ကရင်ပြည်နယ်က စစ်ကောင်စီတပ်တွေကို နောက်ကွယ်က ကွပ်ကဲနေသူ

အမြောက်တွေတင်ဆောင်လာတဲ့ စစ်ကားနှစ်စီးအပါအဝင် စစ်ကောင်စီကား ၁၆ စီးဟာ အိန္ဒု ကော့ကရိတ်အာရှလမ်းအတိုင်း ရောက်ရှိလာပြီး ဒီမနက်အစောမှာ လွန်းညရွာကို ရောက်ရှိခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြထားချက်အရ သိရပါတယ်။

လွန်းညရွာက ဘားအံမြို့အထွက်ရွာဖြစ်ပြီးတော့ ကားတွေက လေးကေကော်ကိုဦးတည်သွားနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ခန့်မှန်းခြေ အင်အား ၇၀ ခန့်ရှိပြီးတော့ အိန္ဒု ကော့ကရိတ်အာရှလမ်းအတိုင်းတက်သွားနေ တယ်လို့ လူထုနွေဦးသတင်းမှာ ဖော်ပြထားချက်အရ သိရပါတယ်။

ကော့ကရိတ်မှာ ပစ်ခတ်သံတွေအခုမနက် ၈ နာရီကျော်ကျော်လောက်မှာ စကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ်ကို အင်တာနက်လက်ဖြတ်တောက်မယ့်သတင်းတွေလည်းထွက်ပေါ်နေတယ်လို့လည်းသိရပါတယ်။

လေကေကော်ကနေစတင်ခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေအကျအဆုံးများတဲ့သတင်းတွေဆက်တိုက်တက်လာနေပြီးတော့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ အမှတ် ၄ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးကိုယ်တိုင် လာရောက်ကွပ်ကဲနေတာဖြစ်တယ်လို့ သိရပါတယ်။

အရင် ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်က ပြည်ထဲရေး ဒုဝန်ကြီးဖြစ်ခဲ့ဖူးသူ ဒု ဗိုလ်ချုပ်ကြီး အောင်စိုးဟာ လက်ရှိအချိန်မှာ တိုက်ပွဲပြင်းထန်နေတဲ့ ကရင်ပြည်နယ်က တိုက်ပွဲတွေကို ကွပ်ကဲနေတဲ့ ကစထမှူး ဖြစ်နေပါပြီ။

ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုးမှာ စစ်တက္ကသိုလ် အပတ်စဉ် ၂၆ ဆင်း၊ တပ်မ ၃၃ တပ်မမှူး၊ အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ယူခဲ့သူ တဦးဖြစ်ပြီး၊ သမ္မတဦးသိန်းစိန် အစိုးရနှင့်

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ၂ရပ်လုံး၏ လက်ထက်တွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး အဖြစ် တာဝန်ယူခဲ့သူဖြစ် သည်။

အမှတ် (၄) စစ်ဆင်ရေးအထူးအဖွဲ့ အောက်မှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့ ပါဝင်ပြီး ဒီဒေသတွေအားလုံးရဲ့ အချုပ်က ဒုဗိုလ်ချုပ်ကြီး အောင်စိုးပါပဲ။ လက်ရှိ လေးကေ့ကော်၊ မဲထော်သလေး စတဲ့ ဒေသတွေမှာ တိုက်နေတဲ့ စစ်ကောင်စီတပ်တွေကို အဓိက ညွှန်ကြားပဲ့ကိုင်နေသူဖြစ်ပါတယ်။

ဒုဗိုလ်ချုပ်ကြီး အောင်စိုးဟာ ရခိုင်ပြည်နယ်မှာ ၂၀၁၆၊ ၂၀၁၇ အာဆာတိုက်ခိုက်မှု ဖြစ်စဉ်တွေတုန်းက မောင်တောထိ ကိုယ်တိုင်သွားရောက် ကိုင်တွယ်ခဲ့ဖူးပါတယ်။

သူဟာ တပ်မတော်အတွင်းမှာ နာမည်ကောင်းရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။ ပြည်ထဲရေး ဒုဝန်ကြီးရာထူးကနေ ဖယ်ရှားခံရပြီး ၂၀၁၈ ခုနှစ် ဇွန်လမှာ စစ်ရေးချုပ် ဖြစ်လာခဲ့တာပါ။

အရပ်ဖက် အစိုးရနဲ့ ဆက်ဆံရေး ပြေလည်လို့ ပြည်ထဲရေး ဒုဝန်ကြီး ရာထူးကနေ ဖယ်ရှားခံရပြီး စစ်ရုံးဘက်ကို ပြောင်းရွှေ့ခံလိုက်ရတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။​ ဒါ့အပြင် သူ့ရဲ့ စီနီယာဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကိုလည်း ပြည်ထဲရေးဝန်ကြီးရာထူးကနေ ၂၀၂၀ ဖေဖော်ဝါရီတုန်းက မင်းအောင်လှိုင်က ဖယ်ရှားခဲ့ပါသေးတယ်။