သိန်းထောင်ချီတန်ဖိုးရှိတဲ့ ရေဆင်အကြောင်း သိကောင်းစရာ

သိန်းထောင်ချီတန်ဖိုးရှိတဲ့ ရေဆင်အကြောင်း သိကောင်းစရာ

ဆင်သမားတစ်​ယောက် ဆင်စီးရင်း ​ချောင်းနိမ့်တစ်ခုကို ဖြတ်ရာတွင် ဒုက္ခလှလှ ​တွေ့​နေသည်။ ဆင်ကိုချွန်းနှင့် ဘယ်လိုဆွဆွ၊ ပါးစပ်မှ​အော်ပြီးဘယ်လိုလှန့်လှန့် ဆင်က ​ချောင်းကိုမဖြတ်၊ ​ချောင်းစပ်တွင်သာ ရပ်၍ တဝူးဝူး​ အော်​နေသည်။

ဘာ​ကြောင့်ပါလိမ့်? မြန်မာနိုင်ငံ အထက်ပိုင်း ကချင်ပြည်နယ်တဝိုက်နှင့် ထိုင်းနိုင်ငံအတွင်း သစ်​တောနယ်​မြေ တချို့တဝက်တွင် ဆင်သမားများ (ဆင်စခန်းတွင် အလုပ်လုပ်ကိုင်သူများ၊ ဆင်ဦးစီးများ) အကြား အ​ပြောများတဲ့ ဒဏ္ဍာရီဆန်ဆန် သတ္တဝါတစ်​မျိုး ရှိပါတယ်။

ထိုသတ္တဝါဟာ ကြီးကြီးမားမား အ​ကောင်မျိုး မဟုတ်တဲ့အပြင် အသွင်သဏ္ဍာန်မှာ ချစ်စရာပင် ​ကောင်း​ပါသေးတယ်။ ဒါ​ပေမဲ့လျှော့တွက်လို့ မရပါ။ ပါးစပ်ရာဇဝင်​တွေအရ ဒီအ​ကောင်​ကြောင့် လူ​သေမှုများ ရှိခဲ့တဲ့အပြင် ဆင်တစ်​ကောင်လုံးကိုပါ တုန်းခနဲ လဲသွား​စေနိုင်​လောက်​အောင် အဆိပ်ပြင်းပါတယ်တဲ့။

အထူးဆန်းဆုံးအချက်က သူတို့ဟာ ကုန်းသတ္တဝါ​တွေထဲမှာ အကြီးဆုံးဖြစ်တဲ့ ဆင်​တွေနဲ့ တထေရာတည်း တူပြီး လက်တဆုပ်သာသာအရွယ်အစားပဲ ရှိပါတယ်။

ဟုတ်ပါတယ်၊ သူတို့က​တော့ အများက ​ရေဆင်လို့ သိကြတဲ့ ချစ်စရာ ဒဏ္ဍာရီဆန်ဆန် သတ္တဝါ​လေး​တွေပဲ ဖြစ်ပါတယ်။ ​

ရေဆင်ကို ကိုယ်တိုင်​တွေ့မြင်ခဲ့ရတယ်ဆိုတဲ့ မျက်မြင်သက်​သေ​တွေရဲ့ အချက်အလက်​တွေကို ကြည့်ရ​အောင်။

၁၉၇၀၊ သြဂုတ်လ ၁၃ ရက်၊ လုပ်သားပြည်သူ့​နေ့စဥ် သတင်းစာမှာ ​ရေဆင်နှစ်​ကောင် ဖမ်းမိတဲ့ သတင်း ပါလာခဲ့ပါတယ်။

သံတွဲမြို့မှာ​နေတဲ့ တိကုဆရာဝန် ဦးဘမြိုင်ဟာ​ ပေါက်​တောမြို့၊ ဘရွန်ဂါကျွန်းအုပ်စုထဲမှာ ပါတဲ့ ဆံ​တော်ရှင်ကျွန်း​တောင်ဘက်ကမ်းမှာ ​ရေဆင်အမတစ်​ကောင်၊​ တောင်ကုတ်မြို့၊ မဒင်ကျွန်း၊ င​ဆောက်​ကျေးရွာ အ​နောက်ဘက်မှာ​ ရေဆင်အထီးတစ်​ကောင် ဖမ်းမိခဲ့တယ်ဆိုတဲ့ သတင်းပါ။

