ကမ္ဘာပေါ်တွင် အန္တရာယ် အများဆုံး ဒေသ – တိုင်ဝမ် ရေလက်ကြား

တခါက အမေရိကန် စာရေးဆရာ ကြီး စကော့ ဖစ်ဂျရယ် မှ ပထမတန်းစား အသိလိမ္မာတရားသည် ဆန့်ကျင် ဖက် အတွေး အခေါ် နှစ်ခု ကြားမှ အလုပ်ဖြစ်အောင် လုပ်ကိုင်နိုင်စွမ်း ရှိမှု ကို ဆိုလိုသည်ဟု ရေးသားခဲ့ဖူးသည်။

ထိုကဲ့သို့သော အယူ အဆ ဖြင့် တိုင်ဝမ် အရေး အပေါ် အမေရိကန် နှင့် တရုတ်တို့ အကြား နှစ်ပေါင်း ၇၀ ကြာ အောင် ငြိမ်းချမ်းရေးကို ထိန်းသိမ်းထား နိုင်ခဲ့သည်။ ယခုအခါ အဆိုပါ မဟာဗျူဟာသည် ပြိုလဲပျက်စီး တော့ မည့် အနေအထားသို့ ဦးတည်လာနေပြီ ဖြစ်သည်။

တရုတ် အမျိုးသားနေ့ဖြစ်သော အောက်တိုဘာ ၁ ရက် နေ့တွင် သမိုင်းတလျှောက် တခါမှ မကြုံဘူးသည့် အရည် အတွက် ဖြင့် တရုတ် တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များ၊ စုစုပေါင်း ၃၈ စင်းသည် လေကြောင်း ကာကွယ် ရေး အချက်ပြဇုံ Air Defense Identification Zone (ADIZ) ထဲသို့ ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြသည်။

‌နောက် သုံးရက်အတွင်း တိုက်လေယာဉ် ၁၁၁ စင်းသည်လည်း အလားတူ ချဥ်းနင်း ဝင်ရောက်လာကြပြန်သည်။ ADIZ သည် တိုင်ဝမ် လေကြောင်း ပိုင်နက် အစစ်အမှန် မဟုတ်၊ ကျွန်း မှ ရေမိုင် ၁၂ မိုင်အကွာတွင်ရှိ တိုင်ဝမ် ရေလက် ကြားကို အလယ်မှ ဖြတ်၍ နှစ်နိုင်ငံအကြား အလယ်မျဉ်း အဖြစ် နှင့် ကြိုတင် သတိပေးနိုင်ရန် သတ်မှတ်ထား သော ဧရိယာသာ ဖြစ်သည်။

သို့သော် တိုင်ဝမ် ကာကွယ်ရေး ဝန်ကြီး ချုကိုချင်းကတော့ သူ၏ စစ်သက်တမ်း နှစ် ၄၀ ကာလအတွင်း အဆိုး ဝါးဆုံး အခြေအနေ ပင် ဖြစ်သည်ဟု ပြောလာခဲ့သည်။ သူကဲ့သို့ ပင် အမေရိကန် အထက်တန်း အရာရှိကြီးများ လည်း စိုးရိမ်မကင်း ဖြစ်လာကြသည်။ အောက်တိုဘာ ၆ ရက်နေ့တွင် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင် က တရုတ်တို့၏ ရန်စ ကျူးကျော်သည့် လုပ်ရပ်များကို ရပ်တန်းက ရပ်ရန် သတိပေးခဲ့သည်။

သမ္မတ၏ အမျိုးသား လုံခြုံရေး အကြံပေးမှ တရုတ်၏ ထိပ်တန်း သံတမန်လည်း ဖြစ် ပေါ်လစ်ဗြူရို အဖွဲ့ဝင်လည်း ဖြစ်သော ယန် ဂျယ်ရီ ကို ဆွစ်ဇာလန်တွင် တွေ့ဆုံပြီး အလားတူ သတိပေးလာခဲ့သည်။

သို့သော် တရုတ်တို့ဖက်မှ အလျော့ပေးခြင်း အလျှင်းမရှိဘဲ မိမိတို့သည် “စစ်ပွဲကာလ လေကြောင်း စစ်ဆင်ရေး” ကို လေ့ကျင့်နေခြင်း ဖြစ်သည်ဟု ပြောလာခဲ့သည်။ တိုင်ဝမ် စစ်ဖက် မှ တရုတ်တို့သည် ၂၀၂၅ ခုနှစ်လောက်တွင် တိုင်ဝမ်အား လုံးဝ ကျူးကျော် တိုက်ခိုက်လာဖို့ရှိနေသည်ဟု ယုံကြည်နေကြသည်။

