဆီ ဂုံးဆင်းတို့က ထူထူရော ပါးပါးရော အလှီးအရိတ်ခံကြရပါစေ။

တမုဆိုး ကိုးခုလပ် ဆီသည်မလက်သုပ်ဖတ်ကြီးဖြစ်ပြီး သဒေါင်းစားနဲ့ညားလို့တောင် အဲ့သဒေါင်းစားက ခွက်စောင်းနဲ့ခုတ်ပြီး စွန့်ပစ်ခံရပါစေ။ မောထှာနော်။

ကျိန်စာတွေ တကယ်မဖြစ်ဘူးလို့ ထင်နေရင် ကျိန်စာတစ်ခုစီ တစ်ခုစီအတွက် နံမည်တပ်ပြီး သာဓုခေါ်လို့ရတဲ့ ကာယကံရှင်တွေ အစုံအစိ ရှိသေးတယ် သက်လား။ မသိရင် ကိုယ့်ချင်းကိုယ်ချင်း လက်တို့ပြီး မေးယူကြ။ ဒါပဲ။

Soe Min