
သီတင်းကျွတ် ကာလမှာ မိဘဘိုးဘွား တွေကို ဘာကြောင့် ကန်ေ တာ့ကြရမှာလဲ လို့ မေးနေ သူများအတွက် …….. အရှင်ရေးသားမျှဝေထားတဲ့ ဆောင်းပါးလေး တပုဒ်ကို သာ အချိန်ပေး သေချာတွေး ဖတ်ကြည့်လိုက်ပါလို့… ညွှန်းဆိုပါရစေတော့…
ငရဲတံခါး ပိတ်ပါစို့ (ကလေးဘဝကတည်းက နားရည်ဝခဲ့တဲ့ စကားလေး)
ဗုဒ္ဓဘာသာ ဝင်တို့ရဲ့ အသိုင်းအဝိုင်းမှာ အမြဲ ကြားရတတ် တာ တစ်ခုက `ငရဲမှာ အပ၊ ဝဋ်မှာ အမြဲ´ တဲ့။ နားထဲမှာ စွဲနေခဲ့တဲ့ ဆိုရိုးလေးတစ်ခုပါ။ ငရဲမှ လွတ်ကင်းအောင် ရှောင်နိုင်သော် လည်း ဝဋ်ကြွေးမှ လွတ်ကင်းအောင် မရှောင်နိုင်ဘူးလို့ ဆိုလိုရင်းပဲ ဖြစ်ပါတယ်။
မကောင်းတာ မဟုတ်တာ လုပ်ရင် ငရဲကြီးမယ်၊ ဝဋ်လိုက်လိမ့်မယ်လို့ လူကြီး မိဘ ဆရာသမားတွေရဲ့ သွန်သင်ဆုံးမ စကားတွေကတော့ လူတိုင်းလူတိုင်းအတွက် ကလေးဘဝကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ စကားလေး ဖြစ်မယ်လို့ ထင်ပါတယ်။
ငရဲကြီးတယ်ဆိုတာ ဘယ်လိုပါလိမ့်?
အတွေး အခေါ် ဗဟုသုတ မကြွယ်ဝသေးသ ည့် ကလေးဘဝကို လွန်မြောက်လို့ အရွယ်လေးရော က်လာတော့ ငရဲဆိုတဲ့ စကားရဲ့ အနက်အဓိပ္ပာယ်ကို အနည်းငယ် သိနားလည်စ ပြုခဲ့ပါတယ်။
ဗုဒ္ဓစာပေများ သင်ယူရတဲ့အခါမှာတော့ ချမ်းသာကင်း၍ အမြဲ ဆင်းရဲဒုက္ခ ခံစားနေရသော ဘုံဌာနကို ငရဲဘုံလို့ ခေါ်ပြီး အဲဒီလို ဘုံဘဝမှာ အမြဲဆင်းရခြင်းနှင့် ဒုက္ခအတိပြည့်နေ ခံစားနေရသူကို ငရဲသားလို့ ခေါ်တယ်ဆိုတာ နားလည် သိရှိ သဘောပေါက်ခဲ့ပါတယ်။
ငရဲပြည်မှာ ငရဲခံရတယ်၊ ငရဲကြီးတယ်ဆိုတာကို ဘယ်လိုဟု နားမလည်ခဲ့ပေမယ့် ဖြတ်သန်းခဲ့ရတဲ့ ဘဝလမ်းတလျှောက်က ကိုယ့်ပတ်ဝန်းကျင် လူနေမှုရှုခင်းကို လေ့လာ ခံစားကြည့်ပြီးတော့ အနည်းငယ် သဘောပေါက်သလိုပါပဲ။
အသက်ရှင်လျက် ငရဲကျသူ
