မင်းအောင်လှိုင် ဆင်းပေးဖို့ ကုလအထူးကိုယ်စားလှယ် တိုက်တွန်း

မြန်မာနိုင်ငံက နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးက ဆင်းပေးဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ကတိုက်တွန်းလိုက်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ အခြေအနေတွေ ဒီထက်ပိုဆိုးမလာအောင် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ဝိုင်းဝန်းကြိုးပမ်းကြဖို့လည်း အထူးကိုယ်စားလှယ် Burgener အပြင်၊ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Andrews မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း တို့က သောကြာနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယ ကော်မတီမှာ တိုက်တွန်းခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။

စစ်အာဏာသိမ်းခဲ့တာ ၈ လကျော် ကာလအတွင်း ကလေးတွေ အပါအဝင် လူပေါင်း ၁,၁၀၀ ကျော် သေဆုံးခဲ့ရတဲ့ နောက်ဆက်တွဲ အကျပ်အတည်းတွေဟာ ပိုမိုဆိုးရွားလာနေတာကိုသာ တွေ့မြင်နေရတဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က တာဝန်က အနားမယူခင် ကုလသမဂ္ဂမှာ နောက်ဆုံး အစီရင်ခံ တင်ပြရာမှာ သတိပေးလိုက်တာပါ။

အခြေအနေတွေ ဒီထက်ပိုဆိုးမလာဖို့ဆိုရင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးက ဆင်းပေးသင့်တယ်လို့လည်း ကုလသမဂ္ဂမှာ အထွေထွေညီလာခံရဲ့ လူ့အခွင့်အရေး ကိစ္စတွေကို ကိုင်တွယ်ရတဲ့ တတိယကော်မတီမှာ သောကြာနေ့က အစီရင်ခံရာမှာ တိုက်တွန်းလိုက်တာပါ။

“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ တိုင်းပြည်အနာဂတ်ကို အမှန်တကယ် အလေးထားတယ်ဆိုရင် ရာထူးက ဆင်းပေးပြီး၊ ပြည်သူလူထုဆန္ဒနဲ့အညီ တင်မြှောက်ထားတဲ့ အရပ်သား အစိုးရကို တပ်မတော်က အာဏာလွှဲပေးလိုက်ပါ။ မြန်မာနိုင်ငံက ကလေးတွေ လူငယ်တွေရဲ့ အနာဂတ်ကို ဖျက်ဆီးခံနေရတဲ့အပေါ် စိတ်မချမ်းမသာ ဖြစ်နေကြတဲ့ တပ်မတော်သားတွေ ရှိမယ်လို့လည်း ကျမယုံကြည်ပါတယ်။”

မြန်မာနိုင်ငံမှာ လက်ရှိ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို ဆွေးနွေးဖြေရှင်းဖို့ လိုအပ်ပေမဲ့ လတ်တလောမှာ စစ်အာဏာပိုင်တွေက စေ့စပ်ဖြေရှင်းလိုပုံ မရဘူးလို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ အကျပ်အတည်းတွေကို ကျော်လွှားပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ဆက်လက် ဖိအားပေးဖို့ အရေးကြီးတယ်လို့လည်း ပြောဆိုခဲ့တာပါ။

“မြန်မာနိုင်ငံ ပြန်လည်သင့်မြတ်ရေးနဲ့ မြန်မာနိုင်ငံရဲ့ပြဿနာတွေကိုဖြေရှင်းနိုင်မယ့် နည်လမ်းတွေရရှိဖို့ တိကျခိုင်မာတဲ့ လုပ်ဆောင်မှုတွေအတွက် ဖိအားပေးတာတွေ၊ ကူညီဆောင်ရွက်ပေးတာတွေကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ညီညီညွတ်ညွတ် မလုပ်နိုင်ဘူးဆိုရင် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေဦးမှာပါ။”

အထွေထွေညီလာခံ တတိယကော်မတီမှာ မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်လို့ တင်ပြခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း အထူးကိုယ်စားလှယ်ရဲ့ တိုက်တွန်းချက်ကို အားပေးထောက်ခံ တင်ပြခဲ့တာပါ။

“ဖေဖေါ်ဝါရီလ ၁ ရက်နေ့မနက်အစောပိုင်းမှာ ဒီမိုကရေစီနည်းလမ်းတကျရွေးကောက် တင်မြောက်ထားတဲ့ သမတကြီးဦးဝင်းမြင့်ထံလာရောက်ပြီး၊ ရာထူးကနေနှုတ်ထွက်ဖို့ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ သမတ ဦးဝင်းမြင့်အနေနဲ့ သူ့အသက်ကိုသာလျင်စွန့် လွှတ်သွားမယ်၊သူတို့ရဲ့ခြိမ်းခြောက်တောင်းဆိုမှုကိုလိုက်နာမှာမဟုတ်ကြောင်းတုံပြန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတော်အပေါ်သစ္စာဖေါက်မှုကြီး ကိုကျူးလွန်ပြီး၊ စစ်တပ်က အာဏာသိမ်းယူခဲ့ပါတယ်။ အဲဒိ အချိန်ကတည်းကစပြီး ကျနော်တို့တိုင်းပြည်ဟာလည်း တစထက်တစအခြေအနေဆိုး လာခဲ့ပြီးယိုယွင်းပျက်စီးလာခဲ့ပါတယ်”

