မိုင်တဲ၏ ယခင် ဘဏ္ဍာရေး အမှုဆောင် အရာရှိချုပ် ဦးသိန်းအောင် ရှင်းလင်းခံလိုက်ရတဲ့ နောက်ကွယ်က ပဟေဠိများ

စစ်ဗိုလ်ချုပ် ဖြစ်လာသူများ၏ မတန်မရာ အာဏာငမ်းဖမ်းမှုကြောင့် နေ့စဉ်နှင့် အမျှ လူများ သေဆုံး နေကြ သည်။ ထိုလူများသည် အာဏာသိမ်းမှုသာ မဖြစ်ပွားခဲ့လျှင် အသက်ရှင်လျှက် ရှိကြဦးမည်မှာ မလွဲဧကန်ပင် ဖြစ်သည်ကို ဘာသာရေးသမားများမှ လွဲ၍ မည်သူမျှ ငြင်းဆိုနိုင်ကြမည် မဟုတ်ပေ။

ထိုအထဲတွင် နောက်ဆုံးမှ ကပ်ပါလာသူသည် မိုင်တဲ ဖုန်းကုမ္ပဏီ၏ ယခင် ဘဏ္ဍာရေး အမှုဆောင် အရာရှိချုပ် ဖြစ်သည်။ အဆိုပါ သေဆုံးမှုကို မည်သူမှ တာဝန်မခံကြသော်လည်း စစ်ကောင်စီကမူ “အကြမ်းဖက်သမား များ၏ လက်ချက်” ဟု အားလုံးက ခန့်မှန်းထားကြသည့် အတိုင်း ပြောဆိုလာလျှက် ရှိပေသည်။

မနက် ၇း၃၀ ခန့်တွင် လမ်းလျှောက်ထွက်လာသော ဦးသိန်းအောင် နှင့် ဇနီး ဖြစ်သူကို အိမ်နှင့် ကိုက် ငါးဆယ် အကွာတွင် လူ သုံးဦးက ဆိုင်ကယ်နှင့် လာရောက် ပစ်ခတ်သွားခြင်း ဖြစ်သည်။ ပစ်မှတ်က တိကျ သေသပ် လှသည်ဟု ဆိုသည်။

အံ့ဩစရာကောင်းနေသည်မှာ အဆိုပါ သတင်း အတွက် AP မှ ကုမ္ပဏီ ဒါရိုက်တာ တဦးအား ထင်မြင်ချက် တစုံတရာ ပေးရန် တောင်းခံသော်လည်း ပြောဆိုရန် ငြင်းဆိုသွားကြောင်း သိရသည်။

အသက် ၅၆ နှစ်ရှိ ဦးသိန်းအောင်သည် ရေတပ် ဗိုလ်မှူးဟောင်း တဦး ဖြစ်ပြီး စစ်တပ်ပိုင် ကုမ္ပဏီ အတော် များများ၏ ဘုတ်အဖွဲ့ဝင်လည်း ဖြစ်သည်။

အသတ်ခံခဲ့ရသည့် အနေအထား နှင့် နောက်ကွယ်က အကြောင်းများကြောင့် ပဟေဠိ ပေါင်းများစွာ ထွက်ပေါ် လာခဲ့ရသည်က အမှန်ပင်။

အဆိုပါ ပုဂ္ဂိုလ်သည် နိုင်ငံရေး နှင့်လည်း မပတ်သက်၊ ဟောင်ဖွာ ဟောင်ဖွာ လုပ်သူ လည်း မဟုတ်သဖြင့် လူမုန်းများသူ မဟုတ်ဟု သိရသည်။

ထိုကဲ့သို့ High-Value ပစ်မှတ်များကို လုပ်ကြံနိုင်ဖို့ ဆိုလျှင် ရက်ပေါင်းများစွာ အချိန်ယူ စောင့်ကြည့်ရမည် ဖြစ်သည့်အတွက် လွန်စွာ မှ အန္တရာယ်များသည်မှာ အမှန်ပင်၊ ထို့အပြင် စစ်တပ်၏ မဲမဲမြင်ရာ ပြင်းထန်စွာ တုန့်ပြန်လာမှု များကြောင့် အပြစ်မဲ့ ပြည်သူ အများ အပြား ဒုက္ခ ရောက်ကြရပေဦးမည်။