စာရေးသူရဲ့ ရွာဦးဘုန်းတော်ကြီးကျောင်း ပတ်ဝန်းကျင်မှာ လူနေအိမ်များလည်း ကပ်လို့ တည်နေကြပါတယ်။ နေဝင်မိုးချုပ်ပြီဆိုရင် ဆဲသံ ဆိုသံတွေနဲ့အတူ ရိုက်နှက်သံ ငိုကြွေးသံတွေဟာ မကြားချင်အဆုံးပါပဲ။
စားဝတ်နေရေး မပြေလည်လို့ကတမျိုး၊ လင်မယားချင်း ရန်ဖြစ် ရိုက်နှက်ကြလို့ တသွယ်၊ မွေးထားတဲ့ ကလေးငယ်တွေက ထမင်းဆာလို့က တမျိုးနဲ့ တော်တော်ဆိုးခဲ့ပါတယ်။ ခုအခါ ပြန်တွေးမိတော့မှ သူတို့ဟာလည်း အသက်ရှင်လျက်နဲ့ ငရဲခံနေရသလို ဖြစ်နေကြောင်း သဘောပေါက်ခဲ့တယ်။
အိန္ဒိယနိုင်ငံရဲ့ မြို့တော်ကြီးတွေ အသီးသီးကို လေ့လာရေး ရောက်ခဲ့တုန်းက လမ်းဘေးမှာ နေထိုင်သူ အများစုကို တွေ့ခဲ့ရဖူးပါတယ်။ တစ်နေရာတည်းမှာပဲ ကလေးလူကြီး စုစည်းနေပြီး ဆင်းဆင်းရဲရဲ နေကြရ ထိုင်ကြရပါတယ်။
အဲဒီလို လမ်းဘေးနေ လူတန်းစားကို တွေ့မြင်ရတဲ့အခါမှာလည်း နောက်ဘဝခံရမယ့် ငရဲထက် လူ့ပြည်မှာ အသက်ရှင်လျက်နဲ့ ငတ်ပြတ်ဆင်းရဲ နေရခြင်းကိုလည်း ငရဲလို့ ပြောနိုင်မလားဆိုတာ တွေးမိခဲ့ပြန်ပါတယ်။
မလေးရှားနေစဉ် ကာလတုန်းကလည်း ရာဝမ်းအရပ်ဘက်ရှိ မြန်မာနိုင်ငံသား ဆေးရုံဆင်း လူနာတွေကို လက်ခံ ပြုစု စောင့်ရှောက်ထားရာ ပြန်လည်ထူထောင်ရေးစခန်း တစ်ခုကို သွားရောက် လှူဒါန်းခဲ့ဖူးပါတယ်။
အဲဒီနေရာမှာ ရောဂါအမျိုးမျိုးနဲ့ ခွဲစိတ်ကုသ ခံယူထားသူတွေ၊ အဖြစ်အပျက်မျိုးစုံနဲ့ ခြေပြတ်လက်ပြတ်တွေဖြစ်ပြီး ခိုကိုးရာမဲ့ ဖြစ်နေကြသူတွေ များစွာကို တွေ့ခဲ့ရပါတယ်။ ကလေးမလေးတစ်ယောက်ဆို မစင်သွားဖို့နေရာ မပါခဲ့လို့ ဗိုက်ကနေ ခွဲပြီး ပိုက်ထုတ်တားရတာကိုလည်း တွေ့သိခဲ့ရဖူးပါတယ်။
ဒါတွေအပြင် မိမိတို့ ပတ်ဝန်းကျင်မှာ အဆင်မပြေမှုတွေ များစွာကြောင့် သောကတွေ ပူနေရ၊ ပရိဒေဝမီးတွေ တောက်လောင်နေကြရတာတွေ၊ ကိုယ်အင်္ဂါချို့တဲ့ပြီး လူစင်မမီသူတွေ၊ စားရမဲ့ သောက်ရမဲ့ ခိုကိုးရာမဲ့ ဆင်းရဲသားတွေ အမြောက်အများကိုလည်း တွေ့မြင် ကြားသိနေရတဲ့အခါ ဒါသည်ပင်လျှင် အသက်ရှင်လျက် ငရဲကျနေသူများလို့ ခံစား နားလည်လိုက်မိပါတယ်။
