
အင်္ဂါနေ့ မနက်တွင် နေပြည်တော်သို့ လာရောက်ရန် ရှိနေသော အာဆီယံ အထူး သံတမန် အာဝင် ယူဆွတ်သည် အာဏာသိမ်း အဖွဲ့ မှ သူနှင့် တွေ့ဆုံရန် စီစဉ်ပေးထားသော လူမလေး ခွေးမခန့် ပါတီ ရှစ် ပါတီ၏ ကိုယ်စားလှယ် များ နှင့် တွေ့ဆုံလည်း အကြောင်းမထူး ဟု ဆိုကာ ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။ ထိုအထဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါရှိခဲ့ခြင်း မရှိဟု ဆိုသည်။
ဆွေးနွေးပွဲပျက်ရခြင်းအကြောင်းကို မသိရသေးပေမဲ့ အထူးသံတမန်မြန်မာနိုင်ငံသို့လာမယ့်အစီအစဉ် ကို လေယာဉ်ပေါ်တက်ခါနီးနောက်ဆုံမိနစ်ကျမှ ဖျက်လိုက်ကြောင်း အာဆီယံ သံတမန် အသိုင်းအဝိုင်းကနေ သိရတယ်လို့ ဧရာဝတီသတင်းဌာနကဖော်ပြပါတယ်။
ယူဆွတ်သည် လာမည့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ အတွက် အစီရင်ခံစာ တင်သွင်းဖို့ ရှိနေရာ တိုးတက်မှု တစုံတရာ ထုတ်ပြနိုင်ခြင်း မရှိ၍ တခုခု လုပ်ရန် စိတ်စောလျှက် ရှိပုံရသည်။ နောက်ဆုံးတွင် ထိုရှစ်ပါတီ နှင့် ပင် တွေ့ဆုံကောင်း တွေ့ဆုံသွားနိုင်ဖွယ် ရှိနေသည်။
‘စစ်အုပ်စုကသူတို့ထုံးစံအတိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ပေးမှာလိုလို၊မပေးဘူးလိုလိုနဲ့ ယူဆွတ်ကိုမျှားပြီး အမြတ်ထုတ်ဖို့ကြံတယ်ထင်ပါတယ်။ ‘လို့ နိုင်ငံရေးဆောင်းပါးရှင်ကဆိုပါတယ်။
အာဆီယံအထူးသံတမန် တွေ့ခွင့်ရမယ့် နိုင်ငံရေးပါတီတချို့ဆိုတာလည်း စစ်အုပ်စုအလိုကျ ပါတီတွေ သာဖြစ်ပြီး အထူးသံ တွေ့ချင်တဲ့ ဒေါ်အောင်ဆန်းစုကြည်မပြောနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်တွေကိုပင် တွေ့ခွင့်ပြုဟန်မတူဘူးလို့ သူကဆက်ပြောပါတယ်။
အထူးသံတမန်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရမယ့် နိုင်ငံရေးပါတီ ၈ ပါတီ ထဲမှာ ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)နဲ့ သူရဦးရွှေမန်း ဦးဆောင် တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့ပါဝင်တယ်လို့သိရပါတယ်။
‘အာဆီယံအထူးသံနဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိရင် အာဆီယံထိပ်သီးအစည်းအဝေးကို မင်းအောင်လှိုင် ကို ဖိတ်ဖို့ခက်မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကပြောထားပြီးသား။အခုယူဆွတ် မလာတာသေ ချာရင် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပေးလို့ပဲ’လို့ သူကပြောပါတယ်။
