
မြန်မာစစ်တပ်ပိုင် Mytle ဆက်သွယ်ရေးကုမ္မဏီရဲ့ အမှု့ဆောင်အရာရှိတစ်ဦးဖြစ်သူ ဗိုလ်မှုးအငြိမ်းစား ဦးသိန်းအောင်ဟာ နေအိမ်အပြင်ဘက်မှာ သေနတ်ပစ်ခံရပြီး သေဆုံးသွားပါတယ် ။ သူ့ရဲ့ဇနီးလည်း ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိသွားတယ်လို့ AFP သတင်းဌာနနဲ့ RFA သတင်းဌာနက အတည်ပြုထားပါတယ် ။
ဦးသိန်းအောင်ဟာ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ နေအိမ်ကနေ ဇနီးနဲ့အတူ အပြင်ထွက်လာခဲ့ပြီး တေးနုယဉ်လမ်းမှာ တိုက်ခိုက်ခံခဲ့ရတာပါ ။ နေရာမှာတင် သေဆုံးခဲ့တယ်လို့ တွေ့ခဲ့သူတွေက သတင်းဌာနကို ပြောပါတယ် ။
စစ်ကောင်စီဘက်ကတော့ ၅၆ နှစ်အရွယ် မိုင်တဲလ် အမှု့ဆောင်အရာရှိဟာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှု့ကြောင့် သေဆုံးသွားတယ်လို့ သတင်းထုတ်ပြန်ပါတယ် ။
ဒီပစ်ခတ်မှု့ဟာ ဘယ်သူကလုပ်တယ်ဆိုတာ ထုတ်ဖော်မပြောသေးပါဘူး ။ NUG ဘက်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ ထင်မြင်ချက်မပေးသေးပါဘူးလို့ သတင်းဌာနက ပြောထားပါတယ် ။ မြန်မာစစ်တပ်နဲ့ ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel ကုမ္မဏီတို့ ပူးပေါင်းထားတဲ့ ကုမ္မဏီတစ်ခုပါ ။
ဦးသိန်းအောင်ဟာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ( MEC ) နဲ့ သူ့ရဲ့ လုပ်ငန်းစုအဖွဲ့တစ်ခုဖြစ်တဲ့ Star High Co..,Ltd ရဲ့ အထွေထွေမန်နေဂျာ တာဝန်ကို ထမ်းဆောင်နေသူပါ ။ ( ဗိုလ်မှုးနော် ဗိုလ်မှုးပဲ ရှိပါသေးတယ် ) ။ MEC ဟာ ဖေဖော်ဝါရီ အာဏာသိမ်းမှု့အတွက် အမေရိကန်နဲ့ ဗြိတိန်ကနေ ပိတ်ဆို့အရေးယူခံရတဲ့ မြန်မာစစ်တပ်ပိုင် ကုမ္မဏီကြီး နှစ်ခုထဲက တစ်ခုပါ ။ လေတပ်ဦးစီးချုပ် မောင်မောင်ကျော်နဲ့ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်တို့နဲ့ နီးစပ်သူပါ ။
မြန်မာနိုင်ငံအတွင်းမှာ မိုင်တဲလ်တာဝါတိုင်ပေါင်း ၁၂၀ ခန့်ကို စက်တင်ဘာလက ဖျက်စီးခံခဲ့ရပါတယ် ။ ဒီတိုက်ခိုက်မှု့အတွက် အမေရိကန်ဒေါ်လာ ၁၀.၃ သန်းခန့် ဆုံးရှုံးခဲ့တယ်လို့ မန္တလေးတိုင်းက စစ်အာဏာရှင်ဆန့်ကျင်နေတဲ့ အင်ဂျင်နီယာတစ်ဦးက RFA ကို အသိပေးခဲ့ပါတယ် ။ တရားမရှိ ဖမ်းဆီးမှု့ ၊ သတ်ဖြတ်မှု့ ၊ အာဏာမက်မောမှု့တွေအတွက် တုံ့ပြန်ခဲ့တာလို့ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးကလည်း RFA ကို ပြောကြားထားပါတယ် ။
