စကစခေါင်းဆောင် မင်းအောင်လှိုင် ကျောကော့အောင် ခံရတဲ့ပွဲ

လွတ်လပ်ခွင့် ဆုကို ဝါရှင်တန် တွင် မိသားစု နှင့် အတူ တက်ရောက်လက်ခံရယူရင်း ပွဲလယ်တင့်နေချိန် တွင် လက်နက်အားကိုးဖြင့် ပြည်သူ့အာဏာကို မတရား ရယူထားသော မင်းအောင်လှိုင် အဖို့ အွန်လိုင်းကပင် မျက်နှာ ပြခွင့်မရသည်အထိ ကမ္ဘာက ဝိုင်းကျ‌ဉ်လာနေသည် နှင့် အမျှ ဘာလုပ်လို့ လုပ်ရမှန်း မသိ ဖြစ်နေရှာပေပြီ။

မင်းအောင်လှိုင် နှင့် စစ်ခေါင်းဆောင်များသည် သမ္မတကြီး ဦးဝင်းမြင့်ထံမှ အာဏာသိမ်းယူခြင်းကို မင်းပြောင်းမင်းလွှဲ လုပ်သည်၊ NLD အစိုးရကို ဖြုတ်ချသည်ဟုသာ တွေးတတ်ခဲ့သူများ ဖြစ်သည်၊ တကယ်တမ်းတွင် ပြည်သူများထံမှ ဒီမိုကရေစီနည်းလမ်းဖြင့် ယုံကြည်စွာ အပ်နှံခဲ့သည့် အာဏာကို လက်နက်ကိုင် ဆောင်ခွင့် ရထားသည့် စစ်ဖက် ဝန်ထမ်းများက လုယူလိုက်ခြင်းသက်သက်သာ ဖြစ်သည်ကို မည်သို့မျှ သဘောမပေါက် နိုင် ရှာကြပေ။

လာမယ့် အင်္ဂါနေ့ မှာကျင်းပမည့်အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တက်ရောက်ခွင့်ပြုမည် မဟုတ်ကြောင်း အာဆီယံအဖွဲ့ကြီးက အောက်တိုဘာ ၁၅ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။

ယင်းဆုံးဖြတ်ချက်မှာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်အတွက် နိုင်ငံတကာစင်မြင့်နှင့် သံတမန်ရေးရာ မျက်နှာစာတွင် အလွန်အထိနာစေသော ဒုတိယမြောက်ကိစ္စ ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်အား ထုတ်ပယ်ခဲ့သည့် အာဆီယံ ၏ သမိုင်းဝင် ဆုံးဖြတ်မှု

ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်မှ ၂၇ ရက်နေ့အထိ ကျင်းပခဲ့သည့် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံတွင်လည်း NUG အစိုးရ ကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းနှင့် အာဏာသိမ်း စစ်ကောင်စီ ကိုယ်စားလှယ် အောင်သူရိန်တို့ ယှဉ်ပြိုင်အရွေးခံခဲ့ကြသည်။

ထိုယှဉ်ပြိုင်မှုတွင် NUG ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ကုလသမဂ္ဂက ဆက်လက်အသိအမှတ်ပြု ခန့်အပ်ခဲ့သဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်ကောင်စီက “လေလှိုင်းအစိုးရ”ဟု အမြဲလှောင်ပြောင်ခဲ့သော NUG အစိုးရကို ၎င်းတို့ ရှုံးနိမ့်ခဲ့သည်။

ယခုတစ်ကြိမ်တွင်လည်း ပထဝီနိုင်ငံရေးအရ အလွန်အရေးပါပြီး နိုင်ငံတကာ မျက်နှာစာနှင့် သံတမန်ရေးရာတွင် အာဏာသိမ်း စစ်အပ်စု၏ အားကိုးဖွယ်ရာ အနည်းငယ်ထဲမှ တစ်ခုအပါအဝင်ဖြစ်သော အာဆီယံအဖွဲ့က ထိပ်သီးအစည်းအဝေး တက်ခွင့်မပြုဟူသော သမိုင်းဝင် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။

ဘုံသဘောတူညီမှု ၅ ချက်ကို လိုက်နာရန် အာဆီယံကသာ တဖွဖွပြောသော်လည်း အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်က တချက်ကလေးမှ ဂရုမစိုက် အလျော့အတင်း အပေးအယူမလုပ်၊ လိုက်နာဆောင်ရွက်ခြင်းမရှိခဲ့။