အာဆီယံ ၏ ၅၄ နှစ်ကြာ သမိုင်းတွင် ယခုတကြိမ်လောက် အဖွဲ့ဝင်များအကြား ခါးခါးသီးသီး ဆွေးနွေးခဲ့ရ ခြင်းမျိုး မရှိခဲ့ဟု ဘန်ကောက်ပို့စ် သတင်းစာတွင် ဆောင်းပါးရှင် ကာဗီ ချောင်ကစ်တဗွန်း မှ သူ၏ Dual Task: Save Asean, save Myanmar ဆောင်းပါးကို အစချီထားခဲ့သည်။
အာဆီယံ နိုင်ငံများထဲတွင် ဩဇာ အရှိဆုံးဟု ယူဆခြင်း ခံထားရသည့် အင်ဒိုနီရှားသည် မြန်မာ၏ ဆက်လက် ခေါင်းမာနေမှု ကို လက်ခံနိုင်ဖွယ် မရှိတော့ဟု ဆိုကာ အဖွဲ့ကြီး အတွင်းမှ မောင်းထုတ်ပြစ်မည် အထိ ခြိမ်းခြောက်လာခဲ့သည်။
တဖက်တွင်လည်း မကြာသေးမီကမှ အစိုးရသစ် ဖွဲ့စည်းလာသည့် မလေးရှားသည် လာမည့် အာဆီယံ နှင့် ဆိုင်သော ထိပ်သီး ဆွေးနွေးပွဲများတွင် မြန်မာ၏ ပူးပေါင်း ဆောင်ရွက်လိုသော စိတ်ဓါတ် ကင်းမဲ့မှု ကြောင့် မြန်မာကို ဖိတ်ကြားခြင်း မပြုရန် အာဆီယံ ဥက္ကဌ အား ပြောဆိုလာသည်။
မလေးရှား နိုင်ငံခြားရေး ဝန်ကြီးသည် မြန်မာစစ်တပ်အနေနှင့် မည်သို့မျှ လိုက်လျော မှု မရှိကြောင်း ကမ္ဘာသိ ပြောဆိုခဲ့သော်လည်း လက်ရှိ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေမှုမှ ထွက်ပေါက် ရနိုင်သည့် နည်းလမ်း တစုံ တရာကိုတော့ ပြောဆိုနိုင်ခဲ့ကြခြင်း မရှိပေ။
အာဝင် ယူဆွတ်၏ အပြောဖြစ်သည့် “နက်နက်ရှိုင်းရှိုင်း ဆွေးနွေးခဲ့မှု” ဆိုသည်ကလည်း အာဆီယံ၏ နောက်ခြေ လှမ်း နှင့် ပတ်သက်၍ တစုံတရာ သဘောတူညီမှု မရဘဲ ပြီးဆုံးသွားခဲ့သည်။
အာဆီယံ အထူးသံ အဖြစ် မခန့်အပ် ခံရသေးခင် နေပြည်တော်ကို လာခဲ့ဖူးသူ အီရာဝန်ယူဆွဖ်
အာဝင် ယူဆွတ်သည် အာဆီယံ အထူး သံတမန် တာဝန် ယူပြီးချိန်ကစပြီး ပြီးခဲ့သည့် လ ထဲတွင် မြန်မာပြည်သို့ လာရန် ပြင်ဆင်နေခဲ့သည်။ သို့သော် သူ၏ စည်းကမ်းချက်များကို နေပြည်တော်က လက်မခံ၍ ပြဿနာ ဖြစ်လာရသည်။
သူက အဖမ်းဆီးခံထားရသော NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံနိုင်ရန် အပြင် နိုင်ငံ အ တွင်း စိတ်ကြိုက် သွားလာခွင့် ရရန် တောင်းဆိုခဲ့သည်။ ပြီးခဲ့သော အပတ်ထဲတွင်ပင် သူ၏ တောင်းဆိုချက်ကို စစ်ကောင်စီက ပယ်ချခဲ့သည်။
နောက်နှစ်ပတ်အချိန်တွင် လေးရက်ကြာ ကျင်းပမည့် အာဆီယံ ဆက်စပ် ထိပ်သီး ဆွေးနွေးပွဲ များ၌ အထူး သံတမန်၏ လုပ်ငန်းစဉ်များ တိုးတက်မှု နှင့် နိုင်ငံရေးအရ အပြန်အလှန် အငြင်းအခုံ ဖြစ်စေမှု များကို ရှောင်ရှား စေနိုင်မည့် စစ်ကောင်စီ၏ တုန့်ပြန်လာမှုများကို ဆွေးနွေးဖို့ ရှိနေသည်။
