နောက်ထပ် ပြင်မရသော အမှားကြီးကို မိုက်မိုက်မဲမဲ ကျူးလွန်ရန် တာစူနေပြီဖြစ်တဲ့ စစ်ကောင်စီ

စစ်ကောင်စီ၏ နိုင်ငံခြားရေး တာဝန်ခံ ဝဏ္ဏမောင်လွင်မှ ပြည်ပ ရှိ ဥပဒေပြု အမတ်များ၊ သံတမန် များ၊ ကုလသမဂ္ဂ နှင့် အခြား အဖွဲ့အစည်းများသည် အမျိုးသား ညီညွတ်ရေး အစိုးရကို ထောက်ခံမှု ပေးနေသည် ဟု ဆိုကာ ကြေညာချက် ထုတ်ပြန်ပြီး ပြစ်တင် ရှုတ်ချလိုက်သည်။

သူ၏ စကားသည် တဖက်လှည့် နှင့် မိမိတို့အား ထောက်ခံမှု မရှိကြောင်း ဝန်ခံလိုက်သလို ဖြစ်သွားခဲ့ရသည်။

ဥရောပ ပါလီမန် မှ NUG ကို မြန်မာ ပြည်သူတို့၏ တရားဝင် ကိုယ်စားပြုသော အဖွဲ့အစည်း အဖြစ် ထောက်ခံမှု ပေးလိုက်ပြီးနောက် ယခုလို ပြောဆိုလာခြင်း ဖြစ်သည်။ ဝဏ္ဏမောင်လွင် အဖို့ သူ၏ စကားသည် အဆံမပါသော အမြှောက်သာ ဖြစ်သည်ကို သိသိကြီးနှင့် ဆရာသမား အလိုကျ ပြောဆိုပေးနေရခြင်းလည်း ဖြစ်သည်။

အဆိုပါ ကြေညာချက်ဖြင့် အီးယူသည် စစ်ကောင်စီကို အသိအမှတ် ပြုမည် မဟုတ်သည့် သဘော ပြောဆို လိုက်မှန်းလည်း သံခင်း တမန်ခင်း တွင် အတွေ့အကြုံများစွာ ရှိပြီး ဖြစ်သော ဝဏ္ဏမောင်လွင်က သဘော ပေါက်ပြီး ဖြစ်သည်။ အီးယူ၏ အဆိုသည် အဖွဲ့ဝင် ၂၇ နိုင်ငံ အတွက်လည်း အလိုလို အသိအမှတ် ပြုတော့မည် မဟုတ်ဆိုသည်မှာ ထင်ရှားလာနေသည်။

ဝဏ္ဏမောင်လွင် အဖို့ တဖက်တွင် ကမ္ဘာသိဖြစ်နေသော စစ်ကောင်စီ ၏ ကိုယ့်နိုင်ငံသား များ အပေါ် သတ်ဖြတ် မီးရှို့နေမှု များ ကျူးလွန်နေသည့်အတွက် ၎င်း အဖို့ ပွဲကြည့်သူ မရှိသည့် ဇာတ် ကို ကပြ အသုံးတော်ခံနေရသလို ဖြစ်လာနေသည်။

၎င်းအဖို့က တခုခု လုပ်သည့် သဘော သက်ရောက်အောင်သာ ကြေညာချက် ထုတ်ပြန်နေသော်ငြားလည်း လက်တွေ့တွင် မည်သည့်နိုင်ငံရှိ သံအမတ်ကိုမှ ပြန်ခေါ်ကာ ကန့်ကွက်ခြင်းမျိုး လုပ်ရဲသည်ကို မတွေ့ရသေးပေ။ မတွေ့ရသည့်အပြင် အတင်း ကာရော ပင် သံအမတ်များ အသစ်ခန့်အပ်ရန် အဆိုပြုလာနေသည်။

