
မြန်မာ စစ်ခေါင်းဆောင် များသည် ဆုပ်လည်းဆူး စားလည်း ရူး ဖြစ်နေသည့် အခြေအနေမှ မထူးဇာတ်ခင်းကာ ကဒါဖီ လမ်းကြောင်းကို လျှောက်လှမ်းလာပြီ ဖြစ်သည်။
ကဒါဖီသည် လစ်ဗျား၏ ဒုတိယ အကြီးဆုံး မြို့တော် ဘင်ဂါဇီ ရှိ တော်လှန် ခုခံစစ်ကို ဆင်နွှဲနေသူ များအား တယောက်မကျန် ရှင်းလင်း ပြစ်ရန် တင့်ကားများ၊ လက်နက်ကြီးများ အပါအဝင် စစ် အင်အား အလုံးအရင်း စေလွှတ်လာခြင်းပင် ဖြစ်သည်။
ထို့အတွက် ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီမှ No-Fly Zone ကို သတ်မှတ်ပြဋ္ဌာန်းလာရပြီး အကာအကွယ် ပေးလာမှု နှင့်အတူ ကဒါဖီ ၏ ကျဆုံးခန်း စတင်လာခဲ့ရခြင်း ဖြစ်သည်။
ယခုလည်း မင်းအောင်လှိုင်သည် ၎င်းဖက်မှ အကျအဆုံး များလာပြီး နေပြည်တော်ကိုပင် ခြိမ်းခြောက်လာနိုင် သည့် အနေအထားသို့ ရောက်လာသော ပြည်သူတို့၏ တွန်းလှန် ခုခံ စစ်ကို ရိုက်ချိုးပြီး စစ်ကိုင်း ဒေသကြီးကို ပြန်လည် ထိန်းချုပ်နိုင်ရန် အင်အား သုံးထောင် ပတ်ဝန်းကျင် ရှိမည့် တပ်မကြီးများကို စေလွှတ်နေပြီ ဖြစ် ကြောင်း သတင်းများက ဆိုသည်။
ရိုဟင်ဂျာများ ကဲ့သို့ပင် နယ်မြေ ရှင်းလင်းရေး ဟု အမည်ပေးလာကာ နာမည်ဆိုးဖြင့် အပုတ်နံ့ တထောင်းထောင်း ထွက်လာနေသော စစ်ခေါင်းဆောင် တဦး ဖြစ်သည့် သန်းလှိုင်က ဦးဆောင်မည်လည်း ဖြစ်သည်။ ထိုစစ်ဆင်ရေးကြီး ကို ပြည်သူများဖက်က ရိုက်ချိုး နိုင်ရေးသည် လွန်စွာ အရေးကြီး လာနေပြီ ဖြစ်သည်။
အင်တာနက်များ ဖြတ်တောက်ပြီး မင်းအောင်လှိုင်မှ တပ်မှူးများကို လက်ရွေးစင် ရွေးထုတ်ကာ အင်အား အလုံးအရင်း နှင့် ချေမှုန်းရန် ပြင်ဆင်လာနေမှု အပေါ် ဂျီနီဗာ ရှိ ကုလ လူ့အခွင့်အရေး အဖွဲ့ကြီးမှ အရပ်သား များအတွက် လွန်စွာ စိုးရိမ်မကင်းဖွယ် အနေအထား ရောက်လာနေပြီဟု ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။
မင်းအောင်လှိုင်သည် ရန်ကုန်တွင် လက်စွမ်းပြနိုင်၍ ထိုဒေသသို့ ယုံကြည်အားကိုးစွာ စေလွှတ်ခဲ့သော တပ်မှူး ကြီး တဦးပင် ရန်သူဖက်သို့ ခိုလှုံရန် ကြံစည်နေမှု အပေါ် လွန်စွာ ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး အခြေအနေ များသည် သူထင်သည်ထက် ဆိုးဝါးလာနေသည်ကို ရိပ်စားမိလာပြီ ဖြစ်သည်။
