အလံသာ မြင်ရပြီး လူမတွေ့ရအောင်လုပ်လိုက်တဲ့ ဘိုင်ဒန် အစိုးရနှင့် ပြည်တွင်းမှာသာ ကြေညာချက် အမျိုးမျိုး ထုတ်ပြီး ရှက်ရမ်း ရမ်းနေရသည့် စစ်ကောင်စီ

အာဆီယံ မှ မင်းအောင်လှိုင်အား ဖယ်ကျဉ် လိုက်မှုသည် စစ်ကောင်စီကို အကြီးအကျယ် ထိုးနှက်ခံလိုက်ရခြင်း ဖြစ်သည်မှာ တနေ့တခြား ထင်ရှားသည်ထက် ထင်ရှားလာနေပြီ ဖြစ်သည်။

၎င်းတို့၏ ရပ်တည်ရာ နှင့် လားရာကို ပထမဆုံး အကြိမ် သတိပြုမိလာသည်ဟု ယူဆ၍ရပေသည်။ ဤအချက် ကို မီးမောင်း ထိုးပြလာသည်မှာ နိုင်ငံတဝှမ်းရှိ ၎င်းတို့ စစ်တပ် အသိုက်အဝန်းများ ကြီးစိုးရာ မြို့ကြီးများဖြစ် သော နေပြည်တော်၊ ပြင်ဦးလွင် နှင့် မိတ္ထီလာ တို့တွင် စစ်တပ် ထောက်ခံပွဲများ ဆိုကာ ပြည်သူတရပ်လုံးက ၎င်းတို့ အား ထောက်ခံ နေကြလေဟန် လုပ်ကြံဖန်တီးလာမှုများက သက်သေခံနေပေသည်။

အဆိုပါ ပုဂ္ဂိုလ်များ၏ အမှားသည် စစ်တပ်ကို ထောက်ခံသည့် သဘော မသက်ရောက်တော့ဘဲ တနိုင်ငံလုံးက အမုန်းကြီး မုန်းနေပြီဟု သိထားကြသည့် အာဏာသိမ်း ခေါင်းဆောင် ၏ ဓါတ်ပုံကြီးအား စင်မြင့်ထက်တွင် ချိတ်ကာ ပူဇော်ပသ လာကြခြင်းဖြစ်၍ ၎င်းတို့၏ ထောက်ခံပွဲ ဆိုသည်ကို နိုင်ငံတကာမှ အယုံအကြည် မဲ့သွားခြင်းပင် ဖြစ်သည်။

သို့သော် ပြဿနာ က စစ်ကောင်စီသည် ၎င်းတို့ကဲ့သို့ ညံ့ဖျင်းသော အတွေးအခေါ်မျိုး လူတိုင်းတွင် ရှိနေ ကြသည်ဟု ယူဆနေကြဆဲ ဆိုသည်ပင် ဖြစ်သည်။ မည်သည့် အရာမဆို လုပ်ချင်ရာ လုပ်လာခဲ့ကြသည့် အဆင့်သာ ရှိနေသေးသည်။

အရှေ့တောင် အာရှ သို့ တရုတ်သည် စီးပွားရေး အရ တိုးမြှင့် ဆက်သွယ်လာသလို အမေရိကန်ကလည်း စစ်ရေး နိုင်ငံရေး အရ ထဲထဲဝင်ဝင် ပါဝင် ပတ်သက်လာခဲ့သည်။ ယခင် သမ္မတ ဒေါ်နယ်ထရန့် အနေနှင့် အာဆီယံ-အရှေ့အာရှ ထိပ်သီး အစည်းအဝေးကို လေးကြိမ်တိုင်တိုင် တက်ရောက်ရန် ရှောင်လွှဲသွားခဲ့သော်လည်း ဘိုင်ဒင် အစိုးရကမူ ဒုသမ္မတ၊ ကာကွယ်ရေး ဝန်ကြီး၊ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးများ အပါအဝင် အဆင့်မြင့် အရာရှိကြီးများကို အမြဲလို စေလွှတ်နေသည်ဟု ဂျပန် ၏ Nikkei Asia Review စာစောင်မှ ထောက်ပြသွား ခဲ့သည်။

