တရုတ်မှ အာဏာသိမ်း အဖွဲ့ကို ဝေ့လည်ကြောင်ပတ် ဆက်ဆံလာနေ . . အမေရိကန်တို့ ဘာလုပ်သင့်ပြီလဲ

( အမေရိကန် National War College ပါမောက္ခ နှင့် ဂျော့ချ်တောင်း တက္ကသိုလ်၏ လုံခြုံရေး ဆိုင်ရာ လေ့လာမှု အစီအစဉ် ၏ တွဲဖက် ပါမောက္ခ လည်း ဖြစ်သူ Zachary Abuza ၏ ၂၀၂၁ နိုဝင်ဘာ ၅ ရက်နေ့ War on the Rock အွန်လိုင်း စာစောင် တွင် ပါရှိသည့် U.S. Policy towards Myanmar’s military” ဆောင်းပါးကို နှစ်ပိုင်းခွဲ၍ တင်ပြသွားပါမည်)

ဂျိုးဘိုင်ဒင် သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး ဆယ်ရက် အကြာမှာပင် သူ၏ နိုင်ငံခြားရေး မူဝါဒ အတိုင် ပင်ခံ အဖွဲ့ အဖို့ အရှေ့တောင်အာရှ နှင့် စပ်လျှင်းပြီး ကြီးမားသော အကြပ်အတည်းကြီး နှင့် ရင်ဆိုင်လာခဲ့ရ လေသည်။

ဤသည်က မြန်မာတွင် ဖြစ်ပွားလာသော စစ်အာဏာသိမ်းမှုကို မည်သို့ မည်ပုံ တုန့်ပြန်ကြမည်နည်း ဆိုသော ပြဿနာပင် ဖြစ်သည်။ ဖေဖေါ်ဝါရီ ၁ ရက်နေ့ အရုဏ်မတက်မီမှာပင် လူထုက ဒီမိုကရေစီ နည်းဖြင့် ရွေးချယ်တင်မြှောက်ခဲ့သည်မှာ မကြာသေးသော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အစိုးရအား မဲ မသမာမှု ပြုလုပ်သည် ဆိုသော အခြေအမြစ် မရှိ စွပ်စွဲမှုများဖြင့် မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်က အာဏာသိမ်းယူခဲ့ပေသည်။

ယင်းနှင့် အတူ နိုင်ငံအနှံ့ အကြမ်းမဖက် အာဏာ ဖီဆန်ရေး လှုပ်ရှားမှုကြီးများ ပေါ်ပေါက်လာခဲ့တော့သည်။ စစ်တပ်က လူပေါင်း ၁,၂၂၀ ကို သတ်ဖြတ်ပြီး ၉,၀၀၀ ကျော်အား ဖမ်းဆီး နှိပ်စက်ခြင်း ဖြင့် ရက်စက်စွာ ချေမှုန်း ခဲ့သော်လည်း ယနေထိ ရပ်တည်နိုင်ဆဲပင် ဖြစ်သည်။ ထို့အတွက် ဧပြီလတွင် ၎င်းတို့ အား ဆန့်ကျင် တော်လှန် နိုင်ရန် အမျိုးသား ညီညွတ်ရေး အစိုးရ NUG အား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ နှင့် ဖွဲ့စည်းတည် ထောင်လိုက်ကြသည်။

ဘိုင်ဒင် အစိုးရသည် ချက်ချင်းလိုပင် အမေရိကန် ဘဏ်များတွင် အပ်နှံထားသော ဒေါ်လာ တစ် ဘီလီယံ အား ထိန်းချုပ်လိုက်သည်။ နောက်ပိုင်းတွင်တော့ ပါးစပ်ဖြင့်သာ ဒီမိုကရေစီ ပြန်လည် ကျင့်သုံးရေး နှင့် အာဆီယံအား ပို၍ ကြိုးစားပေးရန် တိုက်တွန်းလာခဲ့သည်။