တရုတ် လေယာဉ်များသည် ယခုအချိန်အထိ တိုင်ဝမ်လေကြောင်း ပိုင်နက်ထဲသို့ ဝင်ရောက်လာခြင်း မရှိ သေးသော်လည်း တိုင်ဝမ် နိုင်ငံသားများ နှင့် လေကြောင်း ကာကွယ်ရေး စနစ်ကို စိတ်မော လူမော နှင့် ခြေကုန်လက်ပမ်းကျရန် စိတ်ဓါတ်စစ်ဆင်ရေး ဆင်နွှဲနေခြင်း ပင် ဖြစ်သည်။ တိုင်ဝမ် သမ္မတ တိုင်စင်ဝမ်း ကတော့ လေကြောင်းပိုင်နက်ထဲ ဝင်လာသည်နှင့် အမိန့်တစုံတရာ စောင့်စရာ မလိုဘဲ ပစ်ချရန် သူမ၏ တိုက်လေယာဉ်မှူးများကို အမိန့်ပေးထားပြီး ဖြစ်သည်။

အမေရိကန် တွင် တရုတ် ဆန့်ကျင်ရေး သဘောထားသည် အလိုအလျှောက် နှလုံးသွင်း ရမည့် မူဝါဒ အဖြစ် ရောက်ရှိလာနေသော်လည်း တိုင်ဝမ်ကို တိုက်ခိုက်လာပါက အမေရိကန် အမှတ် (၇) ရေတပ်ကြီး ရောက်လာ၊ မလာ ဆိုသည်ကား ရေရာ သေချာခြင်း မရှိဖြစ်နေဆဲပင်၊ တိုင်ဝမ်ကို မဖြစ်မနေ ကာကွယ်ရန် စာချုပ်စာတမ်း ဟူ၍ မရှိသော်လည်း အမေရိကန် တို့ အဖို့က ၎င်းတို့၏ ကမ္ဘာ ဆူပါ ပါဝါ အဆင့်အတန်းကို နားရွက် တံတွေး ဆွတ်လာမှု အဖြစ် သဘောထား လာကြမည်ကား ကြိမ်းသေသည်။

အမှတ် (၇) ရေတပ်ကြီး စေလွှတ်ရန် ပျက်ကွက်ပါက တရုတ်သည် အာရှ တွင် ထင်တိုင်းကြဲလာတော့မည် သာ မက အမေရိကန် အပေါ် ယုံကြည် အားထားနေကြသော မဟာမိတ်များလည်း စွန့်ခွာ ကုန်ကြပေတော့မည်။

တရုတ်ဖက်က အာဖဂန်နစ္စတန်မှ အမေရိကန်တို့ ကသောကမျော ထွက်ခွာသွားရသည်ကို ကြည့်ပြီး ရဲတင်း လာသည်။ လူမလေး ခွေးမခန့် ပို၍ လုပ်လာကြခြင်းဖြစ်သည်။ ရှီကျင့်ဖျင်သည်လည်း ၎င်း ရာထူးမှ အနားမယူမီ တိုင်ဝမ်ကို အပြီး အပိုင် သိမ်းပိုက်ပြီး ဖြစ်စေချင်နေသည်။ တရုတ်ရေတပ်သည် ပြီးခဲ့သည့် ငါးနှစ် အတွင်း စစ်သင်္ဘော နှင့် ရေငုပ်သင်္ဘော အစင်း ၉၀ ခန့် ထုတ်လုပ်လာခဲ့၍ ပစိဖိတ် အနောက်ခြမ်း ရှိ အမေရိ ကန်တို့ ဖြန့်ကျက်ချထားသော ရေတပ်အင်အား ထက် ငါးဆခန့် များပြားလာနေသည်။

ထို့အပြင် တိုက်လေယာဉ် များကိုလည်း တနှစ်လျှင် အစင်း ၁၀၀ ခန့် ထုတ်လုပ်နေသည်။ ထိုသို့ အင်အား ကောင်းလာသည် နှင့် အမျှ တရုတ်တို့အနေနှင့် အင်အားသုံးရန် ပို၍ စိတ်ပါလက်ပါ ရှိလာလိမ့်မည်ဟု အမေရိကန် ကျွမ်းကျင်သူတို့က ခန့်မှန်း နေကြသည်။