အောက်တိုဘာ ၂၆ ရက် အာဆီယံ- အမေရိကန် အစည်းအဝေးကို အမေရိကန် သမ္မ ဂျိုးဘိုင်ဒင် ကိုယ်တိုင် ပါဝင် တက်ရောက်မှာ ဖြစ်ပါတယ်။ ဒါဟာ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ ၄ နှစ် အတွင်း ပထမဆုံးအကြိမ် အနေနဲ့ အမေရိကန်သမ္မတ ပါဝင်လာတာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတဟာ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ အတူ ရှိမနေလိုတဲ့ ခိုင်မာတဲ့ ရပ်တည်မှုဟာ အာဆီယံ အဖွဲ့အပေါ် သက်ရောက်ခဲ့ပြီး၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ချန်ထားခဲ့ဖို့ ဆုံးဖြတ်ချက်ဟာ အမေရိကန်ရဲ့ တွန်းအားပေးမှု အဓိက ပါဝင်နေတယ် ဆိုပြီး လေ့လာသူတွေက ကျယ်ကျယ်ပြန့်ပြန့် ရှုမြင် ထားကြပါတယ်။

၄ နှစ် အတွင်း ပထမဆုံးအကြိမ် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန်သမ္မတ ပါဝင်
ဒါဟာ စစ်အာဏာသိမ်းမှုကို အသိအမှတ် မပြုပဲ စစ်ကောင်စီနဲ့ နောက်ပိုင်း ကြေညာထားတဲ့ အိမ်စောင့် အစိုးရ အပေါ် တရားဝင်မှု မပေးလိုတဲ့ သမ္မတဘိုင်ဒင် အစိုးရရဲ့ ရပ်တည်မှုကို ထင်ဟပ် နေတယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

တစ်ဘက်မှာတော့ NUG ကို မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် ပေးတာမျိုး အထိ အာဆီယံဘက်က လုပ်ဆောင် မလာသေးတာကို ကြည့်ရင် မြန်မာအရေး အာဆီယံ တူညီဆန္ဒ ၅ ချက်ကို အကောင်အထည် ဖော်နိုင်ဖို့ရာ စစ်ကောင်စီရဲ့ ပူးပေါင်း ဆောင်ရွက်မှု လိုအပ်နေကြောင်း အာဆီယံဘက်က မျက်မှောက်ပြုထားပုံ ရတယ် အကဲခတ်တွေက ဆိုကြပါတယ်။

NUG နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ထိပ်သီးဆွေးနွေးပွဲ အကြိုနေ့မှာပဲ သမ္မတ ဘိုင်ဒင်ရဲ့ အတွင်းစည်းထဲကသူ တစ်ယောက် ဖြစ်တဲ့ အမျိုးသား လုံခြုံရေး ဆိုင်ရာ အကြံပေး ဂျိတ်ခ် ဆူလေဗန်နဲ့ NUG ထိပ်ပိုင်းကသူတွေ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ နှင့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်၏ အမျိုး သားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်တို့ အာဆီယံထိပ်သီး အစည်းအဝေး မတိုင်မီ တွေ့ဆုံဆွေးနွေး

NUG ရဲ့ ယာယီ သမ္မတ ဒူဝါလရှီးလနဲ့ NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်တို့ဟာ သမ္မတ ဘိုင်ဒင်ရဲ့ အနီးကပ်၊ မူဝါဒပိုင်း ဩဇာရှိတဲ့ အဆင့်မြင့် အရာရှိ မစ္စတာ ဆူလေဗန်နဲ့ ဆွေးနွေးခဲ့တာကို ကြည့်ရင် အမေရိကန် အစိုးရရဲ့ ကျောထောက်နောက်ခံ ပေးမှု အတိုင်းအတာ တစ်ခုအထိ NUG မှာ ရှိနေကြောင်း သိသာတယ်လို့ အကဲခတ်တွေက ဆိုပါတယ်။

