
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ရောင်းထားသော အမေရိကန်ဒေါ်လာများဖြင့် တင်သွင်းလာသည့် စက်သုံးဆီနှင့် စားအုန်းဆီများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားထားသည်။
“စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်တွင်းစက်သုံးဆီနဲ့ စားသုံးဆီဈေးနှုန်းများ မြင့်တက်မှုအပေါ် စားသုံးသူတွေ သင့်တင့်တဲ့ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်စေရေးအတွက်
စက်သုံးဆီကဏ္ဍမှာ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချရေးအသင်းနဲ့ ပူးပေါင်းပြီး ဗဟိုဘဏ်နဲ့ချိတ်ဆက်ကာ ရည်ညွှန်းဈေးနဲ့ စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကို USD သန်း ၂၀ ရောင်းပေးခဲ့ပါတယ်။
အဲဒီငွေတွေနဲ့ တင်သွင်းလာတဲ့ စက်သုံးဆီတွေကို စက်တင်ဘာ ၂၂ ရက်မှ စတင်ပြီး ပြင်ပပေါက်ဈေးထက် တစ်လီတာ ကျပ် ၄၀၀ ခန့် သက်သာတဲ့ ဈေးနှုန်းနဲ့ ဓာတ်ဆီဂါလန်ပေါင်း လေးသန်း၊ ဒီဇယ်ဂါလန်ပေါင်း လေးသန်းကျော် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်” ဟု သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားထားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးနေသည့် စက်သုံးဆီ အရောင်းဆိုင်များစာရင်းနှင့် ဈေးနှုန်းများကို ပြည်သူများသိရှိဝယ်ယူနိုင်ရန် နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြပေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
“အလားတူ ဗဟိုဘဏ်က ရည်ညွှန်းဈေးနှုန်းနဲ့ ရောင်းပေးတဲ့ USD ၁၉ သန်းနဲ့ တင်သွင်းလာတဲ့ စားအုန်းဆီတွေကို ဆီကုန်သည်အသင်းက စက်တင်ဘာ ၂၀ ရက်မှစ၍ တစ်ပိဿာလျှင် လက်ကားဈေးနှုန်း ၃၇၀၀ ကျပ်နှုန်းနဲ့ စုစုပေါင်း
ပိဿာချိန် ၉၈၇၅၇၀၇၊ တန်ချိန် ၁၆၁၃၆ ကို ဖြန့်ဖြူးပေးသွားမှာဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်းဒေသကြီးများနဲ့ ရှမ်းပြည်နယ်တွေမှာ ပိဿာချိန် စုစုပေါင်းသိန်း ၆၀၊ တန်ချိန်တစ်သောင်းခန့်ကို ဖြန့်ဖြူးရောင်းချပေးခဲ့ပြီး
ကျန်တိုင်းဒေသကြီး/ပြည်နယ်များမှာလည်း ဆက်လက်ရောင်းချပေးသွားဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ လက်လီရောင်းဈေးကိုတော့ သက်ဆိုင်ရာဒေသအလိုက် သယ်ယူပို့ဆောင်ခစရိတ်များ ထပ်ပေါင်းပြီး (နှစ်ရာခိုင်နှုန်း) အမြတ်နဲ့
တစ်ပိဿာကို ၃၈၀၀/၃၉၀၀ ဈေးနဲ့ ရောင်းချပေးနေတာဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးထက် တစ်ပိဿာအပေါ်မှာ ၁၂၀၀ ကျပ်ခန့် သက်သာသောဈေးနှုန်းနဲ့ ဖြန့်ချိပေးနေခြင်း ဖြစ်ပါတယ်” ဟု သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားထားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနှင့် စားသုံးသူပြည်သူများ စက်သုံးဆီအပါအဝင် အခြေခံစားကုန်များကို သင့်တင့်မျှတသည့် ဈေးနှုန်းနှင့် ဝယ်ယူရရှိနိုင်ရန် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနဲ့ စဉ်ဆက်မပြတ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
လက်ရှိမြန်မာနိုင်ငံတွင် စက်သုံးဆီ၊ စားသုံးဆီအပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ဈေးနှုန်းမြင့်တက်နေမှု၏ အခြေခံအကြောင်းအရာများသည် စက်သုံးဆီနှင့် စားသုံးဆီအပါအဝင် ပြည်ပမှ တင်သွင်းရသည့် ကုန်စည်များ၏
ကမ္ဘာ့ရောင်းဈေးနှုန်းမြင့်တက်ခြင်း၊ ပြည်တွင်းငွေလဲဈေးနှုန်းများ မြင့်တက်ခြင်းနှင့် ပြည်တွင်းပြည်ပ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ခနှုန်းထားများ မြင့်တက်ခြင်းများကြောင့်ဖြစ်သည်ကို စိစစ် တွေ့ရှိရကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ မူဝါဒနှင့် အညီ ပို့ကုန်တိုးမြှင့်နိုင်ရေးနှင့် မဖြစ်မနေအသုံးပြုရန် မလိုအပ်သည့် ကုန်စည်များတင်သွင်းမှု လျှော့ချရေးများကို
အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် သွင်းကုန်ကဏ္ဍနှင့်ပတ်သက်၍ Non-Automatic Licensing Procedures အရ ကုန်ပစ္စည်းများကို စိစစ်တင်သွင်းခွင့်ပြုရန် စီမံဆောင်ရွက်လျက်ရှိပြီး
ပထမအဆင့် လူစီးအိမ်စီးမော်တော်ယာဉ် တင်သွင်းမှုနှင့်ပတ်သက်၍ တစ်ဦးချင်း တင်သွင်းမှုအား စက်တင်ဘာလကုန်မှစ၍ ခွင့်မပြုခြင်း၊ တင်သွင်းမှုများပြားသည့် ကုန်ပစ္စည်းများအပေါ် စနစ်တကျ စိစစ်ပြီးမှ
တင်သွင်းခွင့်ပြုခြင်းနှင့် နယ်စပ်ဂိတ်ပေါက်များမှ အချိုရည်၊ အသင့်စားမုန့်မျိုးစုံ အပါအဝင် ပြည်တွင်းတွင် ထုတ်လုပ်နိုင်သည့်ကုန်စည်များကို တင်သွင်းမှုစိစစ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော အမေရိကန်ဒေါ်လာလဲလှယ်နှုန်း အဆမတန်မြင့်တက်နေရသည့် အခြေခံအကြောင်းများတွင် ပို့ကုန်ရငွေအပါအဝင် (Earining) များကို ပြည်တွင်းသို့ ပြန်လည်ပေးပို့မှု နှောင့်နှေးခြင်း၊ မသမာသူအချို့မှ ဒေါ်လာဈေးတက်အောင် ဈေးကစားခြင်းများကြောင့်ဖြစ်ပြီး
အမေရိကန်ဒေါ်လာငွေလဲနှုန်း ပြန်လည်ကျဆင်းရေးအတွက် ဈေးကစားမှုများမရှိစေရေးနှင့် Earning များ အမြန်ဆုံးပြန်လည် ဝင်ရောက်ရေးတို့ကို ဗဟိုဘဏ်အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများက ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။