နာဂစ်တုန်းကလို ခြင်ထောင်တွေရောင်းစားလို့ ရမှာလား ကိုကြီး

နိုင်ငံတကာ မှ ဖယ်ကျဉ်ထားခြင်း ခံနေရသည့် မင်းအောင်လှိုင်သည် ကိုးလ အတွင်း ပထမဆုံးအကြိမ် အဖြစ် ရောက်ရှိလာသော အထင်ကရ ပုဂ္ဂိုလ်တဦး ဖြစ်သည့် အမေရိကန်မှ နယူး မက္ကဆီကို ပြည်နယ် အုပ်ချုပ်ရေးမှူး ဟောင်း ဘီလ် ရစ်ချတ်ဆန် နှင့် နေပြည်တော်တွင် ရှားရှားပါးပါး တွေ့ဆုံနိုင်ခွင့်ရလာခဲ့သည်။

စစ်ကောင်စီ ထိန်းချုပ်ထားသည့် MRTV မှ သတင်းထုတ်ပြန်ရာတွင် ကိုဗစ် ကာကွယ် ကုသဆေးများ အမေရိကန်မှ အကူအညီပေးရေး၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

သို့သော် လန်ဒန် ရှိ ဒေလီးမေးလ် သတင်းစာကြီးမှ AFP သတင်းကို ကိုးကားပြီး မြောက်ကိုရီးယား၊ အီရတ်၊ ကျူးဘား နှင့် ဆူဒန် နိုင်ငံများတွင် ထိန်းသိမ်းခံထားရသော အမေရိကန် ဓါးစာခံများ လွတ်မြောက်အောင် ကူညီခဲ့သော ရစ်ချတ်ဆန်သည် ရန်ကုန် မြို့သို့ ရောက်ရှိလာပြီဟု ဖေါ်ပြလာသည်။

မြန်မာ ပြည်တွင် စစ်တပ်က အာဏာသိမ်းခဲ့မှု အပေါ် ပြင်းထန်စွာ ရှုတ်ချပြီး စီးပွားရေး အရ ပိတ်ဆို့ဒဏ်ခတ်ရန် ဘိုင်ဒင် အစိုးရနှင့် နိုင်ငံတကာ အသိုက်အဝန်းကို တောင်းဆိုခဲ့ဖူးသူလည်း ဖြစ်သည်။ ယခင် ရခိုင်ပြည်နယ် အတွင်း ကျူးလွန်ခဲ့သော လူသတ်မှုများ အတွက် ဖေါ်ထုတ် အရေးယူ‌ရေး နှင့် ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ နှင့် အငြင်းပွားခဲ့သည့် ရစ်ချတ်ဆန်သည် ယခုအခါ ထိုလူသတ်မှုများ အတွက် အဓိက တာဝန်ရှိ နေသူ နှင့် မျက်နှာခြင်းဆိုင် လာရောက် တွေ့ဆုံနေပြီ ဖြစ်သည်။

အာဏာသိမ်းတပ်များက မည်သည့် တရားရုံးမှ တက်စရာ မလို၊ မည်သို့သော အပြစ်ဒဏ်မျိုး နှင့်မျှ ရင်ဆိုင်ရစရာ မရှိဟူသော ယုံကြည်ချက် ဖြင့် တတိုင်းပြည်လုံးတွင် ထင်တိုင်း သောင်းကျန်းနေပြီး အာဏာကို တတ်နိုင်သမျှ ဆုတ်ကိုင် နိုင်ရေး ကြိုးပမ်းနေသည်နှင့် အမျှ တဖက်တွင် လည်း

၎င်းတို့အား ညွှန်ကြားထားသည့် အတိုင်း ရှိရှိသမျှ ဆိုရှယ်မီဒီယာများ တွင် အကောင့်တုများ နှင့် သတင်း မှားများ၊ ဝါဒ ဖြန့်ချီရေး ပို့စ်များ ကူးယူ ဖြန့်ဝေပေးနေရသည်ကို စုံစမ်း သိရှိထားကြောင်း စင်္ကာပူ ရှိ ရိုက်တာ သတင်းထောက် က ဆောင်းပါးရှည်ကြီး ဖြင့် အသေးစိတ် ဖွင့်ချရေးသားလာသည်။