ဒီလိုအနေအထားကို အာဆီယံက လက်ခံပြီး ဗိုလ်မင်းအောင်လှိုင်ကို ဆက်လက်အလျော့ပေး ဆက်ဆံနေပါက အာဆီယံအဖွဲ့၏ဂုဏ်သိက္ခာ အကြီးအကျယ်ကျဆင်းရမည့် အခြေအနေ၊ နိုင်ငံတကာ မျက်နှာစာတွင် အရှက်ရမည့်အခြေအနေ ကြုံတွေ့ရဖွယ် ရှိလာသည်။

ထို့ကြောင့် “ထင်ရာစိုင်းနေသော မင်းအောင်လှိုင် အာဆီယံထိပ်သီးအစည်းအဝေး လာမတက်နဲ့တော့“ဟု အာဆီယံအဖွဲ့က ခပ်ပြတ်ပြတ် လုပ်ပြလိုက်ခြင်း ဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ သူ့ကို အာဆီယံထိပ်သီးအစည်းအဝေ မဖိတ်တာ လုံးဝမကျေနပ်။ အာဆီယံ၏ဆုံးဖြတ်ချက်က ဘေးထွက်ဆိုးကျိုး ဖြစ်လာမည်ဟုပင် အာဆီယံကို ခြိမ်းခြောက်လိုက်သေးသည်။

ဒါ့အပြင် ကုလ အတွင်းရေးမှူးချုပ်၏ အထူး သံတမန် ခရစ်စတင်း ဘာဂင်ဂါသည် ကုလ အထွေထွေညီလာခံ လူ့အခွင့်ရေး ဆိုင်ရာ ကော်မတီ ရှေ့မှောက်တွင် ပြောဆို့ရာတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဦးဆောင်မှု အောက်တွင် တိုင်းပြည် အနာဂတ်သည် မည်သို့မျှ ရှင်သန်နိုင်ဖွယ် မရှိဟု ‌ဆိုသည်။

ထို့အတွက် မင်းအောင်လှိုင်သည်သာ နိုင်ငံ အနာဂတ်အတွက် ကို တကယ်တမ်း အလေးထားသူ ဟုတ်ရိုးမှန်ပါက သူ နှင့် သူ့လက်အောက်ခံတပ်မတော်သည် ရာထူးမှ ဆင်းပေးပြီး ပြည်သူ့ ဆန္ဒ နှင့် အညီ တင်မြှောက်ခံထားရသော အရပ်သား အစိုးရကို အာဏာလွှဲပြောင်းပေးရမည်သာ ဖြစ်သည်ဟု ပြောဆိုသွားခဲ့သည်။

သို့သော် မင်းအောင်လှိုင်သည် သူသာ တိုင်းပြည်ကို ဦးဆောင်နိုင်စွမ်း ရှိသူဟု နှစ်နှစ်ကာကာ ယုံကြည်နေသော နိုင်ငံတွင်းရှိ တဦးတည်းသော ပုဂ္ဂိုလ် ဖြစ်လာနေပေပြီ၊ သူ၏ ‌‌ဇနီးသည်ပင် မသေချာ မရေရာ၊ ကျန်လူများကို သစ္စာရေသောက်ပြီး မလိမ်မညာတမ်း ပြော ဟုဆိုက ခရစ်စတင်း ဘာဂင်ဂါ ကဲ့သို့ပင် ပြောဆိုကြမည်က အသေအချာပင် ဖြစ်သည်။

လက်ရှိပင် ၎င်းတို့၏ ပါတီကြီး ဖြစ်သော ပြည်ခိုင်ဖြိုးက ယခုတိုင်း ဆက်သွား၍ မဖြစ်တော့ဟု ဗြောင်ကျကျ ထုတ်ဖေါ်ပြောဆိုလာနေပြီ ဖြစ်သည်။

