နန္ဒာလှမြင့် နှင့် ဝဏ္ဏမောင်လွင် အကြား ဗျာများနေ

မင်းအောင်လှိုင် နှင့် အပေါင်းအပါ များသည် ထင်မှတ် မထားပဲ အာဆီယံ မှ လူသိရှင်ကြား ဖယ်ကျဉ် ခြင်း ခံလိုက်ရ၍ တုန်လှုပ်သွားခဲ့မှု အရှိန်မပြေသေးမီ နောက် ထပ် သတင်းဆိုးကြီး ကြားလာရပြန်သည်။

ဤသည်က အမေရိကန် မှ အဆင့်မြင့် အရာရှိကြီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် စင်္ကာပူ ငွေကြေး အာဏာပိုင် အဖွဲ့ နှင့် တွေ့ဆုံပြီး စစ်အာဏာရှင် နှင့် အမျိုးအနွယ်များ အစဉ်တဆက် အပ်နှံလာခဲ့ကြသည့် ငွေများကို ထိန်းချုပ်နိုင်ရေး နည်း လမ်းများကို ဗြောင်ကျကျ ‌ဆွေးနွေးလာခဲ့ခြင်းပင် ဖြစ်သည်။

ဒဲရက် ချိုလက်သည် ယခုထိ စင်္ကာပူ ငွေကြေး အာဏာပိုင် များ နှင့် ဆွေးနွေးခဲ့မှု အသေးစိတ်ကို ထုတ် ဖေါ် ပြောဆိုခြင်း မရှိသေးသော်လည်း အကျိူးဖြစ်ထွန်းမှု ရှိသည်ဟု ဆိုသည်။

သေချာသည်က အာဏာရှင်များ နှင့် လက်ပါးစေ များ အဖို့ စင်္ကာပူ ဘဏ်များ မှ ‌ငွေကြေး ထုတ်ယူလိုခြင်း၊ လွှဲပြောင်းလိုခြင်းများ ပြုလုပ်လိုပါက စာရွက် စာတမ်း များ အဆင့်ဆင့်တောင်းယူကာ အတည်ပြုဖို့ လနှင့် ချီ ၍ အချိန်ဆွဲတော့မည် ဖြစ်သည်။

မင်းအောင်လှိုင်အား အစည်းအဝေးမှ ဖယ်ထုတ်လိုက်ခြင်းသည် အာဆီယံ အနေဖြင့် နိုင်ငံတကာ ဖိအားများကို ရှောင်ရှားနိုင်ဖို့ အချိန်ဆွဲခြင်း သက်သက် မဟုတ်ဆိုသည်ကလည်း ထင်ရှားလာပေသည်။ ဖီလစ်ပိုင်၊ မလေးရှား၊ စင်္ကာပူ နှင့် အင်ဒိုနီရှား တို့မှ ၎င်းတို့ အဖွဲ့ကြီး အတွင်း စစ်အာဏာရှင် စနစ် ဖြင့် အုပ်ချုပ်နေသည့် နိုင်ငံ ကိုဆက်လက် သည်းငြည်းခံထားလို စိတ် မရှိတော့ ဆိုသည်ကို ပြဆိုနေသည်။

အမေရိကန် ကွန်ဂရက် တွင်လည်း မြန်မာ စစ်ခေါင်းဆောင်များ အတွက် ရှေ့လျောက် မျှော်လင့်ချက် မရှိတော့ဟူသော အတွေးအမြင်များ ပေါ်ပေါက်လာစေရန် နည်းလမ်းပေါင်းစုံ သုံးခွင့်ပေး ထားသည့် Burma Act 2021 သည်လည်း အရှိန်အဟုန် ဖြင့် လှုပ်ရှားလာနေပြီ ဖြစ်သည်။

သံတမန်ရေး၊ စီးပွားရေး ထိုးစစ်ကြီးက ပြင်းထန်သော အရှိန်အဟုန်ဖြင့် ကျရောက်လာနေသည့် အဖြစ်ကို သက်သာလို သက်သာငြား နိူင်ငံရေး အကျဉ်းသား ထောင်ပေါင်းများစွာ ကို ချက်ခြင်းလို ပြန်လွှတ်ပေးခဲ့သော်လည်း ပြန်လည် ဖမ်းဆီးခံရသည့် သတင်းများကြောင့် ထိရောက်မှု မရှိခဲ့ပေ၊ နိုင်ငံတော် အတိုင်ပင်ခံ နှင့် သမ္မတကြီးအား ပြန် မလွှတ်‌မပေးသရွေ့ ၎င်းတို့၏ မည်သည့် တုန့်ပြန်မှုမျိုးကို မဆို နိုင်ငံတကာက အသိအမှတ် ပြုမည် မဟုတ်ပေ။

