ဝီ. ရ သူ နဲ့ ပိုင်တံခွန် (သို့) သင်္ကန်းဝတ်​နဲ့ ကမ္ဘာ​​ကျော်သူ နှစ်ဦး

ဝီ ရသူ​နဲ့ ပိုင်​တံခွန်

သုံးမတ်သား ဒီမိုက​ရေစီ​ခေတ်မှာ သင်္ကန်းဝတ်​နဲ့ ကမ္ဘာ​​ကျော်သွား​တဲ့ ပုဂ္ဂိုလ်နှစ်ဦးကို သတိထားမိပါတယ်။

တစ်ဦးက ဦးဝီရသူပါ။ Time မဂ္ဂဇင်းမှာ “The Face of Buddhist Terror” (ဗုဒ္ဓဘာသာ​ အကြမ်းဖက်မှု​ရဲ့ မျက်နှာ) ဆိုပြီး မဂ္ဂဇင်းထိပ်ဆုံးမှာ မျက်နှာဖုံးရှင်​အဖြစ် ဖော်ပြ​ခံ​ခဲ့ရတာပါ။

ဗုဒ္ဓဘာသာ​ရဲ့ ​​အေးချမ်း​တဲ့ မေတ္တာတရား​တွေကို ဖြန့်ဖြူးရ​မဲ့​အစား ဘာသာခြား​တွေကို ​မုန်းတီး​တဲ့ ပူ​​ပူ​​လောင်​​လောင် အမုန်းစကား​တွေ ပြန့်ပွား​စေ​ခဲ့​တဲ့​အတွက် Time မဂ္ဂဇင်းကြီး​က ခုလို သမုတ်​ခဲ့တာပါ။

ဗုဒ္ဓဘာသာ​နဲ့ ​အကြမ်းဖက်မှုကို တွဲပြီးသုံးထားတာ​​ကြောင့် ဗုဒ္ဓဘာသာ​ရဲ့ ​​ဂုဏ်သိက္ခာကို ​တစ်နည်းတစ်ဖုံ ညှိုးနွမ်း​စေတာ​​တော့ ငြင်းမရပါဘူး။ ​

မြန်မာနိုင်​ငံက ဗုဒ္ဓဘာသာဝင်​ ရဟန်း​​တော်​တွေထဲမှာ ​မေတ္တာ မလွှမ်းမိုးဘဲ ​ဒေါသလွှမ်းမိုး​နေ​ပြီး သ​ဘောထားသေးသိမ်​တဲ့ ဘာသာရေး​ အစွန်းရောက်​တွေ ရှိ​နေတာကို ကမ္ဘာက သိသွား​ခဲ့ပါတယ်။

နောက်တစ်ယောက်က​​တော့ ပိုင်​​​​တံခွန်ပါ။ ပိုင်​​တံခွန် ရဟန်းဝတ်​နဲ့ ရိုက်ထား​တဲ့ ဓာတ်ပုံ​တစ်ပုံက ကြည်ညိုစရာ​​ကောင်းလွန်းလို့ ကမ္ဘာ​​ကျော်သွား​ခဲ့တယ်။ နိုင်​ငံတကာက သတင်းစာ​တွေမှာ သူ့​ရဲ့ သင်္ကန်းဝတ်​နဲ့ပုံကို ​​​အကျယ်တဝင့် ဖော်ပြ​ခဲ့ကြတယ်။

ပိုင်​တံခွန်​​ကြောင့် မြတ်စွာဘုရား​ရဲ့ တရား​​တော်​တွေကို လူပိုသိသွားတာမျိုး မရှိ​ပေ​မဲ့ ဗုဒ္ဓဘာသာကို ​​သွယ်ဝိုက်ပြီး ကြော်ငြာပေးလိုက်သလို ဖြစ်သွားတယ်။ ​

ကုန်ပစ္စည်း​​နဲ့ ​ဝန်​ဆောင်မှုတွေကို ​​​မော်ဒယ်​ချော​ချောလေး​တွေ​နဲ့ ​​ကြော်ငြာကြသလို သ​ဘော​နဲ့ ခပ်ဆင်ဆင်ပါပဲ။

အထူးသဖြင့် ဘာသာ​မဲ့​တွေများ​တဲ့ တရုတ်ပြည်​နဲ့ ဗီယက်​နမ်တို့မှာ သူ့ဓာတ်ပုံ​​ကြောင့် ဗုဒ္ဓဘာသာကို ပိုပြီးစိတ်ဝင်စားလာကြ​တဲ့ လူငယ်​တွေ ရှိတယ်။ ဗုဒ္ဓဘာသာ​အတွက် တစ်နည်းတစ်ဖုံ ​အကျိုးရှိပါတယ်။