” Mytel က စစ်တပ်ပိုင်တယ် ။ စစ်တပ်ကို အကျိုးပြုတယ် ။ အဲ့ဒီငွေနဲ့ လက်နက်ဝယ်တယ် ။ ဒီတော့ မိုင်တဲလ်ကို တိုက်ခိုက်တယ် ။ ဝင်ငွေလမ်းကို လက်နက်ဝယ်လို့မရအောင် တစ်ဖက်တစ်လမ်းကနေ ပိတ်ဆို့တာပါ ” လို့ ပြည်သူ့စစ်တစ်ဦးက ပြောကြားထားပါတယ် ။
( ဒီသတင်းကတော့ သတင်းထောက် Richard Finney ရေးထားတာပါ )
ဆိုရရင် ….၊
မနေ့ကပဲ ပြောခဲ့ပါသေးတယ် ။ ဖေဖော်ဝါရီ ၁ ရက်ကတည်းက မြန်မာပြည်မှာ ဓမ္မနဲ့အဓမ္မ ၊ အုပ်စုနှစ်စု ကွဲသွားတယ် ။ ဓမ္မဘက်ကပဲဖြစ်ဖြစ် ၊ အဓမ္မဘက်ကပဲဖြစ်ဖြစ် အခုအချိန်မှာ မြန်မာပြည်သားမှန်ရင် အချိန်မရွေး သေနိုင်ပါတယ် ။
ကုလ ၊ အီးယူ ၊ ကွာဒ့်နဲ့ အာဆီယံကနေ ငြိမ်းချမ်းရေး ၊ စေ့စပ်ဆွေးနွေးရေးတွေအတွက် ကမ်းလှမ်းခဲ့ပေမယ့် စစ်ကောင်စီဘက်ကတော့ လက်နက်ရှိသူပီပီ ညှိနှိုင်းမခံခဲ့ပါဘူး ။ စေ့စပ် ညှိနှိုင်းပေးမယ့်သူတွေဟာ အဓိကခေါင်းဆောင်ဖြစ်တဲ့ အမေစုကို တွေ့ချင်နေတာပါ ။ ဒါမှလည်း အမေစုရဲ့ စကားအတိုင်း လုပ်ကြမှာပါ ။ စစ်ရေးဝင်မလာသေးတာလဲ အဓိကခေါင်းဆောင်ဖြစ်တဲ့ အမေစုနဲ့ အရင်တွေ့ဖို့ ကြိုးစားနေတယ်လို့ ယူဆရပါတယ် ။
ဒါကိုသိတဲ့ စစ်ကောင်စီကလည်း အမေစုကို ဘယ်သူနဲ့မှ ပေးမတွေ့ပါဘူး ။ ဟိုတစ်နေ့က ရစ်ချတ်ဆန်နဲ့ စစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့တုန်းကလည်း အမေစုနဲ့တွေ့ဖို့ တောင်းဆိုခဲ့ပါသေးတယ် ။ စစ်ကောင်စီကတော့ နိုင်ငံတကာသိအောင် ပယ်ချခဲ့ပါတယ် ။
ဒီတော့ ……၊ တော်လှန်ရေးဟာ အချိန်ရှည်လာလေလေ ၊ ဘယ်လိုဖြစ်လာမယ် ၊ ဘယ်သူတွေသေမယ် ၊ ဘယ်သူတွေဒုက္ခရောက်မယ် ၊ ဘယ်သူတွေနိုင်မယ်ဆိုတာ ရိပ်မိလောက်ပါပြီ ။ စတေးခဲ့ရတာတွေလည်း များလာပါပြီ ။
