နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိပါးနိုင်တာကြောင့် ပုဒ်မ၁၄၄ ထုတ်ပြန်ပြီး ရှေနေဦးခင်ဇော်ကို စကားပြောခွင့် ပိတ်ပင်ရတာဖြစ်ကြောင်း စစ်ကောင်စီပြော

အများပြည်သူကိုရုန်းရင်းဆန်ခတ်ဖြစ်စေတဲ့အတွက် ရှေ့နေဦးခင်မောင်ဇော်ကို မီဒီယာဖြင့်စကားမပြောရန်တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီပြန်ကြားရေးခေါင်းဆောင်ပြော

နေပြည်တော်မှာ တရားရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဦးခင်မောင်ဇော်ကို ပြည်တွင်းပြည်ပ မီဒီယာတွေနဲ့မဆက်သွယ်ဖို့ ပြီးခဲ့တဲ့ ၁၄ ရက်နေ့မှာ စစ်ကောင်စီက တားမြစ်ခဲ့ပါတယ်။

ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်ပေးခဲ့တယ်ဆိုတဲ့ ထွက်ဆိုချက်အပေါ်မှာ “All Absurd” “ဘာတစ်ခုမှ အခြေအမြစ်မရှိဘူး” လို့ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက်စကား၊ ဖေဖော်ဝါရီ ၁ ရက် မနက်ခင်းမှာ စစ်တပ်အရာရှိတွေက ကျန်းမာရေးအရနှုတ်ထွက်ဖို့ ဖိအားပေးခံရပြီး နှုတ်ထွက်မယ့်အစား အသေခံလိုက်မယ်ဆိုတဲ့ သမ္မတကြီး ဦးဝင်းမြင့်ရဲ့ တရားခွင်ထွက်ဆိုချက် တွေကို ရှေ့နေဦးခင်မောင်ဇော်က မီဒီယာတွေကို ပြောပြခဲ့ပြီးနောက် စစ်ကောင်စီရဲ့ တားမြစ်ပိတ်ပင်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

စစ်ကောင်စီကတော့ ရှေ့နေဦးခင်မောင်ဇော်ရဲ့ ပြောစကားတွေဟာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေပြီး အများပြည်သူကို ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပေါ်စေတယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက MRTV ကို ပြောဆိုခဲ့ပါတယ်။

“ရှေ့နေဦးခင်မောင်ဇော်ကို မီဒီယာနဲ့ စကားပြောခွင့် ကန့်သတ်လိုက်ရတဲ့အချက်နှစ်ချက်ရှိပါတယ်။ နံပါတ် ၁ အချက်ကတော့ သူ့အနေနဲ့ ပြည်တွင်းပြည်ပက သတင်းဌာနတွေ တရားမဝင်ထုတ်လွှင့်နေတဲ့ သတင်းဌာနတွေကို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေတဲ့ သတင်းမှားနဲ့ လှုံ့ဆော်မှုတွေပြုလုပ်ချက်ရှိတယ်။ ဒီသတင်းဌာနတွေနဲ့ ဆက်သွယ်ပြီးတော့ သက်သေများရဲ့ တရားခွင်ထွက်ဆိုချက်တွေကို ထုတ်ပြန်ပြောဆိုလျက်ရှိတယ်။ ဒါကြောင့်မို့ ပိတ်ပင်ရခြင်းဖြစ်ပါတယ်။” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

၎င်းက ဆက်လက်ပြီး “ဒီလိုထုတ်ပြန်ပြောဆိုတဲ့နေရာမှာ ဘာဖြစ်လဲဆိုတော့ တရားဥပဒေနဲ့အညီဆောင်ရွက်ရတဲ့ပုဂ္ဂိုလ်တစ်ဦးကို နှောင့်ယှက်မှု သို့မဟုတ် ထိခိုက်နာကျင်စေမှု အများပြည်သူကို ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပေါ်စေတဲ့အတွက် ကျွန်တော်တို့က ပုဒ်မ ၁၄၄ အရ တားဆီးရခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံက အခုအချိန်မှာ တည်ငြိမ်အေးချမ်းရေးလိုအပ်လျက်ရှိတယ်။ ဒီလိုအချိန်မှာ သူပြောဆိုနေတဲ့ စကားတွေကို မှန်ခြင်းမှားခြင်းနဲ့ပတ်သက်ပြီး ကျွန်တော်မဝေဖန်လိုပါဘူး။ သက်သေအထောက်အထားတွေလည်း ရှိပြီးဖြစ်ပြီးတော့ တစ်နေ့နေ့မှာ အမှန်တရားကို သိလာလိမ့်မယ်။ သို့သော် အခုချိန်မှာတော့ ဒီစကားတွေဟာ နိုင်ငံတော်မှာ အဓိက လိုအပ်နေတဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်တဲ့အတွက် ပုဒ်မ ၁၄၄ အရ တားမြစ်လိုက်ခြင်းဖြစ်ပါတယ်။” လို့ ဆိုပါတယ်။

