
ယခင် ဦးသိန်းစိန်အစိုးရလက်ထက်က ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖြစ် ဆောင်ရွက်ခဲ့ကြသူများကို အာဏာသိမ်းမှုဖြစ်ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ က သ တ် ဖြ တ်ရန် ကြံစည်နေကြောင်း ယင်းအကျိုးတော်ဆောင်များအနက် တစ်ဦးက နိုဝင်ဘာ ၈ က သံတမန်တစ်ဦးထံ အကူညီတောင်းခံခဲ့သည့်စာ ပေါက်ကြားလာသည်။
ငြိမ်းချမ်းရေးအကျိုးတော်ဆောင် တစ်ဦးဖြစ်သူ ဦးအောင်နိုင်ဦးက သံအမတ်တစ်ဦးထံသို့ လိပ်မူ၍ “NUG/PDF က လှမောင်ရွှေ၊ အောင်နိုင်ဦးနှင့် မင်းဇော်ဦးတို့အပေါ် အသက်အန္တရယ်ခြိမ်းခြောက်မှု” ဟု ခေါင်းစဉ်တပ်ကာ နိုဝင်ဘာ ၈ က သံတမန်တစ်ဦးထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။
A4 ၃ မျက်နှာခန့်ရှိ ယင်းစာတွင် “ခြိမ်းခြောက်မှုက တကယ်ပါ။ ကျနော်တို့ တော်တော်ကို စိုးရိမ်ထိတ်လန့်နေရပါတယ်” ဟု ဦးအောင်နိုင်ဦးက ရေးသားထားသည်။
အန်ယူဂျီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ‘အော်ပရေရှင်း’ များကို ကွပ်ကဲသည်ဟု ဦးဆောင်နိုင်ဦးက စွပ်စွဲထားသည်။
ဦးအောင်နိုင်ဦး၏ ယခု ပြောဆိုချက်ကို အန်ယူဂျီ၏အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာဆာဆာက ငြင်းဆိုထားသည်။
“သူ့ကို သတ်ပါ၊ ဟိုသူ့ ကိုသတ်ပါ လို့ရေးထားတဲ့ စာရင်းရှိတယ်ပြောတယ်။ အဲဒါဆို စာရင်းရှိရင်သက်သေပြပါ။ အဲဒီစာရင်းက NUG က ဘယ်သူ့ဆီက ထွက်လာသလဲ သက်သေပြပါ။ ဒါပေမယ့် သက်သေမရှိဘူး” ဟု ဒီဗွီဘီ သတင်းဌာနနှင့် နိုဝင်ဘာ ၁၂ က မေးမြန်းခန်းတွင် ဒေါက်တာဆာဆာက ပြောဆိုထားသည်။
ထို့ပြင် “အခြေအမြစ် မရှိသလို လုံး၀ NUG ရဲ့ ပုံရိပ်ကို ကျအောင်၊ပျက်စီးအောင် ကြိုးစားနေတဲ့ ဟာပဲ ဖြစ်တယ်လို့ ကျနော်ထင်တယ်” ဟု ဒေါက်တာဆာဆာက ဆိုသည်။
ဦးအောင်နိုင်ဦးက ယခုအကြောင်းအရာကို အမေရိကန်နိုင်ငံခြားရေးဌာန၊ ဥရောပသမဂ္ဂရုံးစိုက်ရာ ဘရပ်ဆဲ၊ သြစတေးလျနိုင်ငံ၊ လန်ဒန်နှင့် အခြား သက်ဆိုင်ရာအစိုးရ အကြီးအကဲများထံလည်း ပေးပို့ပြောဆိုမည်ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် NUG/PDF ကို ကူညီပေးနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုလည်း ဆက်သွယ်သွားမည်ဟု ရေးသားထားသည်။
သမ္မတ ဦးသိန်းစိန်လက်ထက်မှာ နော်ဝေနိုင်ငံက ကူညီထောက်ပံ့ပြီး မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ဆိုပြီး တလ ဒေါ်လာ တသောင်း လစာ နဲ့ ငြိမ့်နေခဲ့ကြတဲ့ လှမောင်ရွှေ၊ အောင်နိုင်ဦးနှင့် မင်းဇော်ဦးတို့ပါဝင်သော ငြိမ်းချမ်းရေးပွဲစားအဖွဲ့ဟာ NCA ပျက်သွားမှာ သေမလောက်ကြောက်ကြပါတယ်။
