“လူတွေဟာ ဓမ္မကိုတန်ဘိုးမထားကြဘဲ ပုဂ္ဂလကိုသာ တန်ဘိုးထားနေကြတော့ ဆရာတော်ကြီးလဲ စိတ်ညစ်နေရပြီ”

“လူတွေဟာ ဓမ္မကိုတန်ဘိုးမထားကြဘဲ ပုဂ္ဂလကိုသာ တန်ဘိုးထားနေကြတော့ ဆရာတော်ကြီးလဲ စိတ်ညစ်နေရပြီ”

ကျုပ်ကို ဖူးရုံသက်သက်နဲ့ တရားမရနိုင်ပါဘူး … ပုံတောင်ပုံညာတောဘက်တုန်းကလဲ ကျုပ် အတိအလင်း ကြေညာပြီး မေတ္တာရပ်ခံခဲ့ပြီးသားပါ။

ဒီသုံးနှစ်တော့ ကျုပ်အလုပ်ကို ကျုပ် ဖြောင့်အောင် လုပ်ပါရစေဆိုတာလေ။ဒါလဲ စကား နားမထောင်ကြပါဘူးဗျာ။နည်းမျိုးစုံနဲ့ လိုက်လာကြတာပါပဲ။

လိုက်လာလေ ပိုဆိုးလေဖြစ်မယ်ဆိုတာ ကျုပ်လဲ စကားနဲ့တွင်မက အလုပ်နဲ့ သက်သေ ပြခဲ့ပြီးပါပြီဗျာ။

အခု ဒီမဟာမြိုင်တောမှာလဲ ကျုပ် ဒီမူကိုပဲ ဆက်ကျင့်သုံးမှာပဲ။သုံးနှစ်တိတိ ဘယ်သူနဲ့မျှ မတွေ့ချင်ဘူးဗျာ။

ကျုပ်လုပ်ရမယ့် အလုပ်တွေ ရှိနေသေးလို့ ဒီတရားအလုပ်ကို ဖြောင့်အောင်လုပ်နိုင်ဖို့ ကျုပ်ပြောထားတဲ့ စကားကို နားထောင်ကြဖို့ မေတ္တာရပ်ခံချင်တာပါ။

လူတွေကလည်းဗျာ။ နာမည်ကြားဖူးလို့ ပွဲကြည့်သလို ကြည့်ရအောင် လာတာမျိုး များပါတယ်ဗျာ။[ပညာလိုချင်လို့ ဓမ္မလိုချင်လို့ လာတဲ့လူ မရှိသလောက်ပါပဲ။]

ကျုပ်မှာကလဲ ကျုပ်ဒုက္ခနဲ့ ကျုပ်ဗျ။ တစ်တော တစ်တောင်ကို သုံးနှစ်စီ အဓိဋ္ဌာန်နဲ့ သီတင်းသုံးခဲ့လေတော့ အခု တောထွက်လာတာ

နှစ်ဆယ့်သုံးနှစ်ထဲမှာဆိုတော့ နေရာများခဲ့သလို တပည့်ဒကာတွေ များခဲ့လေတော့ ဘာရယ်မဟုတ်၊ သံယောဇဉ်နဲ့ နောက်က တကောက်ကောက် လိုက်နေကြတာဗျ။

သူတို့တွေကို အလုပ်လုပ်ကြဖို့ အလုပ်စခန်းတွေ ကျုပ် လုပ်ပေးခဲ့ပြီးပါပြီ။ တရားတွေ ဟောခဲ့တာလည်း မနည်းတော့ပါဘူးဗျာ။

အခုရော ကျုပ်ကိုယ်စား ကျုပ်ရေးထားတဲ့ ကျမ်းစာအုပ်တွေနဲ့ သူ့တို့အကျိုးကို ဆောင်နေတာပဲ မဟုတ်လား။ တော်ရောပေါ့ဗျာ။ ကျုပ်လုပ်ရမယ့် အလုပ်ကို အနှောင့်အယှက်ကင်းကင်းနဲ့ လုပ်ပါရစေတော့။