ရှေ့နေဦးခင်မောင်ဇော်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးဝင်းမြင့်တို့ရဲ့ တရားခွင်အခြေအနေ ပြည်သူများထံပါးလိုက်သော အမှာစကားများကို မီဒီယာများကနေတစ်ဆင့် ပြည်သူများကို ပြောပြနေသူဖြစ်ပါတယ်။

ပြည်တွင်းကရှေ့နေအသိုင်းအဝိုင်းကတော့ ဦးခင်မောင်ဇော်ဟာ ဥပဒေဘောင်အတွင်းကနေသာ မီဒီယာများကိုဖြေဆိုနေခြင်းဖြစ်ပြီး ရုံးချိန်းအခြေအနေများကို ပြည်သူများမသိနိုင်အောင် စစ်ကောသ်စီက ပိတ်ပင်နေခြင်းဖြစ်ကြောင်း ပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း စစ်ကောင်စီအဖွဲ့ဝင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရှေ့နေဒေါ်စန်းမာလာညွန့်ရဲ့ နေအိမ်ကိုရောက်လာပြီး မီဒီယာတွေကိုမဖြေကြားဖို့ ခံဝန်ကတိထိုးခိုင်းခဲ့ပါတယ်။

ရှေ့နေကြီးဦးခင်မောင်ဇော်အပေါ် SAC တားမြစ်ချက် ဥပဒေနဲ့မညီကြောင်း ရှေ့နေအသိုင်းအဝိုင်းကပြောဆိုနေကြပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အမှုကိစ္စကို ဆောင်ရွက်ပေးနေတဲ့ ရှေ့နေကြီး ဦးခင်မောင်ဇော်ကို သတင်းမီဒီယာတွေနဲ့ ဆက်သွယ်ပြောဆိုခွင့်တားမြစ်လိုက်ပြီး သတင်းထုတ်ပြန်ခွင့်မပြုတာဟာ တရားရုံးဥပဒေနဲ့ ညီညွတ်မှုမရှိဘူးလို့ ရှေ့နေအသိုင်းအဝိုင်းက ပြောကြားကြောင်း သိရပါတယ်။

ရှေ့နေကြီး ဦးခင်မောင်ဇော်ကို မီဒီယာတွေဆီ သတင်းမထုတ်ပြန်ဖို့ အောက်တိုဘာ ၁၄ ရက်နေ့မှာ ရာဇဝတ်ကျင့်ထုံးပုဒ်မ ၁၄၄ ထုတ်ပြီးတားမြစ်လိုက်တာဖြစ်ပြီး သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ သတင်းစကားတွေကို ပြည်သူတွေနဲ့ နိုင်ငံတကာက မသိနိုင်အောင် ဖုံးကွယ်တာဖြစ်တယ်လို့ သိရပါတယ်။

ပါးစပ်ကို ပုဒ်မ ၁၄၄ ထုတ်ပြီးတားမြစ်တာဟာ မြန်မာ့သမိုင်းမှာလည်းမရှိသလို ကမ္ဘာ့သမိုင်းမှာလည်းမရှိတာကြောင့် ဥပဒေနဲ့မညီဘူးလို့ ဝါရင့်ရှေ့နေကြီးတစ်ဦးကပြောပါတယ်။

တရားခွင်တွေမှာ အမှုရင်ဆိုင်နေရသူတွေဟာ မိသားစုနဲ့ အများပြည်သူသိသင့်တဲ့ အချက်အလက်တွေကို ပြောဆိုပိုင်ခွင့်ရှိပြီး ရှေ့နေတွေကလည်း ကူညီဆောင်ရွက်ပေးခွင့်ရှိကြောင်း သိရပါတယ်။

SAC က သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ရဲ့ပြောစကားတွေကို ရင်မဆိုင်ဝံ့တာကြောင့် ခုလို ရှေ့နေအဖွဲ့ကို တားမြစ်ပိတ်ပင်တာဖြစ်ပြီး SACရဲ့ လက်အောက်ခံ တရားရုံးတွေရဲ့ တရားသူကြီးတွေကပဲ ကိုင်တွယ်နေတာဖြစ်တယ်လို့ သုံးသပ်နေကြတာပါ။

အောက်တိုဘာ ၁၄ ရက် ညနေပိုင်းမှာ ရှေ့နေကြီး ဦးခင်မောင်ဇော်နေထိုင်တဲ့‌ ပျဉ်းမနားကနေရာကို မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က လာရောက်ခေါ်ဆောင်ပြီး အချက် ၈ ချက်ပါတဲ့ တားမြစ်မိန့်ကို ပြောခဲ့တာဖြစ်ပါတယ်။

ခုလိုတားမြစ်ထားတာကြောင့် နောက်လာမယ့် ရုံးချိန်းတွေမှာ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့အမှုအသွားအလာအခြေအနေတွေကို အများပြည်သူသိရှိနိုင်ဖို့ အခက်အခဲ ရှိသွားနိုင်မှာ ဖြစ်ပါတယ်။

ပုံစာ-တရားရုံးရှေ့နေကြီး ဦးခင်မောင်ဇော်

Source – Burma Associated Press & Mercury Media