မြန်မာပြည်သူတွေအနေဖြင့် အာဏာသိမ်းစစ်တပ်ကို အမြစ်ဖြတ်နိုင်မလား

အဆိုပါ ခေါင်းစဉ်ဖြင့် ဒက္ကားမြို့ ထုတ် ဒေလီစတား သတင်းစာမှ ဆောင်းပါးရှင် Tasneem Tayeb ၏ “Can Myanmar Unite to Stop the Tatmadaw? အား စထရိတ်တိုင်း သတင်းစာမှ တဆင့် ပြန်လည် ဖေါ်ပြ ခဲ့သည်ကို ကောက်နှုတ်တင်ပြသည်။

မြန်မာပြည်သူများ အားလုံး ညီညွတ်စွာ အတူတကွ ရပ်တည်နိုင်မှသာ စစ်အာဏာသိမ်းအဖွဲ့ကို တွန်းလှန်နိုင်ပြီး လက်ရှိတွင်ဖြစ်နေသော သရဲမရဲစီးကာ သတ်ဖြတ်နေမှုများကို အဆုံးသတ် ပေးနိုင်မည် ဖြစ်သည်။

ယခုနှစ် ဇူလိုင်လ အတွင်း စစ်တပ်သည် ကနီ မြို့နယ်အတွင်း ရှိ ၎င်းတို့အား ဆန့်ကျင်တိုက်ခိုက်နေသော အင်အားစုများကို လက်စားချေ သည့် အနေဖြင့် သတ်ဖြတ်မှုများ ကျူးလွန်လာခဲ့ကြသည်။

အဆိုပါ ဒေသတွင် PDF တပ်များ၏ တိုက်ခိုက်ခဲ့မှုများ ခံလာရသည့် အတွက် စစ်တပ် က ကနီ မြို့နယ်အတွင်းရှိ ကျေးရွာ လေးရွာ ဖြစ်သော ယင်၊ ဇီးပင်ကွင်း၊ တောင်ဘောက် နှင့် ရှစ်ခိုးတက် သို့ ဝင်ရောက်လာပြီး တအိမ် တက်ဆင်း ရှိသမျှ လူများ ကို ဆွဲချကာ သေနတ်ဒင်၊ အုတ်ခဲကျိုးများ ဖြင့် ရိုက်နှက်ပြီး မသေမရှင် ဖြစ်နေသူများ ပါ မကျန် အကုန် မြေမြှုပ် အစဖျောက်ခဲ့ကြသည်။

နောက်ပိုင်းတွင် ကျေးရွာ လေးရွာမှ အလောင်း လေးဆယ်ခန့်ကို ပြန်လည် တူးဖေါ်နိုင်ခဲ့ကြသည်။ ထိုအထဲတွင် ဇီးပင်တွင် ကြိုးနှင့် တုတ်ပြီး နာရီပေါင်းများစွာ ကြာအောင် ရိုက်နှက် နှိပ်စက်ခံထားရသည့် ဒဏ်ရာဗရပွ နှင့် အသက် ၆၀ လူကြီး တဦး၏ ရုပ်အလောင်းလည်း ပါဝင်နေသည်။ ထိုလူကြီး၏ အသက်မဲ့နေသော ခန္ဓာကိုယ် ပေါ်မှ ပြန်၍ ရေးသားရန်ပင် မသင့်တော်သော နှိပ်စက်ညှင်းပမ်းမှုမျိုး ကို သူ၏ အသက်ရှင်ခဲ့သည့် နောက်ဆုံး နာရီပိုင်း အတွင်း ခံစားသွားရသည်မှာ သေချာနေပေသည်။

ထိုသို့ သတ်ဖြတ်မှုကြီး ကျူးလွန်ခဲ့ကြသည့် စစ်သားများသည် အသက် ၁၇-၁၈ ပတ်ဝန်းကျင်သာ ရှိသေးသည် ဟု သိရသည်။ ဤအဖြစ်ကြီးအပေါ် စစ်ကောင်စီမှ ဇော်မင်းထွန်းပင် ငြင်းဆိုနိုင်စွမ်း မရှိတော့ဘဲ “မိမိတို့အား ရန်သူလို ဆက်ဆံလာသည့် အတွက် ကိုယ့်ကိုယ်ကိုယ် ခုခံ ပိုင်ခွင့်ရှိသည်” ဟု ဆိုသည်။ (ဇော်မင်းထွန်း၏ ခုခံ ပိုင်ခွင့် ဆိုသည်က လူများကို ကြိုးနှင့် တုတ်ပြီး မြေမြှုပ်သတ်ပြစ်ခြင်းမျိုးကို ဆိုလိုပုံရသည်။ )

၎င်း၏ အပြောကို ကြည့်ရုံဖြင့် နိုင်ငံ၏ ရှေ့လျှောက် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးများ အတွက်က ရင်လေးဖွယ် နမိတ်ဆိုးများ ကျရောက်လာတော့မည် ဆိုသည်ကို ပြဆိုနေခြင်းပင် ဖြစ်သည်။