အင်း … ပုထုဇဉ်တွေဆိုတာ အစွဲစိတ်က များလေတော့ ဟိုလူ့ကျတော့ အခွင့်အရေးပေးတယ်။ ဟိုအသင်းအဖွဲ့ကျတော့ မျက်နှာလိုက်တယ်။သူတို့က မူလပထမပါ..နဲ့ စုံလို့ဗျာ။

နောက်က အကြွေးတောင်းသလို လိုက်နေကြတာ၊ မပြီးတော့ပါဘူးဗျာ။ ကိုယ့်အလုပ် ကိုယ်လုပ်နေကြပါတော့လားဗျာ။

ကျုပ်နောက်လိုက်နေရင် ပုဂ္ဂိုလ်ကိုပဲ တွေ့ရမှာပေါ့ဗျာ၊ ဓမ္မကို တွေ့ချင်ရင် ကျုပ်ဟောခဲ့တဲ့တရားတွေ၊ ကျုပ်ရေးခဲ့တဲ့ ကျမ်းစာတွေက တစ်ဆင့် ဓမ္မကို ချဉ်းကပ်နိုင်ပါသဗျာ။

ဒါတွေဟာလဲ ကျုပ်ကအဆန်းထွင်ပြီး ပြောတာ တစ်ခုမျှ မပါပါဘူးဗျာ။ အဖဘုရားရှင် ဟောမိန့်ခဲ့တာတွေကို ကျုပ်က တဆင့်ပြန်ပြောခဲ့တာချည်းပါဗျာ။

အဲဒီတော့ ကျုပ်ကို ပုဂ္ဂိုလ်ရေးအရ ဆည်းကပ်ကိုးကွယ်နေတာထက် ဘုရားစကားကို ပိုပြီးနားထောင်ဖြစ်အောင် ကြိုးစားဖို့ မလိုဘူးလားဗျာ၊

အဲဒီလို ဘုရားစကားကို နားထောင်တယ်ဆိုရင် ဘုရားလုပ်ခိုင်းတဲ့အလုပ်ကို လုပ်ဖြစ်နေရင် ဘုရားအလိုကျ သတိပဋ္ဌာန်တရားကို အားထုတ်နေရင် “ပုဂ္ဂိုလ်”ဆိုတာ လိုသေးလို့လားဗျာ။

ကျုပ်အနားမှာ နေရုံနဲ့ တရားမရပါဘူး၊နိဗ္ဗာန်မရောက်နိုင်ပါဘူးဗျ။ကျုပ်ကို ဖူးရုံသက်သက်နဲ့လဲ တရား မရနိုင်ပါဘူး။ နိဗ္ဗာန် မရောက်နိုင်ပါဘူးဗျ။

ဘုရားကို “ပုဂ္ဂိုလ်ခင်” ခင်ပြီး နောက်က တကောက်ကောက်လိုက်ပြီး ဖူးနေတဲ့ ဝက္ကလိရဟန်းကို ဘုရားရှင်က ဘယ်လို ဆုံးမခဲ့တယ်ဆိုတာလဲ အားလုံး သိကြပြီးသားပါဗျာ။

တရားအားထုတ် နေတယ်ဆိုရင်ပဲ ကျုပ်ကို လုပ်ကျွေးတာထက်၊ ပုဂ္ဂိုလ်ရေး လာဖူးနေတာထက် ပိုပါတယ်ဗျ။

ကျုပ်နဲ့ အတူတူ တွေ့လိုသပ ဆိုရင် ကျုပ်တွေ့နေတဲ့ အာရုံကို ထပ်တူထပ်မျှ တွေ့အောင် ကြိုးစားလုပ်ကြဖို့ပါဗျာ။ဒါဆိုရင် ကျုပ်နဲ့ အမြဲတမ်း တွေ့ခွင့် ရနေမှာပါပဲဗျာ။

ရှေ့က သွားနှင့်ကြတဲ့ ဘုရားရှင်နဲ့တကွသော ရဟန္တာအရိယာများအားလုံး အဲဒီလိုပဲ နှလုံးသွင်းဆင်ခြင်ပြီး အားထုတ်သွားကြတော့ နိဗ္ဗာန်ဆိုတဲ့ မဂ်ရဲ့အာရုံမှာ အတွေ့တွေတူလို့ အတူတွေ့နေကြတယ် မဟုတ်လားဗျာ”

မဟာဗောဓိမြိုင်ဆရာတော်ကြီး