ယခုအခါ အာဆီယံ၏ ဧပြီ ၂၄ ကြေညာချက်ကြောင့် ငြိမ်သက်သွားခဲ့သော နိုင်ငံတကာ၏ တုန့်ပြန်မှုများသည် မင်းအောင်လှိုင်အား ထိပ်သီး အစည်းအဝေး မှ ထုတ်ပယ်လိုက်မှု နှင့်အတူ အရှိန်အဟုန် နှင့် ပြန်လည် နိူးထလာနေပြီ ဖြစ်သည်။

ကယ်ဆယ်ရေး ပစ္စည်းများအား နယ်ခြားဖြတ်ကျော်အကူအညီပေးနိုင်ရေး အတွက် ထိုင်း နှင့် အမေရိကန် တို့ သဘောတူလိုက်ခြင်းသည် လွန်စွာ အရေးပါသော ခြေလှမ်းတရပ် ဖြစ်သည်ဟုလည်း ဂျပန် အွန်လိုင်း ဂျာနယ် ဖြစ်သည့် The Diplomat တွင် ရေးသားထားသည်။

တရုတ်သည် ထိုသို့ဖြစ်ပျက်နေမှုများ အကြား ငြိမ်နေခြင်းသည် အကြောင်းမဲ့တော့ မဟုတ်တန်ရာ၊ လက်ရှိ တွင် ကျောက်မီး‌သွေးအလုံအလောက် မရှိတော့၍ လျပ်စစ်ဓါတ်အား ပြတ်တောက်မှု များနှင့် ရင်ဆိုင်လာနေရရာ မြစ်ဆုံဆည် စီမံကိန်းကို ပြန်လည် စတင်နိုင်ရန် အာဏာသိမ်း အဖွဲ့ နှင့် ခေါင်းချင်း ရိုက်နေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

South China Morning Post သတင်းစာ အဆိုအရ ဗန်းမော် အနီးရှိ အမှတ် (၁) ဒီပရင်း ရေအားလျပ်စစ် ထုတ်လုပ်ရေးမှ ယခုနှစ် ကိုးလ အတွင်း ဒေါ်လာ ၃ု၄ သန်းဖိုး ရှိ ဓါတ်အား ပမာဏ 1,231 GWh ကိုဝယ်ယူခဲ့ရသည်ဟု သိရသည်၊ ထို့ပြင် ရုရှား နှင့် မြောက်ကိုရီယားမှလည်း ယခုလာမည့်ဆောင်းရာသီ အတွက် အပူတပြင်း ဝယ်ယူနေရပြန်သည်။

အာဆီယံသည် မင်းအောင်လှိုင်အား အစည်းအဝေး တက်ခွင့် ငြင်းပယ်ခံလိုက်ရခြင်းသည် အထူးသံတမန် ယူဆွတ်အား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးခဲ့သော ကြောင့် ဖြစ်သည် ဆိုသော အချက်က မင်းအောင်လှိုင် အဖို့ အရှိုက် ကို ထိုးနှက်ခံလိုက်ရခြင်း ဖြစ်ပြီး အဆိုပါ အမျိုးသမီးကြီး၏ ဘုန်းသမ္ဘာသည် မည်မျှ ကြီးမားနေဆဲ ဆိုသည်ကို ၎င်းတို့ လင်မယားအဖို့ သဘောပေါက် နိုင်လောက်ပေသည်။

ထိုသို့ အနေအထားများကို ကောင်းစွာ သဘောပေါက်လာနေပြီ ဖြစ်သော အာဏာရှင် လက်ဟောင်းကြီးများ နှင့် ဖွဲ့စည်းထားသော ပြည်ခိုင်ဖြိုး ပါတီ ပြောခွင့်ရ နန္ဒာလှမြင့်မှ အတိုက်အခံများ နှင့် ဆွေးနွေးရန် မင်းအောင်လှိုင်အား နာမည် တပ်၍ တောင်းဆိုလိုက်ပြီ ဖြစ်သည်။ ‌နိုင်ငံတော် အတိုင်ပင်ခံသည် အကြမ်းဖက်ခြင်းကို အားပေးသူ မဟုတ်ဟုလည်း ပါရှိလာသဖြင့် သူမအား အသုံးချရန် ကြံစည်နေကြပုံ ရှိသည်။

ဒီအတိုင်း ဆက်သွားနေမည် ဆိုက မင်းအောင်လှိုင် ကျင်းပမည့် ရွေးကောက်ပွဲသည်လည်း သွေးထွက်သံယို မှုများ နှင့် ဖုံးလွှမ်းသွားဖို့သာ ရှိသည်ဟု နန္ဒာလှမြင့်က သတိပေးလိုက်ပြန်သည်။ ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ် လောင်းများ အဖို့ အသက် ဆုံးရှုံးရဖို့သာ ရှိသည်ဟု ဆိုသည်။

