အာဆီယံကို ရန်စကားပြောလိုက်တဲ့ စစ်ကောင်စီ နဲ့ နံနံပင်ရွှေ့တဲ့အကွက်

အာဆီယံကို ရန်စကားပြောလိုက်တဲ့ စစ်ကောင်စီ

အာဆီယံအစည်းအဝေးကနေ ပယ်ထုတ်ခံလိုက်ရတဲ့ စစ်ကောင်စီဟာ ၊ အာဆီယံရဲ့ ကြေငြာချက်ကို reject လုပ်တယ်လို့ ထုတ်ပြန်ထားပါတယ် ။ ( ဆိုလိုတာက ” မင်းတို့က ထုတ်ပယ်ပေမယ့် ၊ တို့ကအဖွဲ့ဝင်ပဲ ၊ ဆိုတော့ ဒီအစည်းအဝေးကို တက်ဖြစ်အောင်တက်မယ် ၊ သဘောမတူဘူး ” ဆိုတဲ့သဘောပါ ။ )

မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ” စစ်အစိုးရအဖွဲ့ဝင်တွေဟာ ၁၀ နိုင်ငံရှိတဲ့ အာဆီယံအကြီးအကဲ ညီလာခံမှာ တက်ရောက်ဖို့ တန်းတူညီမျှအခွင့်အရေးရှိတယ် ။ အာဆီယံပဋိညာဉ်စာတမ်း ပြဋ္ဌာန်းချက်အရ ၊ အာဆီယံမူနဲ့ ဆန့်ကျင်ပြီး အသိအမှတ်မပြုတဲ့ ရလာဒ်တွေကို လက်ခံလိမ့်မည်မဟုတ်ပါ ” လို့ ခပ်မာမာတုံ့ပြန်လိုက်ပါတယ် ။

ခဏလောက် သုံးသပ်ပါရစေ ….၊

( ဒေသတွင်း အာဆီယံအဖွဲ့ကို ကုလ ၊ အမေရိကန်နဲ့ အီးယူက အာဏာကုန်လွှဲပေးထားပါတယ် ။ စောင့်ကြည့်နေတာပါ ။ ဆိုတော့ ၊ အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို လက်မခံပဲ အစည်းအဝေးကို တက်ဖြစ်အောင်တက်မယ် ၊ ဒီလို အသိအမှတ်မပြုမှု့ကို လက်ခံမှာမဟုတ်ဘူးလို့ သတ္တိရှိရှိ ပြောလိုက်တာပါ ။ တော်တော်ကို သတ္တရှိပါတယ် ။

အရှင်းဆုံးပြောရရင် ချဲလင့် ( စိန်ခေါ် ) လိုက်တာပါ ။ စဉ်းစားကြည့်ပါ ။ အသင်းအဖွဲ့တစ်ခု ( ဥပမာ ) ဘောလုံးအသင်းတစ်ခုမှာ ဒိုင်လူကြီးက ” မင်းထွက်တော့ ” လို့ ပြောလိုက်ရင် ၊ စောဒကတက်ခွင့် မရှိပါဘူး ။ ဆက်ပြီး ပေကပ်ကပ်လုပ်နေမယ်ဆိုရင် ၊ ကစားသမားဘဝကနေ အနားယူသွားရနိုင်ပါတယ် ။

ဒီတော့ …၊ ဒါဟာ တိုင်းပြည်ကို စတေးလိုက်တာပါ ။ မြန်မာစစ်ကောင်စီဟာ မျှော်လင့်ချက်ကြီးမားစွာနဲ့ အာဆီယံဆိုတဲ့ ခံတပ်ကြီးရဲ့ အသိအမှတ်ပြုမှု့ကို အလေးထားခဲ့တယ် ။ အရေးကြီးတဲ့ တရားဝင် အသိအမှတ်ပြုမှု့ဆိုတာကို စစ်ကောင်စီဘက်က တော်တော် မျှော်မှန်းခဲ့ပုံပါပဲ ။ ဒါမှလည်း ၁၉ ၉ ၇ မှာ အာဆီယံဝင်ခွင့်ရခဲ့ပြီး နဝတ သက်ဆိုးရှည်သလို အစဉ်အလာအတိုင်း တိုင်းပြည်ကို စိတ်ကြိုက် အုပ်ချုပ်နိုင်မှာပါ ။