မြန်မာပြည်မှာ စစ်တပ်ရဲ့အကြမ်းဖက်ဖိနှိပ့်မှုတွေကြောင့် မလွဲသာမရှောင် ပြည်သူတွေ အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ခုံခံကာကွယ်တိုက်ခိုက်နေရကြောင်း၊ ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ထိရောက်တဲ့အရေးယူ ဆောင်ရွက်မှု တွေပြုလုပ်ဖို့လုပ်အပ်ကြောင်းကိုလည်း ဦးကျော်မိုးထွန်းကပြောဆိုခဲ့ပါတယ်။

အထူးကိုယ်စားလှယ် Christine Burgener မြန်မာကိုယ်စားလှယ် ဦးကျော်မိုးထွန်းတို့နဲ့အတူ တတိယကော်မတီမှာ အစီရင်ခံခဲ့တဲ့ လူ့အခွင့်အရေးကိုယ်စားလှယ် Thomas Andrew ကလည်း နိုင်ငံတကာရဲ့ အခန်းကဏ္ဍကို အလေးထား ပြောသွားခဲ့တာပါ။ အထူးသဖြင့် အာဏာသိမ်း စစ်ကောင်စီကို လက်မခံဖို့နဲ့ ဒဏ်ခတ်အရေးယူတာတွေလုပ်ပြီး ဒီမိုကရေစီလမ်းကြောင်းကို ပြန်ရောက်လာအောင် တွန်းအားပေးဖို့လည်း တိုက်တွန်းသွားပါတယ်။

“မြန်မာစစ်အာဏာရှင်တွေဟာ သူ့ရဲ့ အခြေခံကျတဲ့လိုအပ်ချက်ဖြစ်တဲ့ ငွေ၊ လက်နှက် နဲ့ တရားဝင်မှု ဆိုတာတွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းကိုမှီခိုအားထားနေရတယ်ဆိုတဲ့အချက်ကို ကျနော်တို့ နားလည်သဘောပေါက်လာတဲ့နောက်၊ အဲဒီနေရာကနေစတင်လုပ်ဆောင်နိုင်ပါတယ်။ ဒီအချက် ၃ ချက်ကိုပစ်မှတ်ထားပြီးကျနော်တို့ လုပ်ဆောင်နိုင်ပါတယ်။ တချိန်ထဲမှာဘဲ ရိုဟင်ဂျာဒုက္ခသည်တွေ အပါအဝင်မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံတွေကို တိုးချဲ့ပေးသွားနိုင်ပါတယ်။ ဒီလိုနည်းလမ်းဟာမြန်မာပြည်သူတွေကို ကူညီလုပ်ဆောင်ပေးဖို့အကောင်းဆုံးနည်း လမ်းတွေဖြစ်ပါတယ်။”

ASEAN ရဲ့ဆုံးဖြတ်ချက်ဟာ အာဏာသိမ်း စစ်ကောင်စီ ကိုအထိနာစေခဲ့ကြောင်း၊ မြန်မာနိုင်ငံကို လက်နက် မရောင်းဖို့ကို လုံခြုံရေး ကောင်စီက မလုပ်နိုင်ရင်တောင် အဖွဲ့ဝင်နိုင်ငံတိုင်း ကဝိုင်းဝန်း လုပ်ဆောင်ကြဖိုလိုကြောင်း၊ မြန်မာနိုင်ငံကိုစီးပွားရေးအရ ပိတ်ဆို့အရေးယူတဲ့နေရာမှာ စွမ်းအင်းကဏ္ဌကို အဓိကထားလုပ် ဆောင်ဖို့လိုကြောင်းတွေကို တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် မကြာခင် တာဝန်က အနားယူတော့မယ့် Christine Burgener ရဲ့ တင်ပြချက်တွေကိုတော့ အာဆီယံနဲ့ ဒေသတွင်းနိုင်ငံတွေ အပါအဝင်၊ နိုင်ငံတော်တော်များများက ထောက်ခံ ဆွေးနွေးခဲ့ကြပါတယ်။ တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တွေရဲ့ တင်ပြချက်တွေနဲ့ ပတ်သက်လို့ ကန့်ကွက်တာ၊ ထောက်ခံတာမျိုး မရှိပဲ ပြဿနာတွေကို အပြုသဘော ဆွေးနွေးဖြေရှင်းတာတွေကို အားပေးကြောင်းသာပြောဆိုခဲ့တာပါ။

မြန်မာ့အရေး တင်ပြချက်တွေနဲ့ ပတ်သက်လို့ အပြန်အလှန် ဆွေးနွေးမေးမြန်းကြတဲ့အထဲမှာ အမေရိကန်ကတော့ မြန်မာ့အရေးမှာ နိုင်ငံတကာက ပိုမိုပြင်းပြင်းထန်ထန် တုန့်ပြန်ဆောင်ရွက်ဖို့ အထူးကိုယ်စားလှယ်ရဲ့ တိုက်တွန်းချက်ကို လက်ခံကြောင်းနဲ့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ အပါအဝင် ခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့တိုက်တွန်းခဲ့ပါတယ်။