မကြာမီက နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ သည် စင်္ကာပူ၊ ထိုင်း၊ အင်ဒိုနီရှားနှင့် ဂျပန် နိုင်ငံများသို့ လှည့်လည် သွားရောက်ခဲ့ပြီး မင်းအောင်လှိုင်အား အာဆီယံ ထိပ်သီး အစည်းအဝေးသို့ ဖိတ်ခေါ်ခြင်း မပြုရန် သဘောထားကို ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက်ပေးခဲ့ကြသည်။

ထို့နောက်တွင်တော့ အမေရိကန် သမ္မတ၏ အမျိုးသား လုံခြုံရေး အကြံပေး ဂျိတ် ဆူလီဗန် သည် အောက်တိုဘာ ၂၅ တွင် NUG အစိုးရ ကိုယ်စားလှယ်များ နှင့် အွန်လိုင်း မှ တဆင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ အာဆီယံ ၏ အွန်လိုင်း ထိပ်သီး ဆွေးနွေးပွဲ တွင် ဘိုင်ဒင်မှ စစ်ကောင်စီအပေါ် ထပ်မံပြီး ဖယ်ကျဉ်ရေးကို ထည့်သွင်း ပြောဆိုသွားခဲ့သည်။

မြန်မာ အရေးသည် အာဖဂန် အစိုးရ ပြိုလဲခြင်း၊ တိုင်ဝမ်တွင် စစ်ရေးတင်းမာမှု မြင့်တက်လာခြင်း နှင့် ရုရှား၏ ဆိုက်ဘာ တိုက်ခိုက်မှုများ လောက် ကမ္ဘာသတင်းများတွင် နေရာယူခဲ့ခြင်း မရှိသော်လည်း မြန်မာ၏ စစ်အာဏာ သိမ်းမှု နှင့် ပြည်တွင်း ပဋိပက္ခများ ဖြစ်ပွားလာမှုသည် အမေရိကန် သမ္မတ၏ နိုင်ငံခြားရေး မူဝါဒ ပိုင်းတွင် ဖြေရှင်းရမည့် အရေးပါသော ဝိသေသ လက္ခဏာများ အဖြစ် ထင်ကျန်နေခဲ့သည်။

ဘိုင်ဒင် သည် ကမ္ဘာတဝှမ်း ဒီမိုကရေစီ ကျင့်စဥ်များ မြှင့်တင်ရေး ဟူ၍ လူသိရှင်ကြား ကတိကဝတ်ပြုထားမှု များ အတွက် ခလုတ်ကန်သင်း ဖြစ်လာခဲ့သည်။ ထို့အပြင် အာဏာသိမ်း စစ်ကောင်စီသည် ရုရှား၊ တရုတ်တို့ နှင့် တိုးမြှင့် ဆက်ဆံလာသည့် အတွက်လည်း အရင်းအနှီးမှာ ပို၍ကြီးလာခဲ့ရပြန်သည်။

မြန်မာ နှင့် ပတ်သက်၍ အမေရိကန် တို့ အကျိုးစီးပွား အတွက် မဖြစ်မနေ လုပ်ရမည့် အချက် နှစ်ချက် ရှိလာ ခဲ့သည်။ ပထမအချက်သည် နိုင်ငံတွင်း အရပ်သား အုပ်ချုပ်ရေး ပြန်လည် ထားရှိရန် နှင့် ဒုတိယအချက်မှာ မြန်မာသည် တရုတ် ဩဇာစက်ဝန်း အတွင်းသို့ လုံးလုံးလျားလျား ကျရောက်သွားခြင်း မရှိအောင် ကာကွယ်ရေး ပင် ဖြစ်သည်။

ထိုသို့သော ရည်မှန်းချက်များ အကောင်အထည် ဖေါ်ရေး အတွက် အမေရိကန် အနေဖြင့် NUG ကို အသိအမှတ် ပြုပြီး လူသားချင်း စာနာထောက်ထားသည့် အကူအညီများအား NUG နှင့် မြို့ပြ အဖွဲ့အစည်းများမှတဆင့် ပေးအပ်သွားရန်၊ တဆက်တည်းမှာပင် စစ်အာဏာရှင်များ အတွက် ထိခိုက်ရာ ထိခိုက်ကြောင်း ဖြစ်လာသည့် စီးပွားရေး ဒဏ်ခတ်မှုများကို ယခုထက် တိုး၍ ပြုလုပ်ရန်တို့ မဖြစ်မနေ ဆောင်ရွက်သင့်သည်။