ကမ္ဘာ စီးပွားရေး နှင့် နည်းပညာ လောက တွင်လည်း ထိုအရေး အပေါ် စိုးရိမ်ကြောင့်ကြမှုများ ကြီးထွား လာနေ သည်။ ၎င်းတို့ အဓိက စိုးရိမ်နေသည်ကား တိုင်ဝမ် ရှိ ဆီမီးကွန်ဒတ်တာ ထုတ်လုပ်နေသည့် စက်မှု လုပ်ငန်းများ ပြိုလဲသွားတော့မည့် အရေးကိုပင် ဖြစ်သည်။ တိုင်ဝမ် ရှိ TSMC ဆီမီး ကွန်ဒတ်တာ လုပ်ငန်းသည် တကမ္ဘာလုံး ရှိ အီလက်ထရောနစ် လုပ်ငန်းများ အတွက် နောက်ဆုံးပေါ် ချစ်ပြား များ ထုတ်လုပ်မှု၏ ၈၄% ကို ပံ့ပိုးပေးနေ၍ ဖြစ်သည်။

လောလောဆယ်တွင် TSMC ၏ နည်းပညာ သည် တကမ္ဘာလုံး ထက် ဆယ်နှစ်ခန့် ရှေ့မှ ပြေးလျှက် ရှိနေ၍ အမေရိကား နှင့် တရုတ် တို့ အမှီလိုက်နိုင်ရန် နှစ်ပေါင်း များစွာ ကြာမှသာ ဖြစ်နိုင်ပေသည်။ ထို့အတွက် အင်တာနက်ကို လုံးဝ အမှီပြုနေရသည့် အဖြစ်သို့ ရောက်နေသော ကမ္ဘာကြီး အတွက် အဆုံးအရှုံးမှာ မှန်းဆ၍ ပင် မရအောင် ကြီးမားနေသည်။

သို့သော် တရုတ် သမ္မတ ရှီကျင့်ဖျင် အဖို့ စစ်ပွဲကြီး ဖြစ်လာလျှင် လူများ အစုလိုက် အပြုံလိုက် သေကြေ ပျက်စီး ကြရမည့် အပြင် သူ အင်မတန် ဂုဏ်ယူနေသည့် တရုတ်ပြည်၏ ကြွယ်ဝလာနေမှု၊ နိုင်ငံရေး တည်ငြိမ် နေမှု နှင့် အတူ ကမ္ဘာထိပ်တန်း ခေါင်းဆောင် အဖြစ် ရောက်ရှိလာနေမှု များကို အထိခိုက် ခံပြီး စွန့်စားဝံ့ မည်လော၊ ထို့အပြင် ၎င်းတို့ အုပ်ချုပ်မှုကို ပြန်လည်၍ လက်နက်ကိုင် တွန်းလှန်ကြဦးမည့် တိုင်ဝမ် ကို မည်သို့ မည်ပုံ အုပ်ချုပ်သွားဦး မည်နည်း။

တရုတ်တို့ ပေးဆပ်ရမည့် တန်ဖိုးမှာ လွန်စွာ ကြီးမြင့်နေ၍ စွန့်စားရဲမည် မဟုတ် ဟူသော အတွေးများ ဖြင့် သာ တကမ္ဘာလုံးက နှစ်သိမ့်နေကြရသည့် အဆင့်တွင် ရှိနေပေသည်။

တိန့်ရှောင်ဖိန်က ထိုသို့ ဖြေရှင်း၍မရသော ပြဿနာကို မိမိတို့ထက် ဥာဏ်ပညာ ထက်ထက်မြက်မြက် ရှိမည့် မျိုးဆက်သစ်များ ဖြေရှင်းရန် ထားခဲ့သင့်ကြောင်း ပြောခဲ့ဖူးပေသည်။ ဤသည်ကပင် ရှီကျင့်ဖျင်သည် သူ့ကိုယ် သူများ ရည်ညွှန်းလေသလော ဟု ယူဆကောင်း ယူဆနိုင်ပေသည်။

လက်ရှိတွင် တရုတ် ခေါင်းဆောင်ပိုင်းက တိုင်ဝမ် နှင့် ငြိမ်းချမ်းစွာ မဖြစ်မနေ ပူးပေါင်းရမည်ဟု ပြောနေသော် လည်း တိုင်ဝမ် သမ္မတ က မိမိတို့ နိုင်ငံ အနေဖြင့် တရုတ်၏ ဖိအားပေးမှု ကို ဒူးထောက် လိမ့်မည် မဟုတ်၊ ဒီမိုကရေစီ ၏ ခံစစ်မျဉ်းအဖြစ် ရပ်တည် တွန်းလှန်သွားမည်ဟု မကြာမီကတည်းက ကြိမ်းဝါးခဲ့ပြီး ဖြစ်သည်။
တော်လှန်ရေးကြီး မုချအောင်ရမည်!!!

(အီကော်နော်မစ် မဂ္ဂဇင်း ပါ ဆောင်းပါးများကို ကိုးကားသည်) Hla Soewai