ဒီဇင်ဘာ ၂၂ ရက်နေ့မှစ၍ ကရင် ပြည်နယ် မြဝတီ အနီးရှိ လေးကေ့ကော် မြို့သစ်အား လေကြောင်းမှ စတင် တိုက်ခိုက်လာကြသည်။ ယခုအခါ ယခင်ကကဲ့သို့ လက်နက်ကြီးများ ဖြင့် ပစ်ခတ်ခြင်းမျိုး မဟုတ်တော့ဘဲ လူနေမြို့ရွာများကို ဗုံးကြဲတိုက်ခိုက်လာသည်အထိ အဆင့်တိုးမြှင့်လာခဲ့ခြင်းလည်း ဖြစ်သည်။ လူတသောင်း ကျော်ခန့် ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ကြပြီး ထိုအထဲမှ ထက်ဝက်ခန့်သည် သောင်ရင်းမြစ်ကို ဖြတ်ကူးကာ ထိုင်းနိုင်ငံအတွင်း ပြေးဝင်လာခဲ့ကြရသည်။

SAVE THE CHILDREN မှ ကယားပြည်နယ် အတွင်း ၎င်းတို့၏ လုပ်ငန်းများကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်ဟု ဆိုသည်။

၎င်းတို့ အာဏာသိမ်းပြီးချိန်မှစ၍ ကန့်ကွက် ဆန္ဒပြသူပေါင်း ၁,၃၀၀ ကျော် အသတ်ခံခဲ့ရပြီး ဖြစ်သည်။ ထိုအထဲတွင် မရည်တွက် နိုင်သော လူမမယ် ကလေးသူငယ်များ ပါဝင်ခဲ့ပြန်သည်။

SAVE THE CHILDREN မှ ပြုစုထားသော စာရင်းဇယားများ အရ အနည်းဆုံး ၄၃ ဦး ခန့် ရှိသည်ဟု သိရသည်။ စစ်တပ်သည် လက်လှမ်း မီသမျှ သတ်ဖြတ်ရုံမျှပင် အားမရသေး၊ ဒဏ်ရာရရှိသွားသူများ ဆေးကုသ မခံနိုင်အောင် ဆေးရုံ ဆေးခန်းများ ကိုလည်း ပိတ်ဆို့ စစ်ဆေးခဲ့ကြသည်။ နောက်ပိုင်း တွင် အပြီးအပိုင် တပ်စွဲထားခဲ့ကြသည်။

၎င်းတို့၏ လုပ်ရပ်များကို နိုင်ငံတကာ အသိုက်အဝန်း မှ ရှုတ်ချလာခဲ့ကြပြီး အမေရိကန် အပါအဝင် နိုင်ငံ အချို့ က ဒဏ်ခတ် ပိတ်ဆို့မှုများ ပြုလုပ်လာခဲ့သော်လည်း နည်းနည်း နှင့် ကျဲကျဲ ဝိုင်းသည် ဆိုရုံမျှသာ ဖြစ်သဖြင့် နောက်ကျ သွားခဲ့ရပြီ ဖြစ်သည်။

မြန်မာပြည်သူတို့အား ၁၉၆၂ နောက်ပိုင်းမှ စ၍ တပ်မတော်ဟု ခေါ်သော စစ်တပ်သည် တောက်လျှောက် အနိုင် ကျင့် ဗိုလ်ကျခဲ့သော်လည်း လက်ရှိနည်းလမ်းများထက် ပို၍ နိုင်ငံတကာမှ အရေးယူ ခဲ့ခြင်းမျိုး မရှိပေ။ ၎င်းတို့ အဖို့က ကြွယ်ဝသည်ထက် ကြွယ်ဝ ချမ်းသာလာခဲ့ကြသည်။

ရိုဟင်ဂျာ လူနည်းစုများ အပေါ် နှိပ်ကွပ်ခဲ့မှုများကို လူများစုက မည်သို့မျှ ဟန့်တားခြင်း မရှိခဲ့သဖြင့် စစ်တပ်သည် တန်ခိုး ထွားသထက် ထွားလာခဲ့ရပြန်ပြီး နိုင်ငံတွင်း စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်လာပြန်ရာ စစ်တပ်အဖို့ အကြိုက် တွေ့လာရသည်နှင့် အမျှ နိုင်ငံသားများ၏ အခြေခံ အခွင့် အရေး များ ကို ချိုးဖျက် နင်းခြေလာနိုင်သည့် အနေ အထားများ ဖန်တီးပေးသလို ဖြစ်ခဲ့ရသည်။