နောက်တချက် လုပ်သင့်သည်မှာ တိုင်းရင်းသား လက်နက်ကိုင်များ နှင့် တိုက်ရိုက် ထိတွေ့ ဆက်ဆံခြင်းကို ရှောင်ရှားခဲ့သည့် အမေရိကန် မူဝါဒကို ပြောင်းလဲ ပြစ်ရန်ပင် ဖြစ်သည်။

မြန်မာသည့် ယခုအခါ ချွတ်ခြုံကျ နိုင်ငံ failed state ဘဝ ရောက်ရန် တဲတဲလေးသာ ကျန်တော့သည်။ စစ် ကောင်စီသည် ပြိုလဲလာသော တိုင်းပြည်စီးပွားရေး နှင့် ပျက်သုဥ်းလာသော အုပ်ချုပ်ရေး ယန္တရားတို့ အကြား ရုန်းကန်နေရပြီ ဖြစ်သည်။

၆၀ ရာနှုန်းခန့် ကျဆင်းလာနေသော ငွေတန်ဖိုးကို ကျားကန်နိုင်ရန် ဗဟိုဘဏ်သည် စက်တင်ဘာ မှ အောက်တိုဘာ လ အတွင်း ဒေါ်လာ သန်း ၁၁၀ ကို ဈေးကွက်သို့ ထုတ်ရောင်းလာရသည်။ နိုင်ငံခြားငွေ ခန်းခြောက်လာနေမှုကြောင့် ကားတင်သွင်းခွင့်ကို ပိတ်ပင်လာခဲ့ရသည်။

ကမ္ဘာဘဏ်က တိုင်းပြည် ၏ တမျိုးသားလုံး၏ ကုန်ထုတ်လုပ်မှု ပမာဏသည် ၁၈.၄% ကျဆင်းသွားမည် ဟူ ၍၎င်း၊ ကုလသမဂ္ဂ ကလည်း ၂၀၂၂ တွင် နိုင်ငံ၏ လူဦးရေ တဝက်နီးပါးသည် သတ်မှတ်ထားသော ဆင်းရဲ နွမ်းပါးသည့် စံနှုန်း အောက်တွင် နေထိုင်သွားကြရတော့မည်ဟု ခန့်မှန်းထားခဲ့ကြပြီ ဖြစ်သည်။

ဓါတ်မြေ ဩဇာများ ဈေးကြီးစွာ ဝယ်ယူရတော့မည် ဖြစ်၍ တင်သွင်းမှု ကျဆင်းလာသည်နှင့် အမျှ သီးနှံ အထွက်နှုန်းအား ကြီးမားစွာ ခြိမ်းခြောက်လာနေသည်။

နိုင်ငံခြား အရံငွေသည် ဒေါ်လာ ၆ ဘီလီယံ ခန့်လောက်သာ ကျန်တော့ သည်ဟု စစ်ကောင်စီ၏ စီးပွားရေး တာဝန်ခံ ဆိုသူက ပြောလာ၍ ကျပ်ငွေတန်ဖိုး ထပ်မံကျဆင်းလာမည့် အန္တရာယ်ကို ရေရှည်တောင့်ခံနိုင်ရန် ရုန်းကန်ကြရတော့မည် ဖြစ်သည်။

ဝန်ထမ်းများ၏ CDM လှုပ်ရှားမှုသည် ဆက်လက် ရှိနေပြန်သဖြင့် စီးပွားရေးကို တည်ငြိမ်ရန် ထိန်းသိမ်းနိုင်လိမ့်မည် ဟူသော စစ်ကောင်စီ၏ မျှော်လင့်ချက်များ ပြိုလဲ ကျဆင်းလာနေရသည်။

လောလောဆယ်တွင် အာဏာသိမ်း အဖွဲ့သည် ကမ္ဘာ၏ အာရုံစိုက်မှု အခြားနေရာများသို့ ရောက်နေ၍ အတန် ငယ် အသက်ရှူ ချောင်နေခဲ့ပြီး ကုလ လုံခြုံရေး ကောင်စီတွင် တရုတ် နှင့် ရုရှားတို့၏ ထောက်ခံမှု ရနေဆဲပင် ဖြစ်သည်။