ထိုသို့ တုန်လှုပ်နေရသည့် အခြေအနေမျိုး ရင်ဆိုင်နေရချိန်တွင် နိုင်ငံပေါင်း ၂၇ နိုင်ငံ ဖြင့် ဖွဲ့စည်းထားသော ဥရောပ ပါလီမန် သည် မြန်မာပြည် အရေး နှင့် ပတ်သက်သည့် အဆိုတင်သွင်းပြီး တခဲနက် ထောက်ခံ အတည် ပြုခဲ့ကြသည်။ အဆိုတွင် ၎င်းတို့ ကြားနေကျ ရှုတ်ချကြောင်း သာ မကတော့ဘဲ မြန်မာ စစ်တပ်နှင့် ဗိုလ်ချုပ် ကြီးများကို သူခိုးဓါးမြ သာသာ အဆင့် ဖေါ်ပြလာကြပြီး ပြည်သူတို့၏ ဆန္ဒကို ကိုယ်စားပြုနေသော NUG နှင့် CRPH အား မိမိတို့ မှ ထောက်ခံကြောင်း ပါရှိလာခဲ့ခြင်းပင် ဖြစ်သည်။
ဥရောပ ပါလီမန်သည် အီးယူ၏ ဥပဒေပြု အာဏာ ပိုင်ဆိုင်ထားသော အဖွဲ့အစည်း ဖြစ်ပြီး နိုင်ငံပေါင်း ၂၇ နိုင်ငံ အတွင်း ရှိ မဲဆန္ဒ နယ်မြေများကို ကိုယ်စားပြုသည့် အမတ်ပေါင်း ၇၀၅ ဦးဖြင့် ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သည်။
ထို့အတွက် ကမ္ဘာပေါ်တွင် အိန္ဒိယ ပါလီမန် ပြီးလျှင် ဒုတိယ အကြီးဆုံးပင် ဖြစ်သည်။ နိုင်ငံအသီးသီးမှ ပြည်သူ များက ပြင်သစ် နိုင်ငံ ဥရောပ ပါလီမန်ကြီးတွင် မိမိတို့ အကျိုးစီးပွားကို ကိုယ်စားပြုရန် ငါးနှစ်တကြိမ် တိုက်ရိုက် မဲပေးစနစ် ဖြင့် ရွေးချယ်စေလွှတ်ခဲ့ကြခြင်း ဖြစ်သည်။
ထို့အတွက် အဆိုပါ ပါလီမန်၏ ဆုံးဖြတ်ချက်သည် ဥရောပ ကုန်းမြေကြီးရှိ ပြည်သူများ၏ ဆန္ဒကို တိုက်ရိုက် ကိုယ်စားပြုနေသည်ဟု ပြော၍ရသည်။
ယခုအခါ အဆိုပါ အဖွဲ့ကြီးက အခြေအမြစ် မရှိသော စွပ်စွဲချက်များဖြင့် တရားရင်ဆိုင်နေရသော နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတကြီး ဦးဝင်းမြင့်တို့အား သူတို့၏ မူလ ရာထူး အမည်များကို သုံးစွဲပြီး ပြန်လွှတ်ပေးရန် တောင်းဆိုလာခဲ့သည်။ ရန်ကုန်ရှိ မိမိတို့ သံရုံးများမှ အခြေအနေကို အနီးကပ် စောင့် ကြည့်ရန် ညွှန်ကြားလိုက်ပြီ ဖြစ်သည်။
အီးယူ၏ ဆုံးဖြတ်ချက်သည် စစ်အာဏာသိမ်း အဖွဲ့အတွက် အကြီးအကျယ် အရှက်ရစရာ ဖြစ်သွားခဲ့ရသည်။ နောက်ထပ် အရှက်ရစရာ ဖြစ်လာရသည်က မြန်မာနိုင်ငံဆိုင်ရာ ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား အမေရိကန်ရှိ နိုင်ငံတကာ ရီပတ်ဘလီကင် အင်စတီကျု မှ John McCain Freedom Award ကို ချီးမြှင့်လိုက်ပြီး အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဝါရှင်တန်ရှိ အမေရိကန် ရေတပ် အထိမ်းအမှတ် ပလာဇာ အဆောက်အအုံကြီးတွင် အခမ်းအနားဖြင့် ဆုချီးမြှင့်မည် ဖြစ်ကြောင်း ကြေညာလိုက်ခြင်းပင် ဖြစ်သည်။