နောက်တစ်ခုက ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တာရာကိုယ်တိုင် ပျဥ်းမနား​၊ တောင်တွင်းကြီးနယ်၊ ပဲခူးရိုးမအ​နောက်ဘက် သစ်​တောအတွင်း ​ကျောက်​ရေအိုင်တစ်ခုမှ ​ရေဆင်အရှင် တစ်​ကောင် ဖမ်းမိခဲ့တယ်ဆိုတဲ့ သတင်းလည်း ထွက်ခဲ့ပါ​သေးတယ်။

ဒါ့အပြင် ​ရေဆင်ကို မြင်တယ်၊ဖမ်းမိတယ်ဆိုတဲ့ သတင်း​တွေကလည်း စိတ်ဝင်စားသူ​တွေရဲ့ နားမှာ ကွက်စိပ်ကြား​နေရပါတယ်။

ကျွန်​တော် စာ​ရေးသူ ကိုယ်တိုင် ​ရေဆင်ဖမ်းမိခဲ့တဲ့ အမည်မ​ဖော်လိုသူ တစ်​ယောက်ဆီက ​မေးမြန်းရရှိတဲ့ အချက်အလက်​တွေကို တင်ပြပါမယ်။

သူဟာ မြန်မာပြည်အနှံ့ ခရီးသွားလာတတ်သူ ဖြစ်ပြီး ဆင်စခန်း တချို့နှင့်လည်း အဆက်အသွယ် ရှိဖူးသူ ဖြစ်ပါတယ်။

သူ​ပြောပြတဲ့ စကားအရ ကချင်ပြည်နယ်ဘက်မှာ ​ရေဆင်အထီးနှင့် အမ အရှင်နှစ်​ကောင် ဖမ်းမိခဲ့ပြီး၊ ကန်ထဲထည့်ထားရာက နှစ်ရက်၊ သုံးရက်​နေ​တော့ ​သေသွားတယ်လို့ ဆိုပါတယ်။

​ရေဆင်အထီးမှာ မီးခြစ်ဆံ​ချောင်းခန့်အစွယ်ရှိပြီး အထက်​အောက် အံသွားပါပါတယ်။ ဆင်ထီးကဲ့သို့ အင်္ဂါလည်း ပါတယ်လို့ ဆိုပါတယ်။ ​

ရေဆင် အမက​တော့ အစွယ်မပါ​ပေမဲ့ အထက်​အောက် အံသွား​တွေ ပါပါတယ်။ အ​ရောင်မွဲ​ခြောက်​ခြောက် ရှိပြီး ဆင်မအင်္ဂါ ပါတယ်လို့ ဆိုပါတယ်။

တစ်ခုရှိတာက ​ရေဆင်ရဲ့​ခြေ​ထောက်​တွေက ဆင်​ခြေ​ထောက်နဲ့ မတူဘဲ ခြေ​ချောင်းငယ်​လေး​တွေ ပါပြီး ကြွက်​ခြေ​ထောက်နဲ့ တူပါတယ်။

​ရေဆင်ကို ဖမ်းတဲ့အခါ ငှက်​ပျောတုံးကိုဆင်ချီးသုတ်ပြီး ​ရေဆင်ရှိမယ် ထင်တဲ့​ နေရာမှာ ချလိုက်ရင် ​ရေဆင်က အစွယ်နဲ့​ ပြေးထိုးပြီးငှက်ပျောတုံးမှာ စိုက်ပါလာတယ်လို့ ဆိုပါတယ်။ ​ရေဆင်​တွေ ဆင်ကို ဘယ်​လောက်မုန်းလဲဆိုတာ သိသာပါတယ်။

ဒါ့အပြင် အဲ့ဒီလူရဲ့စမ်းသပ်ပြချက်အရ ​ရေဆင်အ​သေ​ခြောက်ကို ဆင်​တွေ နားယူသွားတဲ့အခါ ဆင်ဟာ ​နောက်ကို တအားဆုတ်ပါ​တော့တယ်။

ဆင်​တွေက ​ရေဆင်ကို တအား​ ကြောက်ပါတယ်။ တချို့ ဆင်ဦးစီး​တွေဆို ​ရေဆင်အစွယ်ကို ဆွဲကြိုးလုပ်ပြီး ဝတ်ထားရင် ဘယ်ဆင်မဆို အဲ့ဆင်ဦးစီးကို​ ကြောက်ကြပါတယ်။ ခိုင်းသမျှ လုပ်​ပေးတတ်ပါတယ်။

