မြန်မာပလာဇာ ဆိုင်ရှင်တွေကို ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဖိအားပေး

မြန်မာပလာဇာ(Myanmar Plaza)မှာ ဆိုင်တွေမထွက်ကြတာ၊ မြန်မာပလာဇာနဲ့ မပတ်သက်တော့ကြောင်း ဆိုင်ရှင်တွေ၊ လုပ်ငန်းရှင်တွေက လူမှုမီဒီယာမှာ စာတွေ ရေးတင်ကြတာ စတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ဒေသကြီးအဆင့်က ဖိအားပေးတာတွေ စလုပ်နေပြီလို့ မြန်မာပလာဇာဆိုင်ရှင်များ အသိုင်းအဝိုင်းကပြောဆိုကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာပလာဇာနဲ့ ပတ်သက်တဲ့ လုပ်ငန်းရှင်အများအပြားကို စစ်ကောင်စီ ရန်ကုန်တိုင်းအစိုးရက မြို့တော်ခန်းမကို ဒီကနေ့ နိုဝင်ဘာလ ၂၈ ရက် မနက်ပိုင်း ၁၀နာရီမှာ အစည်းအဝေးလာတက်ဖို့ မနေ့ည နိုဝင်ဘာလ ၂၇ရက် နေ့က ခေါ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီအစည်းအဝေးမှာ မြန်မာ ပလာဇာ ဆိုင်ရှင်တွေ၊ လုပ်ငန်းရှင်တွေဘက်က သွားတက်ခဲ့တဲ့သူ ၁၀ ယောက် တောင် မပြည့်ဘူးလို့ ဆိုပါတယ်။

အစည်းအဝေးကို လာတက်တဲ့ စစ်ကောင်စီ ရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့ စစ်ဗိုလ်ချုပ်တွေက ဆိုင်ရှင်တွေဘက်က တက်တဲ့လူနည်းလို့ အတော်မကျေမချမ်းဖြစ်ခဲ့ပြီး အစည်းအဝေး လာ မတက်တဲ့ ဆိုင်ရှင်တွေကို သက်ဆိုင်ရာ နယ်မြေခံရဲတွေကနေတဆင့် ဖမ်းခိုင်းတဲ့အထိ ရန်ကုန် တိုင်းဝန်ကြီးချုပ်က ပြောခဲ့ကြောင်းလည်း မြန်မာပလာဇာဆိုင်ရှင်များ အသိုင်းအဝိုင်း ကြားမှာ ပြောနေကြပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့က မြန်မာပလာဇာအတွင်းမှာ လူငယ်တချို့က စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြခဲ့ရာမှာ မြန်မာပလာဇာ လုံခြုံရေးဝန်ထမ်းတွေက အဲဒီလူငယ်တွေကို ဖမ်းဆီးခဲ့ကြတဲ့နောက်ပိုင်း မြန်မာပလာဇာက ဆိုင်ရှင်တွေက သူတို့ရဲ့ ဆိုင်တွေကို နောက် ရက်က စပြီးမဖွင့်ခဲ့ကြတာ အခုအချိန်အထိပါ။

ဆန္ဒပြသူလူငယ်တွေအပေါ် မြန်မာပလာဇာ လုံခြုံရေးဝန်ထမ်းတွေရဲ့ ပြုမူချက်နဲ့ ပတ်သက်ပြီး စစ်အာဏာသိမ်းဆန့်ကျင်ရေးအတွက် နိုင်ငံတလွှားက သပိတ် ကော်မီတီတွေကို ပေါင်းစု ထားတဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (General Strike Coordination Body – GSCB) ကလည်း ပြည်သူတွေ အနေနဲ့ မြန်မာပလာဇာမှာ စျေးမဝယ်ကြဖို့ တိုက်တွန်းထားပါတယ်။