ကြံဖွတ်ရှိ အာဏာရှင် လက်ဟောင်းများ အဖို့ အပ်နှံထားငွေများ ထုတ်မရတော့မည့် အနေအထားကြောင့် တုန်လှုပ်လာနေပြီ ဖြစ်သည်။သို့သော် မင်းအောင်လှိုင်၏ ရှက်ရမ်း ရမ်းနေမှု ကအတော်မသတ် နိုင်သေးပဲ မြန်မာနိုင်ငံ အနေဖြင့်အာဆီယံ အစည်းအဝေးသို့ နိုင်ငံအကြီးအကဲ တ‌ဦးတက်ရောက်ခွင့် ရှိနေသည်၊

အာဆီယံ၏ ဆုံးဖြတ်ချက်သည် ဘုံသဘောထား မဟုတ်၍ သဘောမတူဟု ဆိုက ဝဏ္ဏ‌ မောင်လွင် ရုံးမှ ကြေညာချက် ထုတ်ကာ အတင်းတက်မည့် သဘောကို အရှက်ကင်းမဲ့စွာ ပြောဆိုလာသည်၊ အဆိုပါ အစည်း အဝေးသည် အွန်လိုင်းမှ ပြုလုပ်မည် ဖြစ်၍ မည်သို့ မည်ပုံ အတင်းတက်ရန် ကြံမည်ကို မသိရသေးပေ။

နိုင်ငံ အကြီးအကဲ တက်ရောက်ခွင့် ရှိသည် ဆိုသော ဝဏ္ဏမောင်လွင် ရုံး၏ ကျေညာချက် ကို မိမိထောက်ခံကြောင်း၊ သို့ဖြစ်၍ အာဆီယံ အနေဖြင့်အမျိုးသား ညီညွတ်ရေး အစိုးရ သမ္မတကြီး အား ဖိတ်ကြားရမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီး ဦးလွင်ကိုကိုလတ် က မှတ်ချက် ပြုခဲ့သည်ကို တွေ့လိုက်ရသည်။

မင်းအောင်လှိုင်၏ အပြု အမူသည် သူတယောက်တည်း သာ မဟုတ် အရှုံးကို ဂုဏ်သိက္ခာရှိစွာ ရင်မဆိုင်ရဲသူများ၊ အရှက်ကို ဘေးချိတ်၍ ဘာမဆို ပြောရဲ လုပ်ရဲသူများ အစရှိသဖြင့် မြန်မာ တမျိုးသားလုံး ၏ မွေးရာပါ national psyche အဖြစ် ယူဆ အထင်သေး ခံရပါက တနိုင်ငံလုံး အကျိုးနည်းကြရပေတော့မည်။

၎င်းအား လက်မခံပါက အာဆီယံ မှ နှုတ်ထွက်မည်ဟု မခြိမ်းခြောက် သင့်ပေဖူးလော။ ယခုတော့ အားလုံး လှောင်ပြောင်စရာ ဖြစ်အောင် ပြောလာပေသည်။

သူတို့ မရှက်သောလည်း ကြားရသူ အပေါင်း အတွက် ရှက်စရာ ဖြစ်နေရပေသည်။

အမျိုးသား ညီညွတ်ရေး အစိုးရမှ ကိုးလ အတွင်းမင်းအောင်လှိုင်၏ လက်ပါးစေ တပ်များက နိုင်ငံအတွင်း ဥပဒေမဲ့ ပြုကျင့်ခဲ့မှု ပေါင်း ၄၀၀ ကျော်အား သက်သေ အထောက်အထားများ နှင့် တကွ ကုလ လူ့အခွင့် အရေး ကောင်စီ နှင့် အိုင်စီစီသို့ တင်သွင်းရန် ပြင်ဆင်နေပြီ ဖြစ်သည်ဟု လူ့အခွင့် အရေး ဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းမှ RFA အား အတည်ပြု ပြောကြားလိုက်ပြီ ဖြစ်သည်။

မင်းအောင်လှိုင်သည် ပြည်တွင်း တွင် ၎င်းအား ဆန့်ကျင် တွန်းလှန်နေမှုများနှင့် ရင်ဆိုင်နေရပြီး ပြည်ပမှ ဖိအားပေးမှု များသည်ထက် များလာနေပြီဖြစ်၍ ကျဆုံးခန်းက နီးသည်ထက် နီးလာနေပြီ ဖြစ်သည်။

ပြည်သူ့ တော်လှန်ရေး မုချအောင်ရမည်!!!

Hla Soewai