ကိုယ်ပြုသည့် ကံ၊ ကိုယ်သာ ခံ
ဆင်းရဲနွမ်းပါးသော တဲအိမ်အတွင်းမှ အဘိုးအိုသည် မိမိကိုယ်ကို မိမိ အပြစ်တင်ခြင်းမှတပါး အခြားလုပ်ဆောင်ဖွယ်ရာ မရှိတော့သလို ဖြစ်ပါလိမ့်မယ်။ အိန္ဒိယစကားပုံတစ်ခုမှာ ဖတ်ဖူးတာကတော့ ညဘက်မှာ အိပ်မက်ကောင်းကောင်း မက်အောင် နေ့ခင်းဘက်မှာ အလုပ်များများ လုပ်ဆောင်ပါတဲ့။
မြန်မာစကားပုံမှာတော့ နေပူတုန်း ကောက်ရိုးလှန်း၊ မိုးရွာတုန်း ရေခံ၊ လသာတုန်း ဗိုင်းငင် စသည်ဖြင့် ရှေးလူကြီးတွေ ဆိုရိုးစကား ထားခဲ့တာကို ဖတ်ရှုရဖူးပါတယ်။ အသက်ကြီးသောအခါ ကြွယ်ဝချမ်းသာ သောကကင်းဖို့ဆိုရင် ငယ်စဉ်ကတည်းက ကြိုးစား အလုပ်လုပ်ဖို့ လိုတယ်ဆိုတာကို ပညာပေးချင်တာလို့ နားလည်ခဲ့မိပါတယ်။
လူမိုက်နဲ့ ပညာရှိ၊ လူချမ်းသာနဲ့ လူဆင်းရဲတို့ရဲ့ ဘဝလမ်းခွဲဟာ ကျောင်းဝင်းထဲမှာ ရှိပါတယ်။ ကျောင်းနေပျော်၍ စာတော်အောင် ကြိုးစားခဲ့သူများအနေဖြင့် ပညာတတ်မယ်၊ ရာထူးဂုဏ်ရှိန် စည်းစိမ်ကြီးလို့ ကောင်းသည်ထက် ကောင်းအောင် လှူနိုင်တန်းနိုင် အများအကျိုးဆောင်နိုင်ကာ ဘဝအဆင့် မြင့်သည်ထက် မြင့်ကြပါမယ်။
တဘက်မှာ ငယ်စဉ်က ပျင်းအားကြီး စာမကြိုးစားဘဲ အဖော်မက် အပျော်အပျက်ဘက်တွက် အချိန်ကုန်များခဲ့သူတွေကတော့ ပညာမဲ့ဖြစ်မယ် ဆင်းရဲမယ်၊ လူတောမတိုး လူရာမဝင်တာမျိုး ဘဝအဆင့် နိမ့်ကျနေပါမယ်။
တချို့ကျတော့လည်း ငယ်ငယ်ကတော့ လိမ်မာ ရိုးသား ကြိုးစားခဲ့ကြပါရဲ့၊ အရွယ်လေးရောက်လာတော့မှ အဖော်မကောင်း မကောင်းသူတွေရဲ့ အမူအကျင့်ကို အဟုတ်ကြီးထင်ပြီး အတုယူလွဲမှားကြလို့ ပျက်စီးသွားကြရတာလည်း ရှိပါတယ်။
ဆိုလိုတာကတော့ ဒီလို ဆင်းရဲကြမ်းတမ်းတဲ့ လောကဓံတွေနဲ့ ဆုံဆည်းပြီး၊ ပူပင် သောက ဗျာပါဒတွေနဲ့ အသက်ရှင်လျက် ငရဲခံနေကြရသဖွယ် ဖြစ်နေရတာ အရင်းစစ်တော့ ကိုယ်ပြုတဲ့ ကံ၊ ကိုယ်ပြန်ခံရတာလို့ပဲ ဆိုချင်ပါတယ်။