ရုရှားသည် လုံခြုံရေး ကောင်စီတွင် စစ်ကောင်စီ အား ထောက်ခံမှု ပေးထားရုံမျှဖြင့် အခြားအကုန် အကျ များစရာ မလိုဘဲ ၎င်းတို့ထံမှ လက်နက်များကို ရောင်းချခွင့် ရ၍ အမြတ်အစွန်း များပင် ရရှိနေသည်။ အခြား စစ်ကောင်စီ အတွက် အားထားနေရသည်မှာ အာဆီယံ၏ ပြည်တွင်းရေး ဝင်မစွက်ဟူသော မူပင် ဖြစ်သည်။

ထိုအနေအထားများက ပြောင်းလဲ လိုက်လာနေပြီ ဖြစ်သည်။ နိုင်ငံတကာတွင် အထီးကျန် ဆန်သည်ထက်ဆန် လာနေပြီး တိုင်းပြည်အတွင်း အခြေအနေများ တနေ့တခြား ဆိုးဝါးလာနေသဖြင့် မလေးရှား၊ အင်ဒိုနီရှား နှင့် စင်္ကာပူ တို့က မင်းအောင်လှိုင်အား ၎င်းတို့၏ ထိပ်သီးချင်း တွေ့ဆုံပွဲသို့ မဖိတ်ခေါ်ရန် ထိုင်း နှင့် ဗီယက်နမ်တို့က ကန့်ကွက်နေသည့်ကြားမှ ကျန် အာဆီယံ အဖွဲ့ဝင် နိုင်ငံများကို ဖျောင်းဖျ နိုင်ခဲ့သည်။

ဤသည်ကလည်း စစ်ကောင်စီ အပေါ် အာဆီယံနိုင်ငံများက မုန်းတီးရွံရှာလာကြ၍ ပထမဆုံး အကြိမ် ထိုကဲ့သို့ ဆုံးဖြတ်လိုက် ကြခြင်းဖြစ်သည်။ မင်းအောင်လှိုင် ကိုယ်တိုင် သဘောတူ၍ ချမှတ်ခဲ့သော အာဆီယံ၏ မြန်မာ အရေးဖြေ ရှင်းရန် ဘုံရပ်တည်ချက် ငါးချက်ကို တကယ်တမ်း အကောင်အထည် ဖေါ်ရန် ငြင်းပယ်ခဲ့သည့် အတွက် အာဆီယံ အဖို့ အရှက်တကွဲ အကျိုးနည်း ဖြစ်လာခဲ့ရသည်။ မလေးရှား မှ ပြည်တွင်းရေး ဝင်မစွက် ဟူသော မူကို ပြောင်းလဲရန် ပင် တောင်းဆိုလာခဲ့သည်။

အာဆီယံအဖွဲ့ အတွင်း စစ်ကောင်စီအပေါ် စိတ်ပျက်လက်ပျက် ဖြစ်လာပြီး မင်းအောင်လှိုင်ကို အစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်သည် အထိ ဖြစ်လာနေသော်လည်း ၎င်းတို့၏ အထူး သံတမန်ကို ပြည်ဝင်ခွင့် ပေးရန် ငြင်းဆန်ခြင်းဖြင့် တုန့်ပြန်နေဆဲ ဖြစ်သည်။

အသစ်ခန့်အပ်ထားသော ကုလ အတွင်းရေးမှူးချုပ်၏ သံတမန်သည် ပြည်ဝင်ခွင့် ရဖို့ အလားအလာ မရှိသလောက်ပင်။

အာဏာသိမ်း အဖွဲ့ အတွက် နောက်ထပ် အကြီးအကျယ် စိုးရိမ်စရာ ဖြစ်လာရသည်က တရုတ်၏ ရပ်တည်ချက် ပင် ဖြစ်သည်။