သို့သော် အချက် ငါးချက်ပါ သဘောတူညီချက်အား သက်ဆိုင်သူများ လက်ခံနိုင်လောက်သည့် အနေအထားဖြင့် တဆင့်ချင်း အကောင်အထည် ဖေါ်သွားနိုင်ရန် စစ်ကောင်စီ ဖက်မှ တံခါးပင် ဟဟ ဖွင့်ပေးမလာခဲ့ပေ။
လက်ရှိ တွင် အဆိုပါ သဘောတူညီချက် အကောင်အထည် ဖေါ်ရေးအပါ် နှေးကွေးနေရသည့် အဓိက အကြောင်းသည် အာဏာသိမ်း အဖွဲ့နှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ အကြား တိုက်ပွဲများ ကြိုကြား ကြိုကြား ဖြစ်ပေါ် လာနေသောကြောင့် ဖြစ်သည်။
ထိုအချိန်တွင် နိုင်ငံ၏ အရှေ့မြောက် နှင့် မြောက်ဖက်ပိုင်းများတွင် လူပေါင်း နှစ်သိန်းခန့်သည် အစားအသောက်၊ နေရာထိုင်ခင်း နှင့် ဆေးဝါးများ အရေးတကြီး လိုအပ်နေပြီ ဖြစ်သည်။
အာဆီယံ မိသားစုအတွင်း သတ်သတ်မှတ်မှတ် စည်းမျဉ်းဟူ၍ မရှိသော်လည်း မဖြစ်မနေ လုပ်ရတော့မည် ဆိုလျှင် အာဆီယံ ဥက္ကဌ အနေဖြင့် မြန်မာ ခေါင်းဆောင်အစား ကိုယ်စားလှယ် တဦးဦးကို ဖိတ်ကြားကောင်း ဖိတ်ကြားလာနိုင်သည်။
ထိုပုဂ္ဂိုလ်သည် မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန ရှိ အာဆီယံ ဌာန၏ အထက်တန်း အရာရှိ တဦး ဖြစ်ကောင်း ဖြစ်နိုင်သည်။
နောက်ထပ် ထွက်ပေါက်တခု အဖြစ် မြန်မာဖက်က အလိုက်တသိနှင့် ခေါင်းဆောင် ကိုယ်တိုင် မတက်ရောက်ဘဲ ခေါင်းဆောင်ပိုင်းမှ အခြား တဦးဦး ကို စေလွှတ်ခြင်းမျိုးပင် ဖြစ်သည်။ အာဆီယံ အဖို့လည်း ပြဿနာကို ဆွေးနွေးရန် နောက်တကြိမ် အထက်တန်း အဆင့် အစည်းအဝေးမျိုး ခေါ်စရာ မလိုတော့၍ အဆင်ပြေသည်။
၂၀၀၆ ခုနှစ် အတွင်း သိန်းစိန် အဖွဲ့သည် အာဆီယံ ဥက္ကဌ ရာထူး ယူရန် အလှည့်ကျ လာခဲ့သော်လည်း နိုင်ငံ အတွင်း မရေရာ မသေချာမှုများ နှင့်အတူ ၎င်းတို့ အရာရှိများကို လည်း ပြင်ဆင်ရန် အချိန်မရ၍ ဆိုကာ အလိုက်တသိနှင့် ရွှေ့ဆိုင်းပေးရန် တောင်းဆိုလာခဲ့ရသည်။ ယခုအခါ မြန်မာသည် ထိုအနေအထားမျိုး နှင့် ကြုံနေရပြီ ဖြစ်သည်။
အာဆီယံသည် နောက်ထပ် ထိပ်သီး ချင်း တွေ့ဆုံဆွေးနွေးစရာ အကြိမ်ပေါင်း တဒါဇင်ခန့် ရှိနေပြီး အချို့သော ခေါင်းဆောင်များက မင်းအောင်လှိုင် တက်မည်ဆိုလျှင် ပါဝင်ရန် မလိုလားကြပေ။ သူ့ထက် ရာထူး ငယ်သူ ဆိုလျှင် အောင့်အီးပြီး တက်ရောက်ကောင်း တက်ရောက်မည် ဖြစ်သည်။