ငရဲနဲ့ ခြောက်၊ မကြောက်ကြဘူး
အမြဲတမ်း ဆင်းရဲဒုက္ခနဲ့သာ ခံစားနေရတဲ့ ငရဲပြည်ဆိုတာ ခဏတဖြုတ် အလည်တောင်မှ မသွားသင့်တဲ့ နေရာတစ်ခုပါ။ အကုသိုလ်အမှုနဲ့ ချမ်းသာနေသူ အောင်မြင်နေသူ တချို့ကျတော့လည်း ငရဲဆို ချိုနဲ့လား၊ မကြောက်မဖြုံ မယုံကြပြန်ဘူး။
နောက်ဘဝ ခံရမယ့် ငရဲဆိုတာ မယုံကြည် မကြောက်ဆိုတာ ထားလိုက်ပါဦး၊ ဒီဘဝမှာတင် အဆင်မပြေမှုတွေ ဗလဗွေနဲ့ ဒုက္ခတွေရောက်ကြရ၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဖြစ်ကြရတဲ့ အပူတွေ ပူပြင်းလှတယ်ဆိုတာကတော့ သိသာပါတယ်။
အပြင်က ရာသီဥတု ဘယ်လောက်ပူပူ၊ အတွင်းက ကိလေသာအပူကိုတော့ မမီပါဘူး။ လောဘဇောတက်ပြီး ပူရတာရှိသလို၊ ဒေါသတွေထွက်လို့ ပူရတာလည်း ရှိပါတယ်။ သားရှိသောသူ သားကြောင့်ပူရသလို၊ ကားရှိသောသူ ကားကြောင့် ပူကြရတာပါပဲ။ ငရဲအပူ ဘယ်လောက်ပူသလဲ မသိပေမယ့် လောကရဲ့ သောကအပူ ဘယ်လောက်ပူတယ်ဆိုတာ ကိုယ်တွေ့သိသူ များပါတယ်။
ငရဲ ဘာကြောင့်လားရတယ်
ဒီတော့ ငရဲ ဘာကြောင့် လားရသလဲ? ဆိုတာ မေးစရာ တွေးစရာ စဉ်းစားစရာ ဖြစ်ပါတယ်။ အတိုချုံးပြီး ဖြေရရင်တော့ ငရဲရောက်ကြောင်း မကောင်းမှု အကုသိုလ် ဒုစရိုက်တွေကို ပြုမိမှားလို့ ဖြစ်တယ် … ပြောရပါမယ်။
အပါးလယ်လို့ အပါယ်လားတယ်
တချို့သူတွေဟာ စီးပွားရေး လူမှုရေး ဘာသာရေး စသည်ဖြင့် အများနှင့် စုပေါင်းဆောင်ရွက်ကြရတဲ့ အမှုကိစ္စတွေမှာ အပါးခိုနေလေ့ ရှိကြပါတယ်။ ကောင်းမှုကုသိုလ်ပြုရာမှာလည်း ဒီနည်းတူပါပဲ။
ကောင်းတာ ကြံဖို့ ပြောဖို့ လုပ်ဖို့ဆိုရင် ဝန်လေးနေပြီး၊ သောက်စား ကစား အပျော်အပါးဆိုရင်တော့ ထိပ်ဆုံးက ကျွန်တော် ဖြစ်နေတတ်ကြတယ်။ ဒီလို ကုသိုလ်အပါး မဝဘဲ အကုသိုလ်အပါးဝသူတွေဟာ အပါးလယ်သူတွေဖြစ်လို့ အပါယ်လား ငရဲသွားကြရပါတယ်။
အမျိုးအမည်ကွဲပြား ငရဲများ