သို့သော် သတင်းများ အရ စစ်တပ်က ရပ်ကွက် လမ်းများကို ပိတ်ဆို့ပြီး သာမန်ကာ လျှံကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း ခြောက်နာရီ ကြာလာသည့်တိုင် အခင်း ဖြစ်ရာ နေရာသို့ တဦးတလေမျှပင် ရောက်လာ ခဲ့ခြင်း မရှိဟု မြန်မာ နောင်း တွင် ရေးသားထားသည်။

ကုမ္ပဏီအတွင်း ငွေစာရင်း အရှုပ်အရှင်း ရှိနေသည့် သတင်းများကလည်း ပဒူအုံ တုတ်နှင့် ထိုးလိုက်သည့် အလား ပလူပျံအောင် ထွက်ပေါ်လာနေပြန်သည်။

ဦးသိန်းအောင်သည် ရေတပ်၌ ဗိုလ်မှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစားတစ်ဦးဖြစ်ပြီး အဆိုပါ ရပ်ကွက်အတွင်း သန်းခေါင်စာရင်းမဝင်ရသေးဘဲ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ ဧည့်စာရင်းဖြင့် လာရောက်နေထိုင်သူဖြစ်ကြောင်း သိရှိရသည်။

၎င်းသည် စစ်တပ်ပိုင်ကုမ္ပဏီအများအပြား၏ အကြီးအကဲတစ်ဦးဖြစ်ပြီး မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ(MEC)၊ Star High ကုမ္ပဏီများ၏ အထွေထွေမန်နေဂျာ(GM) ရာထူး ရယူခဲ့သူဖြစ်သည်။ ထို့ပြင် Mytel ဆက်သွယ်ရေးကုမ္ပဏီ၏ မြန်မာနိုင်ငံတာဝန်ခံ အကြီးအကဲသုံးဦးအနက် တစ်ဦးဖြစ်ကြောင့် မြန်မာနောင်း သတင်းမှာ ဖော်ပြထားပါတယ်။

Justice For Myanmar ၏ အစီရင်ခံစာတစ်စောင်တွင်မူ ဦးသိန်းအောင်သည် ၂၀၁၈ တွင် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်အနေဖြင့် Mytel သို့ ဝင်ရောက်လာကြောင်း၊ ကုမ္ပဏီ၏ CFO ရာထူးအထိ နောက်ဆုံးလုပ်ကိုင်ခဲ့ပြီး ၂၀၁၉ စက်တင်ဘာတွင် နုတ်ထွက်ခဲ့ကြောင်း ဖော်ပြထားသည်။

Mytel ကုမ္ပဏီတွင် မြန်မာပိုင်း၌ ရာထူးအကြီးဆုံးဖြစ်သူမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်တက္ကသိုလ်တစ်ပတ်စဉ်ထဲ ဆင်းထားပြီး လက်ရှိ ရန်ကုန်၊ ကမ္ဘာအေးဗီလာအိမ်ရာ၌နေသူ ဗိုလ်မှူးကြီးဟောင်းဦးခင်မောင်စိုးဖြစ်ကြောင်း၊

ဦးသိန်းအောင်၏ လက်အောက်၌ သတင်းအချက်အလက်အရာရှိချုပ် (CIO) အဖြစ် လုပ်ကိုင်သူမှာ ရှရှားပြန် ဗိုလ်မှူးကြီးဟောင်း မောင်ဇော်လင်းဆိုသူဖြစ်ကြောင်း CDM ဝန်ထမ်းများထံမှ သိရသည်။

ပြည်တွင်း ပြည်ပရှိ မြို့ပြ လူ့အဖွဲ့အစည်းပေါင်း ၅၂၁ ဖွဲ့မှ ချင်းပြည်နယ် အတွင်း စစ်တပ်မှ အကြမ်းဖက် တိုက်ခိုက်မှုများ တိုးမြှင့် ပြုလုပ်လာနေမှုများ အား ဟန့်တားနိုင်ရန် ထိရောက်သည့် ပစ်ဒဏ်များ ချမှတ်ပေးရန် ကုလ လုံခြုံရေး ကောင်စီသို့ ဝိုင်းဝန်း လက်မှတ်ရေးထိုးကာ ပန်ကြားလွှာ တင်သွင်းခဲ့ကြသည်။

မဲစာရင်း လိမ်သည်ဟု ဆိုကာ အာဏာသိမ်းခဲ့ကြသည့် စစ်ဗိုလ်ချုပ်ကြီးများ၏ လုပ်ရပ်ကား နိုင်ငံသားများ အတွက် အန္တရာယ်ကြီး နှင့် ဘေးဒုက္ခကြီး ကျရောက်လာနေပြီ ဆိုသည်ကို လယ်ကွင်းထဲတွင် နွားကျောင်း နေသူက အစ သိကြပြီး ဖြစ်သည်။