ယခုအခါ တဖြေးဖြေး နှင့် မတည်ငြိမ်သော အခြေအနေများ တိုး၍ ဖြစ်ပေါ်လာနေသဖြင့် အဖွဲ့ဝင် နိုင်ငံများက အချိန်ကပ်ပြီးမှ ပေါ်ပေါက်လာနိုင်ဖွယ် ရှိသည့် အပြောင်းအလဲများကို အနီးကပ် စောင့်ကြည့်နေကြသည်။
အာဆီယံ အတွင်းရေးမှူးချုပ် လင်ဂျော့ဟွိုင်၏ အပြောအရ မြန်မာအား လူသားချင်း စာနာ ထောက်ထားသည့် အကူအညီများ ပေးရန် ရံပုံငွေ ဒေါ်လာ ၁၀ သန်း ခန့် ရရှိထားပြီး ဖြစ်သည်ဟု သိရသည်။ ထိုင်းနိုင်ငံမှ ကမကထ လုပ်ပြီး ဇူလိုင်လ အတွင်း က နိုင်ငံတကာ ဖိုရမ်တခု ကျင်းပပြီး အလှူငွေ ကောက်ခံ ခဲ့ခြင်း ဖြစ်သည်။
သို့သော် အာဆီယံ အထူး သံတမန် လာရောက်နိုင်မှသာ ထိထိရောက်ရောက် အကူအညီ ပေးနိုင်မည် ဖြစ်သည်။
အကယ်၍ အာဆီယံသည် မြန်မာအား လုံးလုံးလျားလျား ဖယ်ကျဉ်ထားမည် ဆိုလျှင် ရေရှည်တွင် မြန်မာ အနေနှင့် ပြင်ပ အင်အားစုများ အတွက် အဖြည့်ခံနိုင်ငံ ဘဝမျိုး ရောက်ရှိသွားနိုင်ပေသည်။
ထိုအခါ ငြိမ်းချမ်းရေး၊ ဒေသတွင်း တည်ငြိမ်မှု ရှိရေး၊ အပါအဝင် အာဆီယံ၏ ဆက်စပ်နိုင်မှု သည်လည်း ချုပ်ငြိမ်းသွားပေတော့မည်။
မြန်မာ အကြပ်အတည်းသည် ၁၃ နှစ်ကြာ ကမ္ဘောဒီယား ပဋိပက္ခကဲ့သို့ပင် အဖွဲ့ကြီးအား အပြုသဘောဖက်မှ ခိုင်မာ တောင့်တင်းအောင် ဖန်တီးပေးလာနိုင်သည်။ ယခုအခါ အဖွဲ့ဝင် နိုင်ငံများသည် ယခင်ကကဲ့သို့ သိုသိပ် မနေတော့ဘဲ မိမိတို့ အမြင်များကို ပွင့်ပွင့်လင်းလင်း ထုတ်ဖေါ်ပြောဆိုလာကြပြီ ဖြစ်သည်။
မည်သို့ပင် ဖြစ်စေ နောက်ဆုံးတွင် ဆုံးဖြတ်ချက်များ ချမှတ်ကြရပေတော့မည်။ ထိုအခါ မှန်မှန်ကန်ကန်နှင့် အာဆီယံ ကျင့်စဉ် သည်သာ လွှမ်းမိုးဖို့ ရှိနေပေသည်။
နောက်ဆုံးရရှိသော သတင်းများအရ British American Tobacco (BAT) သည် နိုင်ငံတွင်း ရှိ မိမိတို့၏ လုပ်ငန်းများကို ယခုနှစ် အကုန်တွင် အပြီး ရပ်ဆိုင်းတော့မည် ဟု ကြေညာချက် ထုတ်ပြန် လာခဲ့သည်။ လုပ်ငန်းများသည် ရေရှည်တွင် အကျိုးအမြတ် မရှိနိုင်တော့ဟု သုံးသပ်ပြီး ယခုလို ဆုံးဖြတ်ခဲ့ရကြောင်း ဆိုသည်။
ကလေးမြို့ ရှိ အဆင့်မြင့် စစ်ဖက်အရာရှိများ၏ မိသားစုများကို လေယာဥ်ဖြင့် ရွှေ့ပြောင်းပေးလိုက်ပြီဖြစ်သဖြင့် တိုက်ပွဲများ ပြင်းထန်လာဖွယ် ရှိနေသည့် လက္ခဏာ ဖြစ်နေပေသည်။
ကလေးမြို့သည် စစ်ကောင်စီ အား အပြင်းအထန် တိုက်ပွဲဝင်နေကြသည့် စစ်ကိုင်း တိုင်း နှင့် မကွေးတိုင်း တို့ ထိစပ်ရာ နေရာတွင် ရှိနေသည်။