ငရဲဆိုတဲ့ စကားလုံးဟာ `င´နဲ့ `ရဲ´ စကားလုံးလေးနှစ်လုံးသာ ပေါင်းထားတဲ့ စကားလုံးလေးမျှပဲ။ ငရဲဘုံသို့ ကျစေနိုင်တဲ့ မကောင်းမှု အကုသိုလ် ဒုစရိုက်တွေ ကွဲပြား ခြားနား များပြားသလို လားရောက်ကြရတဲ့ ငရဲ အမျိုးအမည် အမျိုးအစားတွေလည်း များစွာ ကွဲပြားပါတယ်။
လူ့လောက တရားရုံးတွေမှာ ကျင့်သုံးတဲ့ ပြစ်မှုအမျိုးမျိုးအတွက် ပြစ်မှုဆိုင်ရာ ဥပဒေအမျိုးမျိုးနဲ့ ဆုံးဖြတ် ပြစ်ဒက် အမျိုးမျိုး ကျခံရသလိုပါပဲ။ ပြစ်မှုကြီးလွန်းရင် သေဒဏ်ပေးကြသလို အကုသိုလ်အပြစ် ဒုစရိုက်အင်အား ကြီးမားလွန်းရင် အဝီစိဆိုတဲ့ ငရဲမှာ အချိန်ကြာမြင့်စွာ ဒုက္ခခံစားကြရမှာ ဖြစ်ပါတယ်။
မဟုတ်တာ အလုပ်များသူတို့ အဟုတ်သွားရမည့် ငရဲဘုံဆိုတာ အကြီးနဲ့အငယ် နှစ်သွယ် ကွဲပြားပါတယ်။ ငရဲကြီး ရှစ်ထပ် ရှိပြီး၊ ငရဲကြီးတစ်ထပ်စီရဲ့ အရပ်လေးမျက်နှာမှာ ငရဲငယ် လေးထပ်စီ ခြံရံထားပါတယ်။ ဒုစရိုက်သမားတို့ ခံစားကြရမယ့် ငရဲဘုံအပြား တစ်ရာကျော်ပါတယ်။
ငရဲတံခါး ဖွင့်နေသူများ
ငရဲရောက်နိုင်သည့် အကုသိုလ်ကံအကြောင်းတွေကို လေ့လာကြည့်တဲ့အခါ အများစုဟာ သူ့အသက်သတ်ခြင်း စတဲ့ ငါးပါးသီလ ကိုယ်ကျင့်တရား ကျူးလွန် ဖောက်ဖျက် ချို့ယွင်းကြလို့ ဖြစ်ပါတယ်။ ဒါ့အပြင် မပြစ်မှားသင့်သော အနန္တော အနန္တငါးပါးကို ပြစ်မှား စော်ကားခြင်း၊ ခင်ပွန်းကြီးဆယ်ပါးအပေါ် ပြစ်မှားခြင်း စတဲ့ အကုသိုလ်ကံတွေကြောင့်ဆိုတာလည်း တွေ့ရပါတယ်။
ဒါတင်မက သိင်္ဂါလောဝါဒသုတ်မှာ ဗုဒ္ဓမြတ်စွာ မိန့်မှာခဲ့တဲ့ ကျင့်ဝတ်အထွေထွေကို မကျေပွန်ရင်လည်း ငရဲလားနိုင်တာပါပဲ။ ဥပမာအားဖြင့် တာပနငရဲဆိုတာဟာ အဂတိတရား လိုက်စားသူ၊ လင်ယောကျ်ားကို မထီမဲ့မြင် အရေးမထား
မလေးမစားလုပ် အနိုင်ကျင့်သူ၊ ဝတ္တရားမကျေပွန်သူတွေ လားရောက်တတ်တဲ့ ငရဲတစ်ခုဖြစ်ပါတယ်။ဒီလိုဆိုတော့ ငါးပါးသီလ မလုံခြုံသူတွေ၊ လင့်ဝတ္တရား မယားဝတ္တရား၊ သားသမီးဝတ္တရား မကျေပွန်သူတွေ စတဲ့သူတွေကို ငရဲတံခါး ဖွင့်နေသူများလို့ ဆိုချင်ပါတယ်။