တဆက်တည်းမှာပင် ၎င်းတို့အား ဆန့်ကျင်နေသူများ နှင့် ဖရဲသီး ဟု အမည်ပေးထားသည့် အတွင်းရန်သူများကို လေ့လာစောင့်ကြည့်ရမည့် တာဝန်ပါ ယူထားသည်ဟု သိရသည်။ ထိုတာဝန်ကို နေပြည်တော်ရှိ ကကကွန် ဟု ခေါ်သော စစ်တပ် လူထု ဆက်ဆံရေး နှင့် သတင်းပြန်ကြားရေး ဌာနမှ ရာပေါင်းများစွာသော စစ်သားများက တာဝန်ယူ လုပ်ဆောင်နေကြသည်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အကြား အချင်းချင်း မယုံသင်္ကာဖြင့် စောင့် ကြည့်နေကြသည်ဟု လည်း သိရသည်။

အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်သည် မြန်မာတနိုင်ငံလုံးတွင် သူတဦးတည်းသာ သိမြင်နိုင်စွမ်း ရှိသည့် ပုံစံ ဖြင့် နေရာတကာ တွင် ဆရာလုပ်လာ နေသည့်အပြင် တနိုင်ငံလုံး ထမင်းလျော့စားပြီး ဟင်းသီး ဟင်းရွက် များစားရန် အထိပင် ပြောဆိုလာ၍ ပြင်သစ် တော်လှန်ရေးကြီး မတိုင်မီက

ငတ်ပြတ်လာနေသော ပြင်သစ် လယ်သမားများအား ပေါင်မုန့် မရှိလျှင် ကိတ်မုန့်စားဟု ပြောဆိုခဲ့ဖူးသော ပါးစပ်ရာဇဝင် တင်ခဲ့သည့် တော်ဝင် မင်းသမီး မေရီ အင်တွန်နက် နှင့် နှိုင်းယှဉ်ကာ လှောင်ပြောင်ခံခဲ့ရပြန်သည်။

ထိုသို့ မင်းအောင်လှိုင်မှ အရေမရ အဖတ်မရ စကားများ အား သူတဦးတည်းသာ ထိုးထွင်း သိမြင်နေလေဟန် ပြောနေ‌ ချိန် တွင် အမျိုးသား ညီညွတ်ရေး အစိုးရ ဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်း မှ တရုတ်၊ အိန္ဒိယ၊ အာဆီယံ နိုင်ငံများ နှင့် ဆက်ဆံရေး တိုးမြှင့် သွားမည် ဖြစ်ကြောင်း နှင့် နိုင်ငံတဝှမ်း ရှိ လွတ်မြောက်နယ်မြေများကို တိုးချဲ့ တည်ဆောက်သွားမည်ဟု ကတိပေး ပြောကြားသွားခဲ့သည်။

စစ်ကိုင်းတိုင်း၊ ချင်း နှင့် ကယားပြည်နယ်များတွင် စစ်ကောင်စီ ၏ အုပ်ချုပ်ရေး ပျက်ပြားသလောက်နီးနီး ဖြစ်လာနေပြီဟု သတင်းများက ဆိုသည်။ ယခုအခါ ပြည်သူများ ဖက်မှ အစိုးရ NUG၊ လွှတ်တော် CRPH နှင့် တပ်မတော် PDF ဟူ၍ ခိုင်မာသည်ထက် ခိုင်မာအောင် ဖွဲ့စည်းကာ ရုပ်လုံးပေါ်လာနေပြီ ဖြစ်သည်။