အဆိုပါ ဒေသတွင်း ရှိ PDF တပ်ဖွဲ့များသည် ပုခုံးထမ်း ရောကက် လောင်ချာ များ စတင် အသုံးပြုလာနေပြီ ဖြစ်၍ ၎င်းတို့ အတွက် စိုးရိမ်ဖွယ်ရာ အနေအထား ရောက်ရှိလာနေရလေသည်။
အင်္ဂါနေ့ က အာဏာသိမ်း အဖွဲ့၏ တရားရုံးတွင် အမှု ရင်ဆိုင်နေရသော သမ္မတကြီး ဦးဝင်းမြင့် မှ ဖေဖေါ်ဝါရီ ၁ ရက် နေ့ နံနက် စောစောပိုင်း တွင် အိမ်တော်သို့ စစ်ဖက်အရာရှိကြီး နှစ်ဦး ရောက်ရှိလာကာ မိမိအား ကျန်းမာ ရေး အကြောင်းပြပြီး ရာထူးမှ နှုတ်ထွက်ပေးရန် တောင်းဆိုသည်။ ငြင်းဆိုပါက အန္တရာယ် ရှိနိုင်သည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ထွက်ဆိုသွားခဲ့သည့် သတင်းသည် ကမ္ဘာ မီဒီယာ များ တွင် အလုအယက် ဖေါ်ပြ နေ ကြသည်။
စစ်သားတွေဟာ သမ္မတ ကို သူ့ရဲ့ရုံးခန်းဆီ ခေါ်သွားပါတယ်။ လမ်းတစ်လျှောက် စစ်သားတွေအပြည့် ဖြစ်နေတာ ဦးဝင်းမြင့် တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။ သမ္မတရုံးရောက်တော့ သူ့ကို ရုံးခန်းထဲတောင်မဝင်ခိုင်းဘဲ ခုံတစ်လုံးမှာ ထိုင်ခိုင်းထားခဲ့တယ်လို့ ဆိုပါတယ်။
သမ္မတကြီး ဦးဝင်းမြင့်မှ သေမယ်ဆိုရင်လည်း အသေခံရန် အသင့်၊ ၎င်းတို့၏ တောင်းဆိုချက် ကို မလိုက် လျောနိုင်ဟု ငြင်းဆန်ခဲ့ကြောင်း ပြောဆိုသွားခဲ့သည်။
အခုလို အာဏာမသိမ်းသင့်ကြောင်း ဥပဒေနဲ့အညီ လုပ်သင့်ကြောင်း သမ္မတက ထပ်ပြောပါတယ်။ သမ္မတနုတ်ထွက်ခိုင်းရေး အစီအစဥ် မအောင်မမြင်ဖြစ်ပြီးတဲ့နောက် သမ္မတကို ရုံးခန်းကနေ အိမ်တော်ကို ပြန်ခေါ်သွားခဲ့ကြပါတယ်။
ဖေဖော်ဝါရီ ၄ ရက် ည ၇ နာရီမှာတော့ သမ္မတအိမ်တော်နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ဝန်ကြီးရပ်ကွက်ထဲက အိမ်တစ်လုံးကို သမ္မတမိသားစုကို ပြောင်းရွေ့ထားလိုက်ပါတော့တယ်။
မေလ ၂၃ ရက် အရောက်မှာတော့ ဝန်ကြီးအိမ်ရာကနေ တခြားနေရာတစ်ခုကို မိုးစုန်းစုန်းချုပ်တဲ့အချိန်ကြီး ထပ်ပြောင်းရွေ့ပြန်ပါတယ်။ ဒါကြောင့် သမ္မတဟာ သူ ဘယ်နေရာရောက်နေမှန်းမသိရတော့တဲ့ အခြေအနေဖြစ်ခဲ့ရပြီး ပြင်ပလောကနဲ့ အဆက်အသွယ်ပြတ်သွားရတယ်လို့ ပြောပါတယ်။
အဆိုပါ ထွက်ဆိုချက်ကြောင့် အာဏာသိမ်းယူခြင်း မဟုတ်ပါဟု လိမ်ညာ ပြောဆိုနေသည့် စစ်ကောင်စီကို အကြီးအကျယ် ထိုးနှက်လိုက်ခြင်းပင် ဖြစ်သည်။ နိုင်ငံတော် အတိုင်ပင်ခံကလည်း သမ္မတကြီး၏ ထွက်ဆို ချက်နှင့် ပတ်သက်ပြီး လူထု အား အသိပေးရန် ရှေ့နေများကို ညွှန်ကြားခဲ့သည်ဟု သတင်းတွင် ပါရှိသည်။
တော်လှန်ရေးကြီး မုချအောင်ရမည်!!!
Hla Soewai