ထိုမတိုင်မီကလည်း အမေရိကန် အောက်လွှတ်တော်တွင် မြန်မာပြည်သူများအား အပြည့်အဝ ထောက်ခံမှု ပေးနိုင်ရန် လမ်းဖွင့်ပေးလိုက်သည့် BURMA ACT 2021 ဥပဒေကြမ်းကို ပါတီကြီး နှစ်ရပ် ပူးပေါင်းပြီး တင်သွင်းလာခဲ့ကြပြန်သည်။

အီးယူ နှင့် အမေရိကန် တို့၏ လှုပ်ရှားလာမှုသည် စကား သက်သက် ဖြင့်သာ မဟုတ်တော့ဘဲ ထဲထဲဝင်ဝင် ပတ်သက်လာရန် ပထမခြေလှမ်း စ လာပြီ ဆိုသည်ကို စစ်ကောင်စီက ရိပ်စားမိနေပြီ ဖြစ်သည်။ တဖက်တွင် ၎င်းတို့၏ ဆရာသမား နှစ်ဦး ဖြစ်သည့် တရုတ် နှင့် ရုရှားတို့ကလည်း လူသိရှင်ကြား ထိရောက်သည့် ထောက်ခံမှု မပေးသည့်အပြင် ၎င်းတို့အား နယ်ရုပ် အဖြစ် သဘောထားကာ ကမ္ဘာ ဘူမိနိုင်ငံရေး စစ်တုရင်ခုံ ပေါ်တွင် အကွက်ရွှေ့နေသည့် အဆင့်သာ ရှိနေသေးသည်။

တရုတ် နှင့် ရုရှားတို့အတွက် ရိုဟင်ဂျာများ အပေါ် ရက်စက်စွာ ကျူးလွန်ခဲ့သူများက ယခုအခါ အာဏာ ဆုပ်ကိုင်ထားသူ များ ဖြစ်လာပြန်၍ အစ္စလမ် နိုင်ငံများ နှင့် ထိတ်တိုက်တွေ့မည့် အရေးကလည်း ရှိနေသည်။

နောက်ထပ် ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့များကို အပြီးအပြတ် ချေမှုန်းရန် ဆိုပြီး လက်နက်လူသူ အင်အား စုဆောင်းလာနေသဖြင့် နောက်ထပ် ပြင်မရသော အမှားကြီး ကို မိုက်မိုက်မဲမဲ ကျူးလွန်ရန် တာစူနေပြီ ဖြစ်သည်။

ထိုအခြေအနေတွင် ကုလ သမဂ္ဂ အဖို့ မလှုပ်မယှက် ရပ်ကြည့်နေရသော အနေအထားဖြင့် ဆက်၍ သည်းခံကာ လက်ပိုက်ကြည့်နေကြမည်တော့ မဟုတ်ပေ။

စစ်ကောင်စီ အဖို့ တဖက်က လက်နှင့်ရေး၊ တဖက်က ခြေနှင့်ဖျက် ဆိုသည့် ဟန်ချက်မညီ ပြုလုပ်နေမှုများကို နောက်ထပ် မီးမှောင်းထိုးပြလာနေသည်မှာ ရာပြည့်ဆိုသူ စစ်ဗိုလ်ချုပ်တဦးမှ တိုင်းရင်းသား နယ်မြေများကို ကွင်းဆင်း စည်းရုံးနေသည့် တချိန်တည်းမှာပင် စစ်ကောင်စီ ၏ မီဒီယာများ မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၆ ခု ဖြစ်သည့် ကေအင်ယူ၊ ကေအိုင်အေ၊ ချင်း စီအင်အက်ဖ်၊ တီအင်အယ်အေ၊ ကရင်နီ ကေအင်ပီပီ နှင့် ရှမ်း အာစီအက်စ်အက်စ် တို့အား လက်ရှိ တိုင်းပြည်ကသောင်းကနင်း ဖြစ်နေမှုကို အခွင့်ကောင်း ယူနေ သည်ဟု ဆိုလေသည်။

PDF များ၏ ဗုံးခွဲတိုက်ခိုက်မှုများ ကို နောက်ကွယ်မှ ထောက်ခံနေသည့် အကြမ်းဖက် အဖွဲ့အစည်း များ ဖြစ်လာကြောင်း စွပ်စွဲလာခဲ့ပြန်သည်။