ယခုအခါ တပ်မတော် ဆိုသည်တိုင်းမှာ လူသားစား ပေါရိသာဒ အဖြစ် ကူးပြောင်းလာပြီး ထိုမကောင်း ဆိုးဝါး ကြီးအား နိုင်ငံတကာ၏ လုပ်မြဲ ပိတ်ဆို့ ဒဏ်ခတ်မှုများ၊ အခြား နည်းပေါင်းစုံဖြင့် ခြိမ်းခြောက် ပြောဆိုနည်းများ ဖြင့် ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ ထိုမကောင်းဆိုးဝါးကြီးအား ဟန့်တား နိုင်မည့် တခုတည်းသော နည်းလမ်း သည်ကား ပြည်တွင်း မှ ညီညွတ်စွာ ဖြင့် ခုခံ ကာကွယ် သွားဖို့သာ ရှိပေတော့သည်။

နိုင်ငံတွင်း ရှိ လူများစု နှင့် လူနည်းစုဝင်များ အားလုံး ဘာသာ အယူဝါဒ၊ လူမျိုးရေး စိတ်ဓါတ် ဘေးချိတ်ကာ အတူ စည်းလုံးကြမှသာ မကောင်းဆိုးဝါးကြီး ကျူးလွန်နေသော ရာဇဝတ်မှုများကို ခုခံ ဆန့်ကျင်နိုင်မည်သာမက စိတ်ထင်တိုင်း သတ်ဖြတ်နေမှုများကို အဆုံးသတ် ပေးနိုင်မည်လည်း ဖြစ်သည်။

မြန်မာ လူထု သည် နိုင်ငံအကျိုး အနာဂတ် မျိုးဆက်များ၏ အကျိုးအတွက် ထိုသို့ သော အနေအထား မျိုး ဖြင့် စည်းလုံးနိုင်ကြပါ့မလားဟူသော မေးခွန်းသာ မေးရန် ကျန်ပေတော့သည်။

နောက်ထပ် ရရှိသော သတင်းများအရ နိုင်ငံတော် အတိုင်ပင်ခံ အပေါ် စွဲဆိုထားသော များပြားလှသည့် အမှုများ အနက်မှ နှစ်မှု အပေါ် စီရင်ချက် ချရမည့် အရေးအား ဇန်နဝါရီ ၁၀ ရက်အထိ ရွှေ့ဆိုင်းလိုက်သည်ဟု သိရသည်။

ဤသည်ကလည်း တရုတ်အနေဖြင့် သံတမန်ရေးအရ အပြည့်အဝ ထောက်ခံ မှု ရလိုလျှင် ယခု အတိုင်းတော့ မဖြစ် Something must give in return သဘော ဖိအားပေးနေပုံရ၍ ဖြစ်မည်။ မည်သို့မည်ပုံ ပြန်လုပ်ပေးရမည်ကိုလည်း စဉ်းစား၍ မရ ဖြစ်နေသည်၊ လက်ရှိ အနေအထားက ယိမ်းယိုင်နေသရွေ့ စစ်ကောင်စီ သည် မည်သို့မျှ အလျော့ပေး၍ မရ ဟု စဉ်းစားထားဟန် ရှိနေသည်။

မင်းအောင်လှိုင်ကတော့ သူ၏ ညွှန်ကြားမှု ဖြင့် လက်အောက်ခံ တပ်များက လေကြောင်းမှ ၎င်း၊ လက်နက် ကြီးများဖြင့်၎င်း၊ ကရင်တိုင်းရင်းသားများ အား သတ်ဖြတ်နေသည့် အချိန်တွင် သူသည် လူအများ ကြားတွင် လူလုံး ပြနေနိုင်သည့် အဖြစ်ကိုလည်း အံ့ဩမဆုံး မြင်တွေ့နေရပေသည်။

ကုလ အတွင်းရေးမှုးချုပ် ၏ အထူး သံတမန် အသစ် ဖြစ်သူ နိုလင်း ဟေဇာမှ နိုင်ငံ အတွင်း အကြမ်းဖက်မှုများ အရှိန် မြှင့်လာနေမှုကို “လွန်စွာ စိုးရိမ်ပူပန် မိကြောင်း” ပြောဆိုလိုက်ပြီး နှစ်သစ်ကူး နေ့ တွင် နှစ်ဖက်စလုံး အပစ် ရပ်စဲကြပါရန် ပန်ကြားလိုက်သည်။

လက်ရှိ အနေအထားတွင်တော့ နိုလင်း ဟေဇာ၏ အပြောသည် မြန်မာပြည်သူများအတွက် မည်သည့် မျှော်လင့်ချက်မျှ ထွက်မလာပဲ ပြဿနာ အတွက် နှစ်ဖက်တာဝန် ရှိနေသည့် ပုံစံ ပြောဆိုလာသည့် အဆင့်တွင်ပင် ရှိပေသေးသည်။ သို့သော် ကုလနှင့် ပတ်သက်၍ မြန်မာပြည်သူများက ပေလျကံ ပြုထားကြပြီး ဖြစ်သည်။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!

Hla Soewai