​ရေဆင်အစွယ်ဟာ တန်ဖိုးအရမ်းကြီးပြီး ထိုင်းက လူဆိုးဂိုဏ်း​ ခေါင်း​ဆောင်တချို့ဟာ ​ရေဆင်စွယ်ကို အန္တရာယ်ကင်း အ​ဆောင်အဖြစ်​ ဆောင်ထားတတ်ကြတယ်လို့ သိရပါတယ်။

ဟုတ်ပါပြီ။ ဒါက​တော့​ ရေဆင်အ​ကြောင်း အ​ပေါ်ယံ အမြင်​တွေပါ။ အခု​​ရေဆင်ကို ရှု​ထောင့်တစ်ခုက​နေ​ ကြည့်ရ​အောင် လက်တစ်ဆုပ်သာသာရှိတဲ့ အရွယ်​ရောက်ပြီးသားဆင်ဆိုတာ ​တွေးကြည့်ရင်​ တော်​တော် အံ့သြဖို့​ ကောင်းပါတယ်။

ဒါ့အပြင်​ ရေမှာ ပါ​နေတယ်ဆို​တော့ ပိုပြီး စိတ်ဝင်စားဖို့​ ကောင်း ​နေပြီ​ပေါ့။ အခု ကျွန်​တော်တို့ ဒဏ္ဍာရီ​တွေ ခဏ​မေ့ထားပြီး ရိုးရိုး​လေး စဥ်းစားကြည့်ရ​အောင်။

​ရေဆင်ကို ပုံသဏ္ဍာန်အရ ကြည့်မယ်ဆို အ​မွှေး​တွေ ပါဝင်ပြီး ကြွက်လို၊ ဆင်လို ပုံရှိတာ​ကြောင့် ​​သွေး​နွေးသတ္တဝါ၊ နို့တိုက်သတ္တဝါ အဖြစ်သတ်မှတ်လို့ ရပါတယ်။ အုပ်စုဖွဲ့​နေတတ်တဲ့ အကျင့်ရှိပါတယ်။ ​ ရေညှိ​ရေ​မှော်​တွေ စားပါတယ်။

Charle Darwin ရဲ့ ဆင့်ကဲ​ပြောင်းလဲမှု သီအိုရီကို​ ထောက်ပြီး​ ပြောပါမယ်။ ​ရေမှာ အကြာကြီး နေနိုင်တဲ့ကြွက်​တွေကို မြင်ဖူးကြပါသလား။ တချို့ ကြွက်မျိုးစိတ်​တွေဟာ ​ရေမှာအကြာကြီး ငုပ်​နိုင်ကြပါတယ်။

အရမ်း​အေးတဲ့​ ဒေသ​တွေက ခဲ​နေတဲ့​ရေခဲကန် မျက်နှာပြင်​တွေ​အောက်က ​ရေခဲ​ရေ​တွေထဲမှာ အကြာကြီး ငုပ်လျှိုးသွားလာနိုင်တဲ့ ကြွက်မျိုးစိတ်​တွေ​တောင် ရှိပါ​သေးတယ်။

ဒီကြွက်​တွေက ​ရေကန်​တွေ၊ အိုင်​တွေနားမှာ ​နေကြပြီး ရေကန်ထဲက ပိုးမွှား​လေး​တွေ၊ ပုစဥ်းသား​လောင်း​တွေ၊ အပင်​တွေနဲ့ ငါး​သေး​သေး​လေး​တွေကို ဖမ်းဆီးစား​သောက်ကြပါတယ်။

သူတို့အတွက် အစာအရင်းအမြစ်ဟာ ကုန်းမှာထက်​ ရေမှာ ပိုများ​နေတာ​ကြောင့် တစ်​ကြောင်း၊ သူတို့ကို အန္တရာယ်ပြုမယ့် သတ္တဝါ​တွေဟာ ​ရေထဲမှာ အလွန်နည်းတာ​ကြောင့် တစ်​ကြောင်း​ကြောင့် ကုန်းက​နေ ​ရေကို တဖြည်းဖြည်း​ ပြောင်းလာကြပါတယ်။

ဒီလိုနဲ့ အ​လေ့အကျင့်​တွေ၊ စား​သောက်​နေထိုင်မှု စရိုက်​တွေ တဖြည်းဖြည်း လိုက်​ပြောင်းလာပြီး ​ရေမှာ​နေနိုင်တဲ့ မျိုးစိတ်အဖြစ် ဆင့်ကဲ​ ပြောင်းလဲလာကြပါတယ်။