အခု ထိပ်သီးဆွေးနွေးပွဲ အကြို သီတင်းပတ်မှာလည်း အမေရိကန် နိုင်ငံခြားရေး ဌာနက အဆင့်မြင့် အကြံပေးပုဂ္ဂိုလ် ဖြစ်ပြီး NUG နဲ့ကြား ခိုင်မာတဲ့ ဆက်ဆံရေးရှိတဲ့ ကောင်ဆယ်လာ ဒဲရက် ရှိုလေးဟာ အာဆီယံ ဒေသတွင်း လှည့်လည် နေခဲ့ပြီး၊ မြန်မာ့ ဒီမိုကရေစီ အရေး အပေါ် တွန်းအားပေးတဲ့ သဘောထားမျိုးတွေ ထင်ထင်ရှားရှား ပြောနေခဲ့ပါတယ်။

အာဆီယံသည် အဖွဲ့၏ အဓိက ရည်မှန်းချက် ဖြစ်သော ဒေသတွင်း အလုံးစုံ စီးပွားရေး အကျိုးတူ ပူးပေါင်းမှု သဘောတူညီချက် Regional Comprehensive Economic Partnership Agreement (RECP) ကို အဖွဲ့ဝင် ဆယ်နိုင်ငံ နှင့် ဩစတေးလျှ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီယား၊ နယူးဇီလန် တို့နှင့် လက်မှတ်ရေးထိုးပြီး အကောင်အထည် ဖေါ်ဖို့ ရှိနေသည်။

ဤသည်ကပင် မြန်မာ စစ်ကောင်စီ အဖို့ ရေကြုံစီးကာ အချောင် ကြီးပွားနိုင်သည့် အခွင့်အရေး ဟူ၍ မြင်လာ နေသည်။ အာဆီယံ မှ စစ်ကောင်စီ ၏ ခေါင်းဆောင်ကြီးပင် အစည်းအဝေး ပေးမတက်ဟု ကမ္ဘာသိ ကြေညာ လိုက်ခြင်းကြောင့် ရှေ့လျောက် ထိုသို့ နောက်ကနေ အချောင်လိုက်၍ မရတော့ဟုလည်း သဘောပေါက်လာ သည်။

အာဆီယံ ကမူ အမေရိကန် ၏ စီးပွားရေး ပိတ်ဆို့မှု ကို တိုး၍ ခံလာရဖွယ် ရှိသော freeloader များ ဖြစ်သည့် စစ်ကောင်စီ နှင့် ဝေးဝေး နေမှသာ ဖြစ်ဖွယ် ရှိသည်ဟု ခံယူခဲ့ကြပြီး ဖြစ်သည်။

မိမိတို့ တိုင်းပြည်အား အလယ်အလတ် ဝင်ငွေ အဆင့် သို့ တိုးမြှင့်နိုင်ရေး အားယူနေကြသည့် ကမ္ဘောဒီယား၊ လာအို ကဲ့သို့ နိုင်ငံများက ထိတ်လန့်လာကြခြင်းလည်းဖြစ်မည်။

ထို့ကြောင့်လည်း စစ်ကောင်စီ၏ အစဉ်အလာ မဟာမိတ်ဟု ယူဆထားသော ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီယား တို့မှ မင်းအောင်လှိုင် အား ထုတ်ပယ်ရေး ကို တရားဝင် ကန့်ကွက် ပြောဆိုခဲ့ကြခြင်း မရှိဘဲ ရေငုံနှုတ်ပိတ် နေခဲ့ကြခြင်း ဖြစ်သည်။

စစ်ကောင်စီက ထိုသို့ မျှော်လင့်ထားခဲ့ခြင်း မရှိသည်ကို ပြောခွင့်ရ ဇော်မင်းထွန်းက ထိုသို့ စကားလမ်းကြောင်းလာသည့် မလေးရှားနိုင်ငံခြားရေး ဝန်ကြီးကို သူ၏ ပုဂ္ဂိုလ်ရေး အမြင်ဟု ဆိုကာ ပမာမခန့် ပြောသွားခဲ့ခြင်းက သက်သေခံနေပေသည်။