သို့ပေမယ့် ၊ စစ်ကောင်စီဟာ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ပဲ အာဆီယံကို စစ်ငွေ့သန်းတဲ့ ရန်စကားတွေနဲ့ တုံ့ပြန်လာပါပြီ ။ အာဆီယံဟာ စစ်ကောင်စီအတွက် ဘယ်လောက်အရေးကြီးသလဲဆိုတာ ၊ မြန်မာပြည်သူတွေ သဘောပေါက်လောက်ပါပြီ ။

အာဆီယံကို ဒီလိုတုံ့ပြန်ပြီး ရန်စကားပြောလိုက်တော့ ၊ နဝတခေတ်က ထိုင်းကိုရန်စပြီး ပြည်တွင်းစည်းလုံးမှု့ ၊ ထောက်ခံမှု့ရအောင် လုပ်ခဲ့တာကို သတိရမိပါတယ် ။ ဥိးသန်းစိန်လက်ထက်တုန်းကလည်း ကိုးကန့်နဲ့ဝကို စစ်တိုက်ပြီး တရုတ်ကိုထည့်မတွက်သလိုလုပ်လိုက်တော့ လက်ခုပ်သံတွေ ညံခဲ့ပါသေးတယ် ။

သို့ပေမယ့် ၊ ဒါဟာ ၂၀၂၁ ပါ ။ အာဆီယံကို ရန်စကားပြောလိုက်ရင် ပြည်သူတွေ ကိုယ့်ဘက်ပါလာမယ်လို့ ထင်ထားပုံပါပဲ ။ ပြည်သူတွေကတော့ ” သုမနကျောမှာ ဒဏ်ရာတွေနဲ့ ” ဆိုလို စစ်ကောင်စီကို ဘယ်သူပဲတိုက်တိုက် ၊ တိုက်တဲ့ဘက်က ကုညီကြမှာပါ ။ အဓိကနဲ့ သာမညကို ခွဲတတ်နေပါပြီ ။

ထင်မထားတဲ့ စစ်ရေးအရ အရေးယူမှု့တွေကို အာဆီယံက လုပ်လာနိုင်သလား ….. ?

ဒီမေးခွန်းကတော့ စာရေးသူရဲ့ အတွေးသက်သက်သာဖြစ်ပါတယ် ။ ဖြစ်လာနိုင်တယ်လို့ မဆိုလိုပါဘူး ။ သို့ပေမယ့် ကုလရဲ့ ငြိမ်းချမ်းမှု့ထိန်းသိမ်းရေးတပ်တွေ ဝင်မလာပဲ တာဝန်ပုံပေးခံထားရတဲ့ အာဆီယံဟာ ကုလ ၊ အမေရိကန်နဲ့အီးယူတို့ရဲ့ ပံ့ပိုး အားပေးမှု့နဲ့ ဝင်မလာနိုင်ဘူးလို့တော့ အပြတ်ပြောလို့ မရပါဘူး ။ အင်ဒိုနီးရှားက ဂျက်လေယာဉ်ထုတ်နေပါပြီ ။

မလေးရှားလေတပ်က ဒေသတွင်းမှာ အဆင့်အမြင့်ဆုံး နောက်ဆုံးပေါ်လေယာဉ်တွေနဲ့ အားဖြည့်ထားပါတယ် ။ စင်္ကာပူက တိုက်လေယာဉ်တွေကို မြေအောက်မှာထားပြီး ၊ အဝေးပြေးလမ်းမကို မိနစ်ပိုင်းအတွင်းမှာ လေယာဉ်ပြေးလမ်းအဖြစ် ပြောင်းလဲနိုင်ပါတယ် ။ ဖိလစ်ပိုင်ကတော့ အမေရိကန်စစ်အခြေဆိုက်စခန်း ရှိစဉ်ကတည်းက အမေရိကန်ရဲ့ စစ်ရေးအထောက်အပံ့တွေကို ခုချိန်ထိ ရနေဆဲမို့ ၊ တရုတ်ကိုတောင် အာခံနေသူပါ။

