တော်လှန်ရေးမှာ မျှော်လင့်ချက် ယုံကြည်ချက် ဆုံးဖြတ်ချက်နဲ့ အောင်စိတ်ကို ဘယ်လိုမွေးခဲ့လဲဆိုတာ ပြောပြလာတဲ့ ပန်ဆယ်လို

အိမ်ကနေ ထွက်လာခဲ့တဲ့ အချိန်တုန်းက တစ်ပတ်လောက်ပါပဲလို့ တွေးခဲ့တယ်။ အဲ့ကတည်းက ဆက်တိုက် မနက်ဖြန် တော်လှန်ရေးအောင်မယ်လို့ပဲ မျှော်ခဲ့တယ်။

နယ်စပ်ရောက်တယ်။ ထွက်ခွင့်ရတဲ့ ဒိတ်မရောက်ခင်အထိ နယ်စပ်ကပဲ လှည့်ပြန်ခွင့်ရမယ် ထင်ခဲ့တယ်။

ဒီရောက်လာတော့လည်း ဒီရက်ထဲမှာပဲ အိမ်ပြန်ရမယ် ထင်ခဲ့တယ်။ မျှော်လင့်ချက်ထားတာကို ဘဝမှာ အမှားလို့ ဘယ်တုန်းကမှ မထင်ခဲ့ပေမယ့်

ထင်သလောက် မမြန်တဲ့အခါ မျှော်လင့်ရတာ ပင်ပန်းလာတယ်။ စိတ်ဓါတ်ကျလာတယ်။ မမျှော်လင့်ချင်သလို ဖြစ်လာတယ်။ ဒါဟာ အောင်စိတ်ရဲ့ ဆန့်ကျင်ဘက် ကျစိတ်ပဲ။

ဒီကျစိတ်ကို ဘယ်လိုထိန်းချုပ်ရမလဲ နည်းလမ်းရှာကြည့်တယ်။ တွေ့တယ်။ ဒီတော်လှန်ရေးက အမြစ်ပြတ်နိုင်ကိုနိုင်မယ့် တော်လှန်ရေးလို့ ယုံကြည်တယ်။

ဒါပေမယ့် ဘယ်နေ့နိုင်မလဲ မတွေးတော့ဘူး။ နိုင်တဲ့နေ့ထိ တိုက်မယ် ပါဝင်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။

စိတ်သက်သာရာရသွားတယ်။ ပိုအာရုံစူးစိုက်နိုင်လာတယ်။ နိုင်မှရပ်မှာ ဖြစ်တဲ့အတွက် အမြန်နိုင်ဖို့ ပိုကြိုးစားချင်စိတ်ရှိလာတယ်။

နိုင်တဲ့အထိ ပါဝင်မှာလို့ ယတိပြတ်ဆုံးဖြတ်လိုက်တဲ့ အခါမှာ အခုထိ မနိုင်သေးဘူးလား၊ ဘယ်တော့နိုင်မှာလဲ၊ ဘယ်လောက်ထိ စောင့်ရမလဲ၊ နိုင်ပါတော့မလား အတွေးတွေ ပျောက်သွားတယ်။

တော်လှန်ရေးမှာ လုပ်နိုင်သလောက်လုပ်ပြီးပြီ။ တာဝန်ကျေပြီ၊ လိပ်ပြာလုံပြီဆိုတာ ဆင်ခြေပေးတာ။ ကိုယ့်တာဝန်မကျေစိတ်ကို လှည့်ဖြားလိုက်တာ။

တော်လှန်ရေးဆိုတာ၊ တော်လှန်တယ်ဆိုတာ အလကားထိခိုက်နစ်နာ နာကျင်ပေးဆပ်ကြရဖို့ မဟုတ်ဘူး။ စစ်အာဏာရှင်စနစ် အပြီးတိုင်ကျဆုံးဖို့ တော်လှန်တာ။

စစ်အာဏာရှင်စနစ် အပြီးတိုင်ကျဆုံးသွားမှ တော်လှန်ရေးက အောင်မြင်ပြီလို့ ဆိုနိုင်တာ။ တော်လှန်ရေးမှာ ပါဝင်တယ်ဆိုတာကလည်း အောင်မြင်သည်အထိ ပါဝင်မှ တာဝန်ကျေတာ။

တော်လှန်တယ်ဆိုတာ လိပ်ပြာလုံရုံအတွက်မဟုတ်ဘူး။ အောင်မြင်ဖို့အတွက် တော်လှန်တာ။ အောင်မြင်သည်အထိ တော်လှန်ပြီးမှသာ တော်လှန်ရေးကို တာဝန်ကျေတယ်ဆိုနိုင်တာ။

ငါတို့က တော်လှန်ပြီးပြီ၊ တာဝန်ကျေပြီ၊ လိပ်ပြာလုံတယ်ဆိုတာ တော်လှန်ရေးအောင်ပြီးမှ ပြောကြရအောင်လား။

ဘယ်နေ့လဲ မမေးနဲ့။ မနက်ဖြန်လည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် မနက်ဖြန်မဟုတ်လည်း ဆက်တိုက်ပွဲဝင်ကြရမှာပဲ။

လိပ်ပြာလုံရုံ တော်လှန်ကြတဲ့ တော်လှန်ရေးမဟုတ်ဘူး။ အဓမ္မကို ဓမ္မက မနိုင်ဘူးဆိုတာကို ချိုးဖျက်ပြနိုင်တဲ့အထိ တော်လှန်ကြမယ်။

အရေးတော်ပုံ အောင်ရမယ်။ မလုံလောက်ဘူး
အောင်ကို အောင်ရမယ်။

ပန်ဆယ်လို