နိုင်ငံတော် အတိုင်ပင်ခံအား လမ်းလျှောက် စကားပြောစက်များ အိမ်တွင်း တွေ့ရှိခဲ့သည် ဟူသော စွပ်စွဲထားချက် များသည် ထိုသို့ သိမ်းဆည်းရာတွင် ပါဝင်ခဲ့သူ ၅ ဦး၏ တယောက်တပေါက် ထွက်ဆိုချက်များကြောင့် ပြိုလဲ လုမတတ် ဖြစ်လာရကြောင်း သတင်းများက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ထိုအမှုအပါအဝင် စုစုပေါင်း အမှု ၁၁ ခုနှင့် ရင်ဆိုင်နေရသည်။ ယခုအခါ အမှုအားလုံး အတွက် နှစ်ဖက် အပြီးသတ် လျှောက်လှဲရန် နိုဝင်ဘာ ၁၆ ရက်နေ့ကို ချိန်းဆိုထားသည်ဟု သိရသည်။

သို့သော် သမ္မတကြီး၊ နိုင်ငံတော် အတိုင်ပင်ခံ နှင့် အစိုးရ ဝန်ကြီးများကို လျှို့ဝှက်သော နေရာတခုတွင် တိတ် တဆိတ် အကျဉ်းချကာ ဥပဒေ နှင့် တရားလမ်းကြောင်း ကို ပြောင်ပြောင်ကြီး ဆန့်ကျင်ပြီး တရားစီ ရင်နေ ခြင်းကပင် ၎င်းတို့၏ မတရား ပြုကျင့်နေမှုများကို နေ့စဉ်နှင့်အမျှ ကမ္ဘာသိအောင် ကြေညာပေးနေသလို ဖြစ် နေသည်ကို ရိပ်စားသိရှိနိုင်ခြင်း မရှိပေ။ ထိုသို့သော လူများက အစိုးရ တရပ်အသွင် ရပ်တည်နိုင်အောင် ကြိုးစား နေသည်မှာ အံဩဖွယ် ဖြစ်နေရသည်။

ထို့အတွက် စကော့တလန် ရှိ ဂလပ်စဂို မြို့တွင် ပြုလုပ်နေသော ရာသီဥတု ဆိုင်ရာ ထိပ်သီး စည်းဝေးပွဲ COP26 ၏ ဘေးထွက် အဖြစ် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် နှင့် အင်ဒိုနီရှား သမ္မတ ဂျိုကိုဝီ တို့ မှ မတရား ဖမ်းဆီး ခံထားရသည့် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရန် နှင့် မင်းအောင်လှိုင် အား ၎င်း ကတိပေးထားသည့် အာဆီယံ အချက် ငါးချက် ကိုလည်း လိုက်နာရန် တောင်းဆိုကြောင်း ပူးတွဲ ကြေညာချက် ထုတ်ပြန်လာခဲ့သည်။

မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဆီယံ အစည်းအဝေးသို့ တက်ရောက်ခွင့်ရသူ အဆင့်ပင် မရှိဘဲ ရုရှား ၏ အဆင့်နိမ့် စစ်အရာရှိများနှင့် ဆက်ဆံနေရသည့် ဘဝ ရောက်နေချိန်တွင် အိမ်နီးချင်း ဖြစ်သော အင်ဒိုနီရှားသည် နောက်နှစ် အတွက် စီးပွားရေး တိုးတက်သော နိုင်ငံများ G20 ၏ ဥက္ကဌ ရာထူးကို ရယူ နိုင်တော့မည် ဖြစ်သည်။

မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက အာဆီယံ ၏ ပြည်တွင်းရေး မစွက်ဖက်ရေး မူအစား လစ်လျူမရှုရေး မူဖြင့် အစားထိုး ကျင့်သုံးရန် တိုက်တွန်းခဲ့ပြန်သည်။

ကမ္ဘောဒီယား မှ ဝန်ကြီးချုပ် ဟွန်ဆန် သည်လည်း မြန်မာ အရေး အပေါ် အထူးလုပ်ငန်း အဖွဲ့ ဖွဲ့စည်းကာ ကိုင်တွယ်သွားမည် ဟု ကြိမ်းဝါးလိုက်ပြီး ကမ္ဘာစင်မြင့်ထက်သို ပြန်လည် တက်လှမ်းလာပြီ ဖြစ်သည်။