( တစ်ခုလောက်တော့ အသိပေးချင်ပါတယ် ။ သတင်းဆောင်းပါးတစ်ခုကို အသိပေး သုံးသပ်တဲ့အခါ ဒီသတင်းရဲ့ အခြေအနေနဲ့ ၊ ဖြစ်နိုင် \ မဖြစ်နိုင် ဆိုတာကို ကိုယ်တိုင်စဉ်းစားစေချင်ပါတယ် ။ ဒီသတင်းတစ်ခုဟာ တော်လှန်ရေးကို အဆုံးသတ်သွားစေမယ့် သတင်းတစ်ခုဖြစ်နိုင်သလို ၊ အထောက်အကူပေးတဲ့ သာမန်သတင်းတစ်ခုလည်း ဖြစ်နိုင်ပါတယ် ။

အသေအချာပြောနိုင်တာကတော့ သတင်းတစ်ခုအပေါ်ကနေ ဘယ်လိုဖြစ်လာနိုင်သလဲလို့ သုံးသပ်တာပါ ။ မျှော်လင့်ချက်ပေးတာ မဟုတ်ပါဘူး ။)ဒီနေ့သတင်းတစ်ခုမှာတော့ စစ်ကောင်စီဟာ အကြံညာဏ်ကောင်းကောင်းပေးနိုင်မယ့် ပါတီတွေနဲ့ ဆွေးနွေးလိုတယ်ဆိုပြီး ကြံ့ခိုင်ရေးပါတီက နံနံပင်ကို ပွဲထုတ်လာပါတယ် ။

နံနံပင်ဟာ CNN လို သတင်းဌာနအပါအဝင် နိုင်ငံတကာသတင်းဌာနတွေနဲ့ အင်တာဗျူးခဲ့ပါတယ် ။ နံနံပင်ရွှေ့တဲ့အကွက်ကတော့ စစ်ကောင်စီကို ပါးပါးလေးဝေဖန်ထားပြီး နိုင်ငံရေးပါတီတွေနဲ့ စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်းဖို့အတွက် နိုင်ငံတကာရဲ့ ထောက်ခံမှု့ကို တောင်းခံထားတာပါ ။ ဒါဟာ နံနံပင်ရဲ့ သံတမန်နည်းလမ်းပါ ။ သတိထားရပါလိမ့်မယ် ။

ဘာ့ကြောင့်လဲဆိုရင် ၊ နံနံပင်ဟာ တိုင်းပြည်ရဲ့အခြေအနေတွေအပေါ်မှာ ငြိမ်းချမ်းရေး မျှော်လင့်သယောင်ယောင်နဲ့ အာဆီယံအစည်းအဝေးကို စစ်ကောင်စီကိုယ်စားတက်ဖို့ မျှော်လင့်နေသယောင်ထင်ရတယ်လို့ သုံးသပ်ပါတယ် ။

နောက်ထပ်သတင်းတစ်ခုကတော့ ၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပြီး လူ ၁၀၀ ကျော် လောက်ကို ထောင်ဗူးဝမှာတင် ပြန်ဖမ်းသွားပါတယ် ။ နောက်ထပ်ရင်ဆိုင်ရမယ့် အမှု့တွေ ကျန်နေသေးလို့ဆိုပြီး အကြောင်းပြပါတယ် ။ အချို့ကိုတော့ အိမ်ရောက်ပြီးမှ ပြန်ဖမ်းတယ်လို့ နိုင်ငံတကာသတင်းဌာနတွေမှာ ဖော်ပြနေသလို ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးကလည်း ထုတ်ပြောထားပါတယ် ။

စစ်ကောင်စီရဲ့ ပြည်တွင်းမှာကျူးလွန်နေတဲ့ ရာဇဝတ်မှု့တွေနဲ့ နိုင်ငံတကာဆက်ဆံရေးအခြေအနေတွေကို သုံးသပ်ပြီး ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်က ကြီးမားတဲ့ ပြည်တွင်းစစ်ကြီးဆီ ဦးတည်နေပြီ ၊ ပျက်ဆီးသွားနိုင်တယ်လို့ အသိပေးလိုက်ပါတယ် ။ ဒီသတင်းကိုတော့ ဝါရှင်တန်ပိုစ့် သတင်းဌာနက ဖော်ပြခဲ့တာပါ ။

ဘကြီးအောင် LA /22 October, 2021