၎င်းတို့ နှင့် မည်သူမျှ လူသိရှင်ကြား ပတ်သက်လိုကြခြင်း မရှိကြ၍ စစ်ကောင်စီသည် ထိုအရေးကို ရှောင်လွှဲရန် သံတမန် ထိုးစစ် ဆင်ခွင့်မရသဖြင့် ပြည်တွင်းမှသာ ကြေညာချက် အမျိုးမျိုး ထုတ်ပြီး ရှက်ရမ်း ရမ်းနေရသည့် ဘဝ ဖြစ်လာခဲ့ရသည်။ ၎င်းတို့၏ အားကိုးရာ တရုတ် နှင့် ရုရှားမှ ထိုအရေးအပေါ် ဝေဖန်ချက် တစုံတရာမပေး ရေငုံနှုတ်ပိတ်နေဆဲပင် ဖြစ်သည်။

ယခု အာဆီယံ အစည်းအဝေးသို့ မကောင်းတတ်လွန်း၍ နိုင်ငံရေး နှင့် မပတ်သက်သော အစိုးရ အရာရှိ ထဲက တဦးဦး ကို ဖိတ်ခေါ်မည် ဆိုကာ စစ်ကောင်စီ၏ နိုင်ငံခြားရေး ရုံးမှ အမြဲတမ်း အတွင်းဝန် ချမ်းအေး ဆိုသူကို ဖိတ်ခေါ်မည်၊ ဖိတ်ခေါ်ခဲ့သည်ဟု ဇော်မင်းထွန်းက အတည်ပြုလာခဲ့သည်။

သို့သော် စစ်တပ်သည် အာဆီယံအား ၎င်းတို့ နိုင်ငံတကာ တွင် လူရာဝင်နေဆဲဟု ဝါဒ ဖြန့်ရန် အတွက် သုံးရန်သာ လိုလားနေ၍ မင်းအောင်လှိုင် တက်ခွင့် မရခြင်း အပေါ် အကြီးအကျယ် ထိခိုက်သွားခဲ့ရခြင်းလည်း ဖြစ်သည်။

သို့သော် ချမ်းအေး ဆိုသူ တက်မည် မတက်မည် ဆိုသည်က မသေချာသေးကြောင်း၊ အာဆီယံ၏ လုပ်ပေါက် သည် တိုင်းပြည်၏ အချုပ်အခြာ အာဏာ နှင့် မိမိတို့၏ပုံရိပ်ကို စော်ကားခြင်းဖြစ်သည်ဟု ပြောဆိုသွားခဲ့သည်။ တိုင်းပြည်၏ အချုပ်အခြာ အာဏာ ဆိုသည်ကလည်း ၎င်းတို့ လက်ထဲက အာဏာ ဟု နှစ်ပေါင်း ၆၀ လုံးလုံး ခံယူထားခဲ့ ကြပြီး ဖြစ်နေသည်။

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ဆိုသည်ကိုလည်း ၎င်းတို့ လက်အောက်တွင် အနှောက်အယှက် မပေးဘဲ ပေးသမျှယူ ကျွေးသမျှစား ဘဝမျိုးဖြင့် နေထိုင်ကြရေးဟူ၍ ယူဆထားပြန်သည်။

မည်သို့ပင် ဖြစ်စေ မင်းအောင်လှိုင်၏ ကြီးမားလှသော ဘုန်းသမ္ဘာ အရှိန်ကြောင့် မင်းပရိသာတ် အလယ်တွင် အလံလေးသာ ထောင်ခွင့်ရခဲ့တော့သည်၊ တခါက ၎င်းအား ‌ခေါ်ယူတွေ့ဆုံခဲ့ခြင်းမှာလည်း ပြောစရာ ရှိ၍သာ ဖြစ်သည်ကိုလည်း နားလည် နိုင်လောက်သည်။