ဆိုင်တွေ မဖွင့်၊ လူတွေမလာတော့တဲ့နောက်ပိုင်းမှာ မြန်မာပလာဇာက တာဝန်ရှိသူတွေက ဆန္ဒပြသူတွေကို ဖမ်းဆီးတဲ့ လုံခြုံရေးဝန်ထမ်းတွေကို အလုပ်ကထုတ်လိုက်ကြောင်း၊ နောက်နောင် ဒီမိုကရေစီရေး ဆန္ဒပြတာတွေကို မဆန့်ကျင်တော့ပါကြောင်း တောင်းပန် စာထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာ စာကိုလှုမှုကွန်ရက်က ဖြုတ်သွားခဲ့ပါတယ်။ဆိုင်တွေက ဆက်လက် ပိတ်ထားဆဲဖြစ်သလို၊ လူတွေလည်း အဲဒီမှာ စျေး မဝယ်ကြပါဘူး။

အခုသတင်းရေးချိန်အထိတော့ မြန်မာပလာဇာဆိုင်ရှင်တွေကို စစ်ကောင်စီရဲ့ အာဏာပိုင်တွေက ဆိုင်တွေကို ပြန်ဖွင့်ပါဆိုတဲ့ ညွှန်ကြားချက်တော့ ထွက်မလာသေးပါဘူး။

“ကိုယ့်ဆိုင်ကို မဖွင့်တဲ့အပေါ် အရေးယူနိုင်တဲ့ ဥပဒေမျိုးမြန်မာနိုင်ငံမှာ မရှိဘူး“လို့ ဆိုင်ရှင်တွေ အသိုင်းအဝိုင်းမှာပြောနေကြပေမယ့် “အဲဒီလိုမဖွင့်တာဟာ အကြမ်းဖက်မှုကို အားပေးတယ် ဆိုတဲ့ မဆီမဆိုင် ညွှန်ကြားချက်တွေလာမှာ”ကိုလည်း သူတို့က စိုးရိမ်နေကြပါတယ်။

ဆိုင်ဆိုတာက “ဝယ်သူမလာရင် ဖွင့်လည်း ဘာမှ အကျိုးရှိတာမဟုတ်ဘူး“လို့ မြန်မာပလာဇာ ဆိုင်ရှင်တွေ အသိုင်းအဝိုင်းမှာ ပြောနေကြပြီး မြန်မာပလာဇာ ပြန်ဖွင့်လာဖို့ အရေးက ကြာမှာ လို့လည်း မှန်းဆနေကြပါတယ်။

နိုဝင်ဘာ ၂၆ရက် နေ့ကစပြီး ရန်ကုန်မြို့က မြန်မာပလာဇာအတွင်း City Mart ပိုင် Market Place အပါအဝင် ဆိုင်ခန်းအများစုပိတ်ထားတာကို တွေ့ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ရက်မှာ မြန်မာပလာဇာ အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့တဲ့လူငယ်တွေကို စျေး၀ယ်စင်တာရဲ့လုံခြုံရေးတွေဖမ်းဆီးခဲ့ပြီး အဲဒီဖြစ်စဉ်ကြောင့် လူထုရဲ့ ဝေဖန်မှုတွေနောက်မှာ အဲဒီအထဲက ဆိုင်တွေ အခုလိုပိတ်လာကြတာလို့ ဆိုကြပါတယ်။

အဲ့ဒီ့နေ့က ဖြစ်စဉ်မှာ လုံခြုံရေးတွေရဲ့ဖမ်းဆီးမှုကြောင့် ဆန္ဒပြရာမှာ ပါဝင်တဲ့ လူငယ် ၇ ဦးလောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ လူငယ်တစ်ဦးက ဖြေကြားထားပါတယ်။

ဖြစ်စဥ်ဖြစ်ပြီးတဲ့နောက် မြန်မာပလာဇာဘက်က​ တောင်းပန်စာသဘောမျိုးထုတ်ပြန်ခဲ့တာတွေ့ရပေမယ့် လူထုကတော့ မြန်မာပလာဇာမှာ ဈေးမဝယ်ရေး သပိတ်မှောက်ဆန့်ကျင်ကြဖို့ လူမှုကွန်ရက်မှာ ဆော်ဩမှုတွေပြုလုပ်နေတာ တွေ့ရပါတယ်။