မြန်မာ အတွက် ကုလ၏ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် တွန် အင်ဒရူးကလည်း မြန်မာ စစ်တပ်အား နိုင်ငံတကာ မှ ငွေ၊ လက်နက် နှင့် အသိအမှတ်ပြုခြင်း စသည် တို့ကို ငြင်းပယ်မည့်ဖြတ်သုံးဖြတ် စနစ် ကို ကျင့်သုံးကြရန်လည်း ကုလ အ‌ ထွေထွေ ညီလာခံကြီးသို့ တင်သွင်း‌ သော ၎င်း၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ထည့်သွင်းတောင်းဆိုသွားခဲ့သည်။

၎င်းတို့အား လူသားများ အပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှု များ နှင့် တရားစွဲဆိုနိုင်ဖို့ အဆင်သင့် ပြင်ဆင်ထားရတော့မည်ဟုလည်း ဆိုသည်။ လက်ရှိတွင် ကုလသမဂ္ဂ၏ တရားဝင် စစ်တမ်းများအရ အသတ်ခံခဲ့ရသူပေါင်း ၁,၁၈၀ ရှိသွားပြီ ဟု သိရသည်။

၎င်းတို့မှ ဥပဒေမဲ့ ဖမ်းဆီးခံထားရသူ များကို ပြန်လွှတ်ပေးခဲ့ခြင်းမှာလည်း တိုးမြင့်လာနေသော နိုင်ငံတကာ ဖိအားများကို ပြေလျော့လို ပြေ‌လျော့ငြား အသုံးတော်ခံလာသည့် ဇာတ်ထုတ်ဟောင်းကြီးသာ ဖြစ်သည်၊ အလန့်တကြား နှင့် လုပ်လာရ၍ လည်း ညတွင်းချင်း ပြန်၍ ဖမ်းရသည့်အထိ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့ရပြန်သည်။

ထိုသို့ ဇာတ်ထုတ်ဟောင်းကြီး အား ကပြလာခဲ့သည့် စစ်ကောင်စီ အား ကမ္ဘာလူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့များက ၎င်းတို့၏ လူ့အခွင့်မှတ်တမ်းတွင် အမှတ် တမှတ်မျှပင် ပေးရန် စိတ်ကူးထဲ မထည့်ခဲ့ကြခြင်းလည်း ဖြစ်သည်။

ယခုအခါ အားလုံးက မင်းအောင်လှိုင်၏ လက်ပါးစေတပ်များ အား နိုင်ငံ၏ အနောက်မြောက်ဒေသတွင် ခုခံ တွန်းလှန်နေကြသော ပြည်သူများအား လက်နက်အင်အား အလုံးအရင်း ဖြင့် စစ်ဆင်ရန် ပြင်ဆင်နေသည့် အပေါ် အာရုံစိုက် စောင့်ကြည့်လာနေကြပြီ ဖြစ်သည်။

၂၀၁၈ အတွင်း ရိုဟင်ဂျာ များ အပေါ် ကျုးလွန်ခဲ့သည့် စစ်ဆင်ရေး မျိုး လုပ်လာကြလိမ့်မည်ဟုလည်း တွက်ဆထားကြသည်။

ထိုသို့ အဖြစ်မျိုး ကုလ အနေဖြင့် ၎င်းတို့ မျက်စိအောက် တွင် ဒုတိယ အကြိမ် ခွင့်ပြုလိုက်ရသည့် အနေအထားမျိုး အဖြစ်ခံတော့မည် ဟု မထင်ပေ။

ထိုအရေး ကို လက်လွတ်စပယ် မပြုသင့်ကြောင်း ကုလ အထွေထွေ ညီလာခံ သို့ တင်သွင်းသော အစီရင်ခံစာတွင် တွန် အင်ဒရူး၏ တောင်းဆိုခဲ့မှု နှင့် အတူ ထိုဒေသရှိ ပြည်သူများအား လူသားချင်း စာနာသည့် အကူအညီ များကို အနှောက်အယှက် မရှိပေးနိုင်‌ရေး နည်းလမ်းများ ရှာဖွေရန် အမေရိကန်က ဦးဆောင်ပြီး ကုလ တွင် ဆွေးနွေးနေကြပြီ ဖြစ်သည်။

ဂေါင်းကြီးတို့ တခါတလေလောက်လည်း မှန်မှန်ကန်ကန် စ‌ဉ်းစား ‌တွေးခေါ်နိုင်စွမ်း ရှိကြလိမ့်မည်ဟု မျှော်လင့်မိသည်။

တော်လှန်ရေး မုချအောင်ရမည်!!!

Hla Soewai