အဆိုပါ ဆုကို လူသားတို့ လွတ်လပ်ခွင့်၊ ဒီမိုကရေစီ အရေး အတွက် ထူးချွန်စွာ တိုက်ပွဲဝင်ခဲ့သူများ ကို ဂုဏ်ပြုနိုင်ရန် ဆုချီးမြှင့်ခဲ့ခြင်းပင် ဖြစ်သည်။
ထိုသို့ တကမ္ဘာလုံးက မြန်မာ အရေးကို အာရုံစိုက်လာကြသည်နှင့် အမျှ အာဆီယံသည်လည်း စစ်ရာဇဝတ် ကောင် အဖြစ် ကမ္ဘာနိုင်ငံများက တနေ့တခြား သတ်မှတ်လာနေပြီ ဖြစ်သော မင်းအောင်လှိုင်ကို ၎င်းတို့ နှင့် တန်းတူ တစားပွဲတည်း ထိုင်ရမည့် အဖြစ် အား လိပ်ပြာ မသန့် ဖြစ်လာ နေပေ သည်။
သေမထူး နေမထူး ဖြစ်လာသော စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကတော့ Banana Republic (ငှက်ပျောသီး သမ္မတ နိုင်ငံ) ခေါင်ချုပ်ကြီး ဘဝ ရောက်ရှိနေရပြီ ဖြစ်သည်။ ငှက်ပျောခိုင်ကြီး လေးခိုင်ကို စူးစိုက်ကြည့်နေသည့် ပုံ မှာ အထင်အရှားဖြစ်သည်။
Banana Republic သည် စာရေးဆရာကြီး အို ဟင်နရီက ၁၉၀၄ ခုနှစ် တွင် စတင် တီထွင်ခဲ့ပြီးနောက်တွင် ကျယ်စွာ အသုံးပြုလာခဲ့သော စကားလုံးပင် ဖြစ်သည်။
အောက်ခြေ လူတန်းစားများ ဆင်းရဲမွဲတေစွာ ရုန်းကန်နေရပြီး အုပ်ချုပ်သူ လူတန်းစားသည် တိုင်းပြည်၏ အဆီအနှစ်များကို အညွှန့်ခူးနေသည့် လူ့ အသိုက် အဝန်းမျိုးကို ရည်ညွှန်းခေါ်ဝေါ်ခြင်း ဖြစ်သည်။ ထိုသို့ အခွင့်အရေးများ လက်လွှတ်ဆုံးရှုံးရမလို ဖြစ်လာတိုင်း မကြာခဏ အာဏာသိမ်းခံခဲ့ရသော တောင် နှင့် လက်တင် အမေရိက နိုင်ငံများကို နောက်ပိုင်းတွင် ရည်ညွှန်း သုံးစွဲလာကြသည်။
အဆိုပါ နိုင်ငံများတွင် ငှက်ပျောသီးများကို ပြည်ပ ပို့ကုန်အဖြစ် အဓိကထား စိုက်ပျိုးကြပေသည်။ အစိုးရများ ကမူ ၎င်းတို့ အား အကျိုးပြုနေသည့် ကရိုနီများကိုသာ စီးပွားရေး လက်ဝါးကြီး အုပ်စေပြီး အကျိုး အမြတ် များကို ခွဲဝေယူလာကြသဖြင့် နိုင်ငံတော် ဘဏ္ဍာသည်လည်း ခမ်းခြောက်လာကာ တိုင်းပြည်သည် ကြွေးများ လည်ပင်းခိုက်လာကြသည်။
ထိုအခါ ငွေကြေးကို တကြိမ်ပြီး တကြိမ် တန်ဖိုး ချလာရသဖြင့် နောက်ဆုံးတွင် စက္ကူစုတ်သာသာ ဘဝ ဆိုက်ရောက်လာခဲ့ရသည်။
ထို့အတွက် မင်းအောင်လှိုင်သည် Banana Republic ကြီး၏ ခေါင်ချုပ်ကြီး အဖြစ် ရုန်းကန်နေရသည် ဆိုက မှားမည် မထင်ပေ။
တော်လှန်ရေးကြီး မုချအောင်ရမည်!!!
Hla Soewai