မင်းအောင်လှိုင်အား တက်ရောက်ခွင့် ပိတ်ပင်လိုက်ခြင်းကို စစ်ကောင်စီ က မခံမရပ်နိုင် ဖြစ်သွားသော်လည်း မြန်မာ ပြည်သူ သန်း ၅၀ ကျော် က တခဲနက် ထောက်ခံကြိုဆိုခဲ့ကြသည်ကို ဆိုရှယ်မီဒီယာများ မှတဆင့် အာဆီယံ ‌ခေါင်းဆောင်များက သိမြင်နားလည် နိုင်ခဲ့ကြပြီးဖြစ်သည်။

ဤသို့ဖြင့် သုံးရက်ကြာ ကျင်းပမည့် အာဆီယံ အစည်းအဝေး မှ မရှိ၍မဖြစ်သော မကောင်းဆိုးဝါး necessary evil ဟု သတ်မှတ်ခံထားရသည့် ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန် အား ၂၀၂၂ အတွက် ဥက္ကဌ ရာထူးကို လွှဲ ပြောင်းပေးတော့မည် ဖြစ်သည်။

ယခင် ဗိုလ်သန်းရွှေ စစ်ကောင်စီ ကိုလည်း အလားတူ necessary evil ဟု သတ်မှတ်ခံထားရာမှ မင်းအောင်လှိုင် ကိုတော့ unwanted evil မလိုလားအပ်သော မကောင်းဆိုးဝါး အဆင့်သို့ လျော့ချခံလိုက်ရပြီ ဖြစ်သည်။

ဟွန်ဆန် လက်အောက်တွင် မြန်မာအရေး အထူး သံတမန်၏ အနေအထား မည်သို့ ဖြစ်သွားမည်ကို မသဲကွဲသေးဟု စင်္ကာပူ သတင်းစာတွင် ရေးသားထားသည်။

သို့သော် အာဆီယံ အထူး သံတမန် ဖြစ်လာမည့် ကမ္ဘောဒီယား နိုင်ငံခြားရေး ဝန်ကြီး ပရပ် ဆော့ဟွန်း က မိမိတို့သည် ဘရူးနိုင် သံတမန် ၏ လမ်းကြောင်း အတိုင်း ချဥ်းကပ်သွားမည် ဖြစ်ပြီး မြန်မာ စစ်ကောင်စီ၏ ခေါင်းမာနေမှု ကို စိတ်ပျက်မိကြောင်း ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။

မြေပြင် အခြေအနေများကလည်း စစ်ကောင်စီ ကို မျက်နှာသာ ပေးလာကြခြင်း မရှိပေ။ နှစ်ပရိစ္ဆေဒ ကြာမြင့်စွာ နိုင်ငံသား တို့၏ လူနေမှု အဆင့်အတန်း အား တိုးမြင့်အောင် လုပ်ပေးနိုင်စွမ်း မရှိသည့်အပြင် အားမနာ လျှာမကျိုး အုပ်ချုပ်လာခဲ့ကြသူများ အပေါ် သည်းငြီး မခံနိုင်ကြတော့သည့် ပြည်သူ များက ခုခံ တွန်းလှန်ရေး စစ်ပွဲကို တိုးမြှင့် ဆင်နွှဲလာကြရာ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေး နှင့် ရန်ကုန်မြို့ကြီးများ တွင် ပြီးခဲ့သည့် သီတင်းပတ်ကုန် နှစ်ရက်အတွင်း အာဏာသိမ်း တပ်သား ၅၀ ခန့်ကို သုတ်သင်နိုင်ခဲ့ကြသည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