သူ အနေဖြင့် ငြိမ်းချမ်းရေး ကာလများရော ၊ ပဋိပက္ခကာလများပါ ဖြတ်ကျော်လာခဲ့ပြီး ဖြစ်၍ ထိုအတွေ့ အကြုံများကို အခြေခံပြီး မြန်မာကိစ္စ ကို ဖြေရှင်းသွားမည်ဟု ဆိုသည်။ မြန်မာသည် မေမြို့ စစ်တက္ကသိုလ်၏ ဘူးလုံး နားမထွင်း ပညာရေး မျိုးဖြင့် လူတွင်ကျယ် လုပ်နေသော စစ်ခေါင်းဆောင်များ၏ လက်အောက်တွင်

ဖွတ်ကျော ပြာစု ဘဝ ဖြင့် ရှင်သန်ရဖို့ ရှိနေချိန်တွင် ကမ္ဘောဒီယားသည် လူတဦး၏ တနှစ်ပျမ်းမျှ ကုန်ထုတ်စွမ်း အားမှာ ဒေါ်လာ ၁,၅၀၀ ကို ကျော်လွန်လာပြီ ဖြစ်၍ အလယ်အလတ် ဝင်ငွေ အဆင့် နိုင်ငံများ အောက်ခြေသို့ ချဥ်းကပ် ရောက်ရှိလာနေပြီ ဖြစ်သည်ဟု ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။

ထိုအနေအထား ဖြစ်လာသည်မှာလည်း နိုင်ငံ၏ ပို့ကုန်များ အတွက် အနောက်နိုင်ငံ ဈေးကွက်များကို အမှီ သဟဲ ပြုနေရ၍ အမျက်တော် ရှမည့် အရေးမှ ရှောင်ရှားရန် ကမ္ဘောဒီယားသည် မြန်မာအရေးကို လိမ္မာပါးနပ်စွာ ကိုင်တွယ် သွားမည်ဟု မျှော်လင့်ရပေသည်။

စစ်ခေါင်းဆောင်များက အများပြည်သူတို့၏ အကျိုးစီးပွား၊ လိုလားချက်များနှင့် ဆန့်ကျင်ကာ အာဏာ ငမ်းဖမ်းမှု ကြောင့် တိုင်းပြည်သည် ယခင်က တခါမှ မကြုံခဲ့ဖူးသည့် ပြည်တွင်းစစ် နွံအိုင်ကြီးထဲတွင် နစ်မြုပ်နေပြီ ဖြစ် သည်။

စစ်ခေါင်းဆောင်များသည် ၎င်းတို့အား ဆန့်ကျင်သူ မှန်သမျှ ကို အကြမ်းဖက် နည်းဖြင့် ဖြေရှင်းရန် သံဓိဋ္ဌာန် ချပြီး သုံးလအတွင်း ချေမှုန်းမည်ဟု စိတ်ကူးယဉ်နေကြချိန်တွင် ပြည်သူ့ တော်လှန်ရေး အင်အားစု များဖက်က အရှိန်မြှင့် တိုက်ခိုက်လာနေကြသည်။

၎င်းတို့၏ သစ္စာခံတပ်များ အကြား စစ်ရေး သေနင်္ဂဗျူဟာ ပိုင်း အပြင် စိတ်ဓါတ်ရေးရာအရ ပါ ဒေဝါလီ ခံနေရသည့် အဖြစ်ကိုလည်း ပြည်သူတရပ်လုံးက နေ့စဉ်နှင့် အမျှ မမြင်တွေ့ချင် အဆုံး ဖြစ်လာနေပေပြီ။

‌တော်လှန်ရေးကြီး မုချအောင်ရမည်!!!

Hla Soewai

Via ~ Newsalpha24