ကြွက်က​နေ​ ရေဆင်ပုံကို ဘယ်လိုဆင့်ကဲ​ပြောင်းလဲမလဲ ကြွက်ဟာ ​ရေမှာ အ​နေများတဲ့အခါ ​ရေမျက်နှာပြင်ကိုတက်ပြီး ခဏခဏ အသက်ရှူရပါတယ်။

ဒီအတွက် သူတို့နှာတံဟာ ပိုပြီးအဆင်​ပြေ​​ပြေ အသက်ရှူနိုင်ဖို့၊ ​ရေမျက်နှာပြင် အထက်ထိ မတက်ပဲ အသက်ရှူနိုင်ဖို့အတွက် ရှည်ထွက်လာပြီး ဆင်နှာ​မောင်းတစ်ခုအသွင် ဆင့်ကဲ ပြောင်းလဲလာတာ ဖြစ်ပါလိမ့်မယ်။

ဒါ့အပြင် နှာ​မောင်းထွက်ရခြင်းရည်ရွယ်ချက်မှာ ​ရေညှိ​ရေ​မှော်ပင်​တွေကို လွယ်ကူစွာ နှုတ်ယူစား​သောက်နိုင်ဖို့နဲ့ အခြား​သောရည်ရွယ်ချက်​တွေ ရှိပါလိမ့်ဦးမယ်။

ကမ်းပါးနံရံမှာ တွင်း​တွေတူးဖို့၊ ​ရေညှိ​ရေ​မှော်​တွေ ထိုး​ကော်စားဖို့ ကုန်း​ပေါ်မှာထက်​ ရေမှာက သွား၊ အစွယ်ကိုအသုံးချရမှု များတာ​ကြောင့် အစွယ်ဟာ သာမာန်ထက် ရှည်ထွက်လာမယ်။

ဒါ့အပြင် ပြင်ပအန္တရာယ်​တွေကို ကာကွယ်ဖို့ အစွယ်​တွေ ရှိထားရပါလိမ့်မယ်။ ​အမ​တွေက​တော့ မျိုးပွားဖို့ကို ပိုအားစိုက်ရတဲ့အတွက် တိုက်ဖို့ ခိုက်ဖို့၊ အစာရှာဖို့ဆိုတာသူတို့အဖို့ ပဓါနမဟုတ်တာ​ကြောင့် အစွယ်မရှိတာဖြစ်ပါလိမ့်မယ်။

ကြီးမားကျယ်ပြန့်တဲ့ နားရွက်​တွေက ​ရေကူးဖို့ လွယ်​အောင် ဆင့်ကဲ​ပြောင်းလဲလာမယ်။ ​ခြေ​ချောင်း​လေး​တွေကြား အဆက်က​လေး​တွေဖြစ်လာပြီး ​ရေကူးဖို့ အသုံးဝင်လာမယ်။ အတွင်းပိုင်းက အဆုတ်ရဲ့ ​လေဝင်နိုင်စွမ်း​ ကောင်းလာမယ်။

တခြား​ ပြောင်းလဲမှု​တွေလည်း ရှိမယ်။ ဒါက ကြွက်တစ်​ကောင် ​ရေဆင်ပုံစံ ဘယ်လို​ ပြောင်းလာနိုင်သလဲဆိုတဲ့ ဖြစ်နိုင်​ချေ​တွေ​ပေါ့။

ဒါက​တော့ ​ရေဆင်အ​ပေါ် ကျွန်​တော့်အမြင်သက်သက်ပါ။ ဒဏ္ဍာရီ​တွေ ဘာ​တွေညာ​တွေ မပါပဲနဲ့​ပေါ့။ ဘာ​ကြောင့်​ ရေဆင်​တွေက ဆင်​တွေကိုရန်လိုလဲ။

ဆင်​တွေက​ ရေဆင်​တွေကို ဘာလို့​ကြောက်လဲဆိုတဲ့ ​မေးခွန်း​တွေနဲ့​ ရေဆင်စွယ်က အဆိပ်​အ​ကြောင်းက​တော့ ဆက်စဥ်းစားဖို့ ပြသနာ​တွေ​ပေါ့ဗျာ။

ကဲပါ အခု​ ဖော်ပြခဲ့တာ​တွေက​တော့ ​ရေဆင်အ​ကြောင်းကို ထုံးစံအတိုင်း ယူဆချက်​လေး​တွေ၊ ဖြစ်နိုင်​ချေ​လေး​တွေ ညှပ်ပြီး​ ဖော်ပြခဲ့တာပါ။ ​အထူးကျေးဇူးတင်ပါတယ်။

📝 Phoe Kyal