ငရဲတံခါး ပိတ်စို့လား
ငရဲဆိုတာ ချမ်းသာကင်းပြီး အမြဲ ဆင်းရဲ ပူလောင်စွာ ခံစားနေရတဲ့ နေရာ၊ ဘုံလို့ အကျဉ်းအားဖြင့် နားလည်ခဲ့ပါပြီ။ ငရဲသွားဖို့လည်း ဘယ်သူမှ လိုလားမှာ မဟုတ်ပါဘူး။ ငရဲမရောက်ချင်ရင် ငရဲရောက်စေမယ့် မကောင်းမှု အကုသိုလ် ဒုစရိုက်တွေကို မလုပ်မှ ဖြစ်မယ်။ ရှောင်ရမယ့် ဝါရိတ္တသီလတွေကို စောင့်ထိန်းရသလို၊ ဆောင်အပ်တဲ့ စာရိတ္တသီလတွေဖြစ်တဲ့ ကိုယ်ကျင့်တရားတွေကိုလည်း မြှင့်တင် ကျင့်သုံးရပါမယ်။
ကောင်းတာကိုသာ ကြံ၊ ကောင်းတာတွေသာ ပြော၊ ကောင်းမှုတွေသာ လုပ်ကြရပါမယ်။ ဒါမှသာ `ငရဲမှာ အပ´၊ ငရဲမင်းက ကိုယ့်ကို အပပြု ဖယ်ကြဉ်၊ ငရဲက ကင်းဝေးလို့ ငရဲတံခါး ပိတ်ပြီးသား ဖြစ်နေပါလိမ့်မယ်။
မိဘဘိုးဘွား ကန်တော့ကြပါစို့
ပူပင်သောက ဗျာပါဒတွေ ကင်းပြီး စိတ်အေးချမ်းသာ ကိုယ်ကျန်းမာ လိုရာဆန္ဒတွေ ပြည့်စုံရအောင်၊ ငရဲလားနိုင်ကြောင်း မကောင်းမှုတွေ ရှိခဲ့ရင်တောင် ပြေလျော့ရအောင်၊ ကုသိုလ်တွေ တိုးပွားပြီး မကောင်းဘေးများ ရှောင်ရှားသွားရအောင် အနန္တော အနန္တငါးပါး၊
ခင်ပွန်းကြီးဆယ်ပါးတို့ကို ဒီလို ဝါကျွတ်ချိန်ခါမှာ ကန်တော့ကြဖို့ တိုက်တွန်းချင်ပါတယ်။သက်ရွယ်ကြီးမား မိဘဘိုးဘွား ဆရာသမားတွေကို ကန်တော့ခြင်းဟာ မိမိအတွက် ကုသိုလ်တွေ တိုးသလို ဘေးဆိုးတွေမှလည်း ကင်းဝေးစေပါတယ်။ အပါယ်ဘေးကိုတောင် အထိုက်အလျောက် တားဆီးပေးနိုင်ပါတယ်။
ဓမ္မမိတ်ဆွေများ အားလုံး ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ၊ စိုးရိမ်ပူဆွေး ငိုကြွေးခြင်းဘေးတွေကလည်း လွန်မြောက်နိုင်ကြပါစေကြောင်း ဝါကျွတ်ဆုမွန်ပြုရင်း ငရဲတံခါး ပိတ်ကြစို့လို့ ဆန္ဒပြု တိုက်တွန်းလိုက်ပါတယ်။
အရှင်နန္ဒဝံသ (ရမည်းသင်း) ဇေယျသုခ ဓမ္မရိပ်သာ အမာရီလိုမြို့၊ တက္ကဆပ်ပြည်နယ်