စစ်ကောင်စီ ၏ ဝါဒဖြန့်ချီရေး ယန္တရားကြီးသည် ၎င်းတို့ အပေါ် ပြည်တွင်းပြည်ပမှ အုံနှင့် ကျင်းနှင့် ဆန့်ကျင် လာနေမှု များအပေါ် တန်ပြန်နိုင်ရန် တကျွီကျွီ နှင့် အတင်း ဆီထိုးကာ မောင်း နှင်နေရပြီး နိုင်ငံတော် အတိုင်ပင်ခံ အပေါ် စွဲဆိုထားသည့် အမှုများသည်လည်း ၎င်းတို့၏ လုပ်ကြံတရားခွင် အတွင်း မှာပင် ပြိုလဲလာနေပြီ ဖြစ်သည်။

၎င်းတို့ လုပ်ကြံ စွပ်စွဲထားမှုများသည် နိုင်ငံတော် အတိုင်ပင်ခံနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား သောင်ပြို ကမ်းပြို ထောက်ခံမှု ပေးနေကြသည့် ပြည်သူ ၈၅% ကို မည်သို့မျှ ယိမ်းယိုင်အောင် လုပ်နိုင်စွမ်း မရှိမှန်း သိနေ သော်လည်း တဖက်တွင် ၎င်းတို့ ကျူးလွန်နေသော အမှုများ အတွက် နိုင်ငံ ခေါင်းဆောင်များ အပေါ် တပ်တွင်း တွင် ဂရုဏာ သက်လာနိုင်သည့် အရေးကို ကြိုတင် ဟန့်တားရန် တရားခံများ အဖြစ် ပုံဖေါ်လာခဲ့ရခြင်းဖြစ်သည်။

Burma Campaign (UK) မှ မြန်မာစစ်တပ်ပိုင် ကုမ္ပဏီများ၏ ဖေ့စ်ဘုတ် စာမျက်နှာများကို ဖြုတ်ချပေးရန် လူပေါင်း ၅၂,၀၀၀ ခန့် လက်မှတ် ရေးထိုး တောင်းဆိုထားသည့် စာအား ဖေ့စ်ဘုတ်၏ ကမ္ဘာရေးရာ.. ဒုဥက္ကဌ ဖြစ်သူ နစ် ကလက် ထံ ပေးပို့လိုက်ပြီ ဖြစ်သည်။

အာဏာသိမ်း ခေါင်းဆောင်မှာ ရန်ကုန်လာပြီး ကြက်ဘဲများ လိုက်ကြည့်နေချိန်တွင် အနည်းဆုံး အကြိမ်ပေါင်း တဒါဇင်ခန့် ရှိသော ပေါက်ကွဲမှု များ နှင့် ဝိုင်းဝန်းကြိုဆိုခဲ့ကြ၍ အရှက်ရသွားခဲ့ပြန်သည်။ ၎င်း၏ လုံခြုံရေး တပ်များသည် သူရောက်နေသည့် တရက် နှစ်ရက်မျှသော ကာလ အတွင်းမှာပင် ငြိမ်ဝပ်ပိပြားအောင် ထိန်းချုပ် နိုင်ခဲ့ခြင်း မရှိသည့် အဖြစ်မှာလည်း ပေါ်လွင်ထင်ရှားနေရသည်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နှင့် ကယားပြည်နယ်များ တွင် ပြီးခဲ့သည့် သီတင်းပတ် အကုန်ပိုင်း အတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီ ဖက်မှ ၉၀ ခန့် ကျဆုံးသွားသည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

စစ်ကောင်စီသည် လက်ရှိတွင် ရိုဟင်ဂျာ နှင့် အာဏာသိမ်းခြင်း ဟူသော ဆူး နှစ်ချောင်း စူးဝင်နေသည့် ခြေအစုံဖြင့် လျှောက်လှမ်းနေရသူ များ ဖြစ်နေကြသည်။

တော်လှန်‌ရေးကြီး မုချအောင်ရမည်!!!

Hla Soewai