၎င်းတို့၏ မိုက်မဲလှစွာ ပြည်သူတို့ အပေါ် သစ္စာဖေါက်ခဲ့မှု ကြီး က ဖုံးမရ ဖိမရ ဖြစ်လာနေမှုကို လက်တလုံးခြား လှည့်ပတ်နိုင်ရန် အဓိက တာဝန်ရှိသူ မင်းအောင်လှိုင်သည် တိုင်းပြည်အား မြေအောက် မီးရထားလမ်း ဖေါက်မည်၊ လျှပ်စစ်ကား ထုတ်မည် အစရှိသဖြင့် ဆင်ဖမ်းမည် ကျားဖမ်းမည် ဆိုကာ နေ့စဉ်နှင့် အမျှ လူပုံလယ်တွင် ပေါက်ပန်းဈေး ပြောဆိုလာနေရပြီ ဖြစ်သည်။

ဘီလ် ရစ်ချတ်ဆန်၏ ခရီးကား တရားဝင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်ဟု ၎င်း၏ ရစ်ချတ်ဆန် စင်တာမှ သတင်း ထုတ်ပြန်လာခဲ့သည်။ သူ ရောက်ရှိနေစဉ် အတွင်း စစ်ခေါင်းဆောင်များ၊ နိုင်ငံခြား သံတမန်များ၊ ကုလ နှင့် အခြား နိုင်ငံတကာ အဖွဲ့အစည်းများ မှ တာဝန်ရှိသူများ နှင့် တွေ့ဆုံခဲ့သည်။

နိုင်ငံတွင်း ဖြစ်ပေါ်လာနိုင်သည့် ကိုဗစ် စတုတ္ထလှိုင်း အား ကာကွယ်နိုင်မည့် နည်းလမ်းများနှင့် ကမ္ဘာကျန်းမာရေး အဖွဲ့ချုပ်ကြီး၏ COVAX ကာကွယ်ဆေး ထုတ်ယူနိုင်ရေး တို့ကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

လူပေါင်း ၉,၇၀၀ ခန့် ဖမ်းဆီးခံထားရသည့် အထဲ မှ ရစ်ချတ်ဆန် စင်တာ အတွက် လုပ်ကိုင်ပေးနေသည့် အမျိုးသမီး တဦး ဖြစ်သူ မအေးမိုး အား လွတ်မြောက်အောင် ဆောင်ကျဉ်းပေးနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိလာခဲ့သည်။

သို့သော် အမေရိကန် သတင်းစာဆရာ ဒင်နီ ဖန်စတာ အကြောင်းကိုတော့ တလုံးတပါဒမျှ ဖေါ်ပြထားခြင်း မရှိပေ။ ဖန်စတာ သည် ၎င်းရောက်လာမှပင် နောက်ထပ် တမှု ထပ်ပြီး တိုးသွားခဲ့ရသည်။

United States Institute of Peace အဖွဲ့ကြီး မှ တော်လှန်ရေး၏ ပထမ ရည်မှန်းချက် ဖြစ်သော စစ်တပ်၏ အာဏာခြေကုပ်ယူရန် ကြိုးပမ်းနေမှု များကို အောင်မြင်စွာ ဟန့်တား နိုင်ခဲ့သော်လည်း ဒုတိယ ရည်မှန်းချက် ဖြစ်သည့် အနာဂတ် ပြည်ထောင်စုကြီး တွင် အကျိုးတူ ပါဝင်နိုင်ရေး အတွက်

ဖက်ဒရယ် ပဋိညာဉ် စာတမ်း အရ ဧပြီလ အတွင်း ဖွဲ့စည်းထားသည့် အမျိုးသား သွေးစည်းရေး အတိုင်ပင်ခံ ကောင်စီသည် အရေးပါသော အနေ အထား ဖြင့် ပြောရေးဆိုခွင့် ရှိလာအောင် ပြုလုပ်ပေးရန် လိုကြောင်း တိုက်တွန်းလာခဲ့သည်။

သို့မှသာ လက်ရှိ ရှေ့မတိုး နောက်မဆုပ် ဖြစ်နေသည့် နိုင်ငံရေး လမ်းကြောင်းသည် ကြီးမားသော အလှည့် အပြောင်းကြီး ဖြစ်လာနိုင်ပြီး တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ဆီသို့ ဦးတည်နိုင်မည်ဟု ဆိုသည်။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!

Hla Soewai