ရှုံးမဲ မဲလာနေသော စစ်တပ်မှ နိုင်ငံ အနောက်မြောက်ပိုင်းတွင် အနော်ရထာ စစ်ဆင်ရေး အမည်တပ်ကာ ပြည်သူများ အပေါ် မဲမဲမြင်ရာ အကြမ်းဖက်တော့မည့် အရေးအား ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များ နှင့် စတင် ဆွေးနွေးနေပြီ ဖြစ်သည်။ ဗြိတိသျှ တို့က ထိုအရေးသည် ဒေသအတွင်း မတည် ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ယူဆထားကြ၍ ဖြစ်ပေသည်။ ကုလသမဂ္ဂ တာဝန်ရှိသူများကလည်း အလားတူ စိုးရိမ် ပူပန်လာကြပြီ ဖြစ်၍ လှုံ့ဆော်လာခဲ့ကြသည်။

နောက်ဆုံး ရရှိသော သတင်းအရ သက်တမ်း ပြေ့ပြီ ဖြစ်၍ ရာထူးမှ နှုတ်ထွက်ရတော့မည့် ကုလအတွင်းရေးမှုးချုပ်၏ မြန်မာ အရေး အထူး သံတမန် ကက်သရင်း ဘာဂင်ဂါ၏ နေရာတွင် စင်္ကာပူ၏ ဝါရင့် သံတမန် ‌ဟောင်း တဦး ဖြစ်သူ အသက် ၇၃ နှစ် ရှိ အမျိုးသမီးကြီး ဒေါက်တာ နိုလင်း ဟေဇာ အား တရားဝင် ခန့်အပ်လိုက်ပြီ ဖြစ်သည်။

ဒါ့ကြောင့် ဒေါက်တာ နိုလင်း ဟေဇာဟာ မစ္စ ခရစ္စတင်း ရှရနာ ဘာဂနာရဲ့ နေရာကို ဆက်ခံသူ ဖြစ်လာပါတယ်။ မြန်မာပြည်သူတွေကို ကူညီနိုင်ဖို့ရာ တာဝန်တွေကို တစိုက်မတ်မတ် ထမ်းဆောင်ခဲ့တဲ့ အတွက် မစ္စ ဘာဂနာ အပေါ် ကျေးဇူးများစွာ တင်ရှိပါကြောင်းလည်း မစ္စတာ ဂူတားရက်စ်က ဆိုပါတယ်။

သူမသည် လူမှု ရေး သိပ္ပံပညာဖြင့် ကင်းဘရစ် တက္ကသိုလ် မှ ဒေါက်တာ ဘွဲ့ ရရှိခဲ့သူ လည်း ဖြစ်သည်။ ကုလ လက်ထောက် အတွင်းရေးမှုး ချုပ် နှင့် အာရှ-ပစိဖိတ်ရေးရာ စီးပွားရေး နှင့် လူမှုရေး ကော်မရှင်တွင် အမှုဆောင် အတွင်းရေး မှုး အဖြစ် တာဝန်ယူခဲ့ဖူးသည်။

ဒေါက်တာဟေဇာဟာ ကုလသမဂ္ဂရဲ့ အာရှနဲ့ ပစိဖိတ် ဒေသဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးရာ ကော်မရှင် အကြီးအကဲ တာဝန်ကို ၂၀၀၇ ကနေ ၂၀၁၄ အထိ ထမ်းဆောင်ခဲ့ပြီး၊ ဒီရာထူးကို အမျိုးသမီးတွေထဲ ပထမဆုံး စတင် ရရှိနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဒေါက်တာဟေဇာဟာ ကုလ အတွင်းရေးမှူးချုပ်ရဲ့ ကြားဝင် ညှိနှိုင်းရေး အဆင့်မြင့် အကြံပေး ဘုဒ်ရဲ့ လက်ရှိ အဖွဲ့ဝင်တစ်ယောက် ဖြစ်သလို၊ စင်္ကာပူ နိုင်ငံ NUS တက္ကသိုလ်က လူထုရေးရာ မူဝါဒ လီကွမ်ယုကျောင်းရဲ့ အုပ်ချုပ်ရေး ဘုဒ်အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

၂၀၀၅ တွင် နိုဘဲလ် ငြိမ်းချမ်းရေး ဆု အတွက် အမည်စာရင်း တင်သွင်းခံခဲ့ရသည်။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!

Hla Soewai