စစ်ကောင်စီ ၏ စီးပွားရေးကို အလွဲလွဲ အမှားမှား စီမံခန့်ခွဲနေခြင်း၊ ကိုဗစ် ကပ်ရောဂါအား နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်ခြင်း မရှိသည့် အတွက် နယ်စပ်ကို ပိတ်ခဲ့ရသည့်ခြင်း၊ ခါးပတ်လမ်း စီမံကိန်းများ နှောင့်နှေးလာရခြင်းများ အထိ ဖြစ်လာသည်။

စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား တိုက်ပွဲများ ကြောင့် တရုတ်၏ ဒေါ်လာ ၂ ဘီလီယံ တန် ပိုက်လိုင်း လုံခြုံရေး ကို ခြိမ်းခြောက်လာနေပြန်သည်။ (ဇန်နဝါရီ နှင့် စက်တင်ဘာ အကြား သဘာဝ ဓါတ်ငွေ့ ၃.၃၅ ကုဗ ဘီလီယံ အထိ တင်ပို့နိုင်ခဲ့သည်ဟု တရုတ်ပြည်သူ့နေစဉ် သတင်းစာက ထုတ်ပြန်ခဲ့သည်)

တရုတ် အထူး သံတမန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရရေးအထိ ကြိုးပမ်းခဲ့သော်လည်း ငြင်းပယ် ခံခဲ့ရသည်။

အာဏာသိမ်း အဖွဲ့၏ ရုပ်သေး ရွေးကောက်ပွဲ ကော်မရှင်သည် NLD အား ဖျက်သိမ်းရန် ခြိမ်းခြောက် လာသည့်အခါ တရုတ် ကွန်မြူနစ်ပါတီကြီးမှ ပါတီချင်း ဆက်ဆံရေး အထိမ်းအမှတ်အဖြစ် NLD အား သဝဏ်လွှာ ပေးပို့လိုက်ခြင်းဖြင့် ထိုသို့ မလုပ်ရန် ရှင်းလင်းစွာ သတိပေးလာခဲ့၍ ဗိုလ်ချုပ်ကြီးများ နောက်ဆုတ် သွားခဲ့ရသည်။ ဩဂုတ်လ အတွင်းက ၎င်းတို့၏ နယ်နမိတ်အတွင်းသို့ အမြှောက်ဆံများ ကျရောက်လာပါက “လိုအပ်သလို တုန့်ပြန်သွားမည်” ဟု သတိပေးခဲ့ပြန်သည်။

စက်တင်ဘာလ အတွင်း တရုတ် သည် လက်ရှိ NUG ကို ထောက်ခံသည့် ကုလရှိ မြန်မာ သံအမတ်ကြီးကိုပင် ဆက်လက်ထားရှိရေး အတွက် အမေရိကန် နှင့် နောက်ကွယ်တွင် သဘောတူညီမှု ရခဲ့ကြသည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်း သည် ကုလ သမဂ္ဂတွင် NUG အား ဆက်လက် ကိုယ်စားပြုခွင့် ရနေခြင်းကပင် အာဏာသိမ်း အဖွဲ့ အတွက် အကြီးအကျယ် အရှက်ရစရာ ဖြစ်လာနေသည်။

လာအို နှင့် ကမ္ဘောဒီယား ကဲ့သို့ တရုတ် အပေါ် စီးပွားရေး အရ မှီခိုအားထားနေရသည့် နိုင်ငံများက မင်းအောင် လှိုင်အား အာဆီယံ အစည်းအဝေးသို့ ဖိတ်ခေါ်ခြင်း မပြုရန် ကို သဘောတူ လိုက်လျောခဲ့ခြင်းသည်ကပင် နောက်ကွယ်မှ တရုတ်၏ ထောက်ခံမှု ရခဲ့ကြသော ကြောင့် ဖြစ်သည်။ ဤသည်ကို ကြည့်လျှင် တရုတ်မှ အာဏာသိမ်း အဖွဲ့ကို ဝေ့လည်ကြောင်ပတ် ဆက်ဆံလာနေသည်မှာ ထင်ရှားလာခဲ့သည်။

ဆက်လက်တင်ပြသွားပါမည်။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!

Hla Soewai