NCA ဆိုတာ သူတို့ရဲ့ လောက စည်းစိမ် ဖန်တီးပေးတဲ့ ကျမ်းစာအုပ်ပဲ။ NCA သည်မပြီးပြတ်သေးတဲ့ (ဆွေးနွေးဖို့ကျန်သေးတဲ့) အချက်တွေရှိတယ် လို့ ပြောထားတာကို သူတို့ရဲ့ project မပြီးမှာစိုးလို့ ဦးသိန်းစိန် မဆင်းခင် တက်တုတ်ရိုက် အားလုံးမပါပဲ ၁၀ ဖွဲ့နဲ့ အတင်း လက်မှတ်ထိုးပွဲကျင်းပခဲ့တာ ဒီအဖွဲ့ရဲ့ ကြိုးပမ်းမှုပါ။ နိုင်ငံတကာသံသမန်များကိုလဲ ညာခဲ့တယ်။ သူတို့ကြိုးစားလို့ မြန်မာပြည်ငြိမ်းချမ်းနေပြီပေါ့။
NCA ဆွေးနွေးပွဲတွေမှာ တချို့ EAOs ကိုယ်စားလှယ်တွေဟာ ကိုယ့်စရိတ်နဲ့ ကိုယ်လာတာကို လေယဥ်လက်မှတ်တွေအတင်းတောင်းယူပြီး ခရီးစရိတ်ကို သူတို့ပဲ ထုတ်ယူခဲ့ကြတယ်။
အာဏာသိမ်းကတည်းက ထိုင်းဖက် ခေါက်တုန့်ခေါက်ပြန် NCA ထိုးထားတဲ့ အဖွဲ့များကိုအမျိုးမျိုးချော့ပြီး တော်လှန်ရေး အားနည်းသွားအောင် NCA အဖွဲ့နဲ့ NUG မပေါင်းမိအောင် နည်းမျိုးစုံကြိုးစားခဲ့ကြတယ်။
အခုတော့ ဘယ်လိုမှ ကြိုးစားလဲ မအောင်မြင်တော့ နိုင်ငံတကာကို သက်သေမရှိတဲ့ စွပ်စွဲချက်တွေနဲ့ ချပြဖို့ကြိုးစားကြတယ်၊ NUG ဟာ သူတို့ကို လုပ်ကြံဖို့ ကြံနေပါသတဲ့။
ကျနော်ပါနေတဲ့ NUG Cabinet မှာ တခါမှ အဲ့ဒီလို လုပ်ကြံသတ်ဖြတ်ဖို့ကိစ္စ ယောင်လို့တောင် မဆွေးနွေးဖူးသလို ဘက်ဂျက်ချပေးတာလဲ မရှိဘူး။ ကျနော်ကိုးကွယ်တဲ့ ဘုရားသိပါတယ်။
အောက်ခြေမှာ ဖြစ်ပျက်နေတဲ့ ဒလန်ရှင်းရေးဟာ အကျိုးရှိလို့အကြောင်းရှိလာတာပါ။ ဒီလို သတ်ဖြတ်နေတဲ့ သံသရာကို ဘယ်သူ စသလဲ? ကျနော်တို့ NUG အနေနဲ့က ဒီလို ဥပဒေမဲ့ သတ်ဖြတ်မှုမျိုး အားလုံးကို ချုပ်ငြိမ်းနိုင်ဖို့ကြိုးစားနေတာပါ။
NUG ရဲ့ PDF အဖွဲ့တွေအတွက်လိုက်နာရမဲ့ Code of Conduct တွေကို ထုတ်ပြန်ထားပြီးလဲ ဖြစ်ပါတယ်။
ကျနော်တခုစိုးရိမ်တာက နောက်ထပ် NUG ကို နာမည်ဖျက်ဖို့ ဆရာတို့ကို အသုံးချသွားမှာပဲ စိုးရိမ်ပါတယ်။ ခုပုံစံအတိုင်းဆိုရင်တော့ သူတို့ကို ခြိမ်းခြောက်နေတဲ့ အဖွဲ့ရှိနေတာသေချာပြီ၊ NUG ရဲ့ PDFတွေ မဟုတ်တာတော့သေချာတယ်၊
သို့သော် NUG ကိုနာမည်ဖျက်ဖို့ နိုင်ငံတကာပေါက်ရောက်တဲ့ ဆရာတို့အဖွဲ့ဟာ အကောင်းဆုံးပစ်မှတ်ဖြစ်လာနိုင်ပါတယ်။ စစ်အုပ်စု မလုပ်ရဲတာ ဘာမှ မရှိဘူးနော်။ နိုင်ငံခြားထွက်သွားကြပါ၊ စေတနာ နဲ့ပြောတာပါ။
Ref: Mratt Kyaw Thu and Dr Tu Khaung