ဖြစ်လာမှာက ပြည်တွင်းစစ်ပါ ။ စစ်မီးကြီး လောင်ကျွမ်းပါလိမ့်မယ် ။ နှစ်ဘက်စလုံးမှာ သေအပျောက်ရှိပါမယ် ။ ပါဝင်သူရော မပါဝင်သူရော ပြည်သူမှန်သမျှ ဒုက္ခရောက်ပါမယ် ။ ကြားနေဆိုတာ မရှိပါဘူး ။ ပြည်တွင်းစစ်မီး တောက်လောင်ပြီဆိုတာနဲ့ နေအိမ် ၊ ဘာသာရေးအဆောက်အဦး ၊ ရှေးဟောင်းနယ်မြေ ၊ ပိုင်ဆိုင်မှု့ ၊ အသက်ခန္ဓာ ဆိုတဲ့အရာတွေဟာ အစိုးမရတော့ပါဘူး ။
” ငါတို့ဘက်က လက်နက်ကောင်းတွေ ထုတ်မသုံးသေးတာ ၊ လုပ်ကြည့်လိုက်လေ ၊ ရုရှားနဲ့တရုတ်က ဗီတိုသုံးပြီး ကာကွယ်ပေးထားတာ ၊ နင်တို့ဖြစ်ချင်သလို မဖြစ်စေရဘူး ”
ဆိုသလို စစ်ကောင်စီထောက်ခံသူ လူနည်းစုကလည်း ဆိုရှယ်မီဒီယာပေါ်မှာ ဒီလိုအပြောလေးတွေနဲ့ မခံချင်အောင် ပြောတတ်ကြပါတယ် ။” PDF တွေက လက်နက်စုပြီး NUG က အမိန့်ပေးမယ့်အချိန်ကိုစောင့်နေတာ ၊ တစ်ကမ္ဘာလုံးက ငါတို့ဘက်မှာ ၊ နင်တို့အဘကို အာဆီယံကတောင် အစည်းအဝေးမတက်ခိုင်းလို့ ရှက်ရမ်းရမ်းပြီး ထန်တလန်ကို မဲနေတာ ၊ ကြင်စိုး ကြင်စိုး …”ဆိုသလိုလည်း တော်လှန်ရေးသမားတွေက ပြန်လည်တုံ့ပြန်ကြပါတယ် ။
ဆိုတော့ ….၊ အခြေအနေဟာ မျက်မြင်ပါပဲ ။ လက်နက်ကောင်းတွေ ကိုင်ထားတဲ့ စစ်ကောင်စီထောက်ခံသူတွေ အချိန်မရွေး သေနိုင်သလို ၊ လူများစုရှိတဲ့ ပြည်သူတွေဘက်ကလည်း အချိန်မရွေး သေနိုင်ပါတယ် ။ ဒါဟာ အမုန်းတရားတွေရဲ့ ရလာဒ်ပါပဲ ။
ကုလတပ်တွေဝင်လာပြီး ညှိနှိုင်း ၊ Reform လုပ်မယ့်အချိန်အထိ စောင့်နေမလား ။ ကိုယ်တိုင် ငြိမ်းချမ်းရေးရှာမလားဆိုတာ စဉ်းစားကြရပါတော့မယ် ။
အမြင်အတိုင်း သုံးသပ်ရမယ်ဆိုရင်တော့ စစ်ရေးမှာ အချိန်ကြာလာလေလေ PDF တွေက အင်အားတောင့်လေလေပါပဲ ။ သံတမန်အရေးကလည်း အနိုင်ရထားပြီပါပြီ ။ စစ်ကောင်စီဘက်က ထိပ်ပိုင်းတွေဟာ တစ်ယောက်ပြီးတစ်ယောက် အခြွေခံရနိုင်ပါတယ် ။ ဒီအချိန်အတောအတွင်းမှာ နှစ်ဘက်စလုံး ဒုက္ခရောက်ပါမယ် ။ ဒါဟာ အမြင်အတိုင်း သုံးသပ်တာပါ ။
ဒီအချိန်မှာ တပ်မတော်သားတွေအတွက် မူတူးဆေးဖိုးတွေ ဖြစ်ဖို့လိုလာပါပြီ။” သတ္တိရှိလို့ ငြိမ်းချမ်းရေးယူတယ် ” ဆိုသူတွေ လိုလာပါပြီ ။ သတ္တိရှိတယ်ဆိုတာ လက်နက်မဲ့ပြည်သူကို တိုက်ခိုက်တာမဟုတ်တ်ဘူးဆိုတာ စစ်ကောင်စီလက်နက်ကိုင်တွေ စဉ်းစားသင့်ပါပြီ ။ပြည်သူတွေကတော့ ဖောင်ဖျက်ထားကြပါတယ် ။
ဘကြီးအောင် LA /4 November, 2021