ဒီလို​နဲ့ စစ်အာဏာသိမ်းပြီး​တဲ့ နောက်ပိုင်းမှာ​​တော့ ဝီရသူ ​​ထောင်ကလွတ်လာတယ်။ ပိုင်​တံခွန်က​​တော့ ​​ထောင်ချ​ခံလိုက်ရရှာတယ်။

ခုလည်း TC Candler က ထုတ်ပြန်​တဲ့ ရုပ်​အ​ချောဆုံး​ ယောကျ်ား​တွေ စာရင်းမှာ ပိုင်​တံခွန်က ​နံပါတ် (၁) ချိတ်ပါတယ်။ ဒီစာရင်းက နှစ်စဥ် နိုင်​ငံတကာက​​ စောင့်ကြည့်ရ​တဲ့ စာရင်းပါ။

ဒီစာရင်းထဲမှာ ​နံပါတ် (၁) ချိတ်တယ်ဆိုတာဟာ နိုင်​ငံ​အတွက် ဂုဏ်ယူစရာ ဘာညာဆိုတာကို ခဏထားလိုက်ပါဦး။ စီးပွားတွက်တွက်ရင်​​တောင် ​မြန်မာနိုင်​ငံ​အတွက် ​အများကြီး​အကျိုးရှိနိုင်ပါတယ်။

ပိုင်​တံခွန်ဟာ နိုင်​ငံတကာမှာ တန်းဝင်​တဲ့ ​​မော်ဒယ်တစ်ယောက် ဖြစ်သွားပြီ။ သူသာ ခုချိန် လွတ်လွတ်လပ်လပ် ရှိ​နေရင်၊

မြန်မာနိုင်​ငံသာ လွတ်လပ်​တဲ့တိုင်းပြည် ဖြစ်​နေ​ခဲ့ရင် နိုင်​ငံတကာက​နေ သူ့ကို ​​ကြော်ငြာ​တွေ ရုပ်ရှင်​တွေရိုက်ဖို့ ​​မော်ဒယ်ရှိုးလျှောက်ဖို့ ကမ်းလှမ်းမှုတွေက တန်းစီ​နေမှာပါ။

ရလိုက်မယ့် ဝင်​ငွေဆိုတာ သူ​​တောင် စိတ်ကူး မယဥ်ရဲလောက်​တဲ့ ဝင်​ငွေမျိုး ဖြစ်လိမ့်မယ်။ ​မြန်မာနိုင်​ငံက ဝင်​ငွေ​အ​​ကောင်းဆုံး သရုပ်​ဆောင်​တွေထက်ကို ​အဆ​​ပေါင်းများစွာ ဝင်​ငွေ​​ကောင်းဖို့ ​အလား​အလာရှိ​တဲ့ သူပါ။

ဒီဝင်​ငွေ​တွေဟာ ​​အများ​အားဖြင့် မြန်မာပြည်တွင်းထဲကို စီးဝင်လာမယ့် ​ငွေ​တွေပါ။ ​​​ပြီး​​တော့ ​မြန်မာနိုင်​ငံ​ရဲ့ ခရီးသွားလုပ်ငန်း တိုးတက်လာအောင်၊ နိုင်​ငံတကာက ခရီးသွားတွေ ​မြန်မာနိုင်​ငံကို ပိုပြီး စိတ်ဝင်စားလာအောင် ပိုင်​တံခွန်​ရဲ့ပုံရိပ်​နဲ့ ​​ကြော်ငြာလို့ ရပါတယ်။ ​

မြန်မာနိုင်​ငံ​အတွက် သူ့ဘက်က ပံ့ပိုးပေးနိုင်တာ​တွေ ​အများကြီးပါ။ ကျောက်စိမ်းတုံး​တွေ ထုတ်​​ရောင်းစရာ မလိုဘဲ နိုင်​ငံ​အတွက် ဝင်​ငွေ​တွေ ရှာပေးမယ့် သူပါ။

ခု​​တော့ ​အလုပ်ကြမ်း​နဲ့ ​​ထောင်​ဒဏ် ၃ နှစ်တဲ့။ လူငယ်လေးတစ်ယောက်​ရဲ့ တောက်ပလှ​တဲ့ ​အနာဂတ်တစ်​​ခုဟာ စစ်ဖိနပ်​အောက်မှာ ​ကြေမွ​ခဲ့ရပြီ။ ဒီလို​ ကြေမွ​ခဲ့ရ​တဲ့ ဘဝ​တွေ၊ ဒါ့ထက်ဆိုး​တဲ့ ​အဖြစ်​တွေလည်း မနည်းလှပါဘူး။

​အနာဂတ် လူငယ်​တွေကို​​တော့ ဒီလို ​အဖြစ်ဆိုး စနစ်ဆိုးမျိုး​နဲ့ ဝေး​စေချင်ပါတယ်။

အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါ​စေ ခင်ဗျာ။

လေးစားစွာဖြင